NUG နှင့် အာဆီယံဥက္ကဋ္ဌတို့ တွေ့ဆုံဆွေးနွေးမှုနှင့်ပတ်သက်ပြီး NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်အား ဆက်သွယ်မေးမြန်းချက်။
မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ဒဏ်ကြောင့် လူသားချင်းစာနာမှု အကူအညီပေးရန်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်က အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် စစ်ကောင်စီကို ပြီးခဲ့သည်ရက်ပိုင်းအတွင်း သီးခြားစီ တွေ့ဆုံခဲ့ပါသည်။
ဧပြီလ ၁၈ ရက်နေ့က ပြုလုပ်ခဲ့သည့် NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် အာဆီယံအလှည့်ကျ ဥက္ကဌ မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်မ်တို့ အွန်လိုင်းကတွေ့ဆုံမှုသည် စစ်အာဏာသိမ်း ၄ နှစ်တာကာလအတွင်း ပထမဆုံး တရားဝင်တွေ့ဆုံမှုလည်း ဖြစ်လာသည်။
ထိုသို့ တွေ့ဆုံမှုမတိုင်ခင် တစ်ရက်ဖြစ်သည့် ဧပြီ ၁၇ ရက်နေ့တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌက အာဆီယံ အသိုင်းအဝိုင်းထဲကနေ ဖယ်ကျဉ်ထားသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ခေါ်ယူတွေ့ဆုံခဲ့သေးသည်။
ယခုလိုမျိုး NUG နှင့် အာဆီယံဥက္ကဌတို့ တွေ့ဆုံမှုက ဘာသဘောကိုဆောင်ပါလဲ။ တွေ့ဆုံမှုအတွင်း ဘာတွေဆွေးနွေးခဲ့ကြပါလဲ။ မြန်မာ့နိုင်ငံရေးအတွက် အပြုသဘောဆောင်သည့်တွေ့ဆုံမှု ဖြစ်လာနိုင်ပါလား။ ဒီအခြေအနေများနှင့် ပတ်သက်ပြီး NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်ကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ အာဆီယံဥက္ကဌနဲ့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ တွေ့ဆုံမှုမှာ စစ်ဘေး၊ ငလျင်ဘေးဆိုင်ရာ လူသားချင်းစာနာမှုအကူညီပေးရေးနဲ့ပတ်သက်ပြီး NUG ဘက်က ဘာတွေ ဆွေးနွေးတင်ပြခဲ့တာရှိပါလဲ။
ဖြေ။ ။ အဓိက နိုင်ငံတကာရဲ့အကူအညီတွေပေါ့။ လူသားချင်းစာနာထောက်ထားရေး အကူအညီတွေ တကယ်ထိခိုက်ခံစားနေရတဲ့ပြည်သူတွေ လက်ထဲကိုရောက်ဖို့ကိစ္စပေါ့။ အဲဒါကို အဓိက ဆွေးနွေးခဲ့တယ်။ အကြမ်းဖက်စစ်ခေါင်းဆောင်နဲ့ ကျွန်တော်တို့ ထိတွေ့ဆက်ဆံနေရုံနဲ့မပြီးဘူး။ နယ်မြေစိုးမိုးမှုလည်းရှိနေတဲ့ NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ပါ ထိတွေ့ဖို့လိုတယ်ဆိုတဲ့ ကိစ္စတွေနဲ့ဆက်စပ်ပြီး ဆွေးနွေးခဲ့တာ ရှိပါတယ်။ လက်ရှိလည်း တွေ့နေရတာပဲလေ။
နေပြည်တော်မှာဆိုရင် နိုင်ငံတကာရဲ့အကူအညီတွေကလည်း ထိထိမိမိမဝင်နိုင်ဘဲ ဒီအတိုင်းပဲ ကွင်းထဲမှာ ပစ်စလက်ခတ် အမိုးအကာမရှိ ပုံထားကြတဲ့ဓာတ်ပုံတွေလည်း တွေ့ရတာဖြစ်တယ်။ မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ စစ်တပ်က တကယ်တမ်းကြတော့ တိုင်းပြည် အရေးကြုံလာတဲ့အခါမှာ စနစ်တကျစီမံနိုင်တဲ့ စွမ်းအင်နဲ့ စေတနာ သူ့ဆီမှာ ရှိမနေဘူး။ ရှိမနေတဲ့အတွက်ကြောင့် အကြမ်းဖက်စစ်အုပ်စုလက်ထဲကိုသာ အကူအညီတွေ ပုံအပ်လိုက်မယ်ဆိုရင် တကယ်ထိခိုက်နစ်နာတဲ့ ပြည်သူတွေဆီကို ရောက်ရှိဖို့ အင်မတန်မှ ခက်ခဲနိုင်မယ်ဆိုတာ လက်တွေ့မြင်နေရမှာဖြစ်တယ်။
မေး။ ။ အာဏာသိမ်းမှု လေးနှစ်ကျော်အတွင်း ငလျင်အကြောင်းပြုလို့ အခုလိုအာဆီယံဘက်က NUG အစိုးရကို တရားဝင်တွေ့ဆုံမှုအပေါ် မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့ အပြောင်းအလဲတရပ်ဖြစ်မလား၊ ဘယ်လို မြင်ပါလဲ။
ဖြေ။ ။ ယခင်ကလည်း အာဆီယံနိုင်ငံတွေနဲ့ တွေ့ဆုံတာတွေရှိတယ်။ ဒါပေမယ့်လည်း အခုလိုမျိုး တရားဝင် ထုတ်ပြန်တာမရှိခဲ့ဘူး။ အာဆီယံဥက္ကဌအနေနဲ့ အာဆီယံကို ကိုယ်စားပြုပြီး တွေ့ဆုံတဲ့ကိစ္စ ဒါကို တရားဝင် သတင်းထုတ်ပြန်တဲ့ကိစ္စကတော့ ပထမဆုံးအကြိမ်လို့ ပြောလို့ရတယ်။
ပြီးတော့ ဝန်ကြီးချုပ်အချင်းချင်း မြန်မာနိုင်ငံရဲ့ အမျိုးသားညီညွတ်ရေးဝန်ကြီးချုပ်နဲ့ ဝန်ကြီးချုပ်အဆင့်ချင်း တွေ့ကြတဲ့ အခြေအနေမျိုးလည်း ဖြစ်ပါတယ်။ ဒါကတော့ ဒီထက်ပိုတဲ့တွေ့ဆုံမှုအပြင် ကျွန်တော်တို့ ဒီထက်ပိုတဲ့ တွေ့ဆုံမှုတွေပါ ဆက်ပြီးတွေ့ဆုံကြပြီးတော့ မြန်မာနိုင်ငံရဲ့ ပြည်သူလူထုအတွက် ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ဖြစ်လာဖို့အတွက် လုပ်ကိုင်ဆောင်ရွက်သွားကြဖို့ လမ်းစမှုအနေနဲ့ ဒီဟာက အစမှတ်တစ်ခုလို့ ပြောလို့ရပါတယ်။
မေး။ ။ အာဆီယံဥက္ကဌက NUG နဲ့ စစ်ကောင်စီတို့ကို သီးခြားတွေ့ဆုံမှုအတွင်း နှစ်ဘက်အဖွဲ့ကနေ အပစ်ရပ် သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့တယ်ဆိုပြီး သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြောထားတာတွေ့ရတယ်။ ဒါနဲ့ပတ်သက်ပြီး NUG ဘက်က ဘယ်လိုမျိုးဆွေးနွေးသဘောတူခဲ့တာရှိလဲ။
ဖြေ။ ။ လက်ရှိ ကျွန်တော်တို့က ထိုးစစ်ကို ရပ်တန့်ထားတဲ့ အခြေအနေဖြစ်တယ်။ ဒါပေမယ့်လည်း ဒီလိုမျိုး အခြေအနေတွေမှာပဲ အကြမ်းဖက်စစ်အုပ်စုဘက်က ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်တွေကို မလိုက်နာဘဲ စစ်ကြောင်းထိုးလာတာတွေ လေကြောင်းတိုက်ခိုက်တာတွေ တပ်အရွေ့အပြောင်းလုပ်တာတွေ ဒါမျိုးတွေ လုပ်နေလို့ တချို့နေရာတွေမှာ ထိတွေ့တိုက်ပွဲတွေဖြစ်နေတဲ့ အခြေအနေမျိုးလည်း ဖြစ်ပါတယ်။
အပစ်ခတ်ရပ်စဲရေးဆိုတဲ့ကိစ္စက တဖက်တည်းလုပ်လို့ရတဲ့ကိစ္စ ဟုတ်မနေဘူး။ မလွဲသာမရှောင်သာ ကျွန်တော်တို့ ပြန်ပြီးခုခံရတဲ့ကိစ္စမျိုးတွေတော့ ရှိနေတဲ့ အခြေအနေဖြစ်ပါတယ်။ ပြည်သူလူထုကို ဦးစားပေးတယ်။ ပြည်သူ လူထုရဲ့အဆင်ပြေမှု ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်နိုင်ဖို့ ဒါက အရေးကြီးတဲ့ကြောင့်မို့လို့ ဒီအခြေအနေကိုတော့ စဉ်းစားဆောင်ရွက်သွားရမှာဖြစ်ပါတယ်။
မေး။ ။ မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ တိုင်းပြည်တည်ငြိမ်ရေး ပြန်လည်သင့်မြတ်ရေးအတွက် သက်ဆိုင်သူအားလုံးနဲ့ ဆက်လက်ဆွေးနွေးသွားမယ်ဆိုပြီး အာဆီယံဥက္ကဌကပြောထားတော့ NUG နဲ့ စစ်ကောင်စီတို့ကြား တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုတွေ ဦးတည်လာနိုင်မယ့်အခြေအနေမျိုး ရှိလာနိုင်လား။
ဖြေ။ ။ ကျွန်တော်တို့ NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေအနေနဲ့ကတော့ ဘယ်လိုအခြေအနေမျိုးမှာ တွေ့ဆုံညှိနှိုင်း ဆွေးနွေးနိုင်မလဲဆိုတဲ့ကိစ္စကို တရားဝင်ထုတ်ပြန်ထားပြီးဖြစ်တယ်။ ကျွန်တော်တို့မှာ နိုင်ငံရေးဦးတည်ချက် ၆ ချက် ကျွန်တော်တို့မှာရှိတယ်။ ဒီ ၆ ချက်ကဆိုရင်လည်း ဒါ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် မြန်မာပြည်သူတွေအတွက် အင်မတန်မှအရေးကြီးတဲ့ အင်မတန်မှလိုအပ်တဲ့အချက်တွေ ဖြစ်တယ်ဆိုတာ အကုန်လုံးလည်း သိနေကြပြီဖြစ်တယ်။
၆ ချက်ကို အကျဉ်းချုံးပြန်ပြောရရင် နံပါတ် (၁) စစ်တပ်က နိုင်ငံရေးအရ ထွက်ရမယ်။ ပြီးရင် လက်နက်ကိုင်အင်အားစုတွေအားလုံးက အရပ်သားအစိုးရအုပ်ချုပ်မှုအောက်မှာပဲ ရှိရမယ်။ ပြီးရင် ၂၀၀၈ ဖွဲ့စည်းပုံအောက်ကနေသွားတဲ့ အခြေအနေမျိုးကို ကျွန်တော်တို့ လုံးဝ လက်မခံဘူး။ အများလက်ခံတဲ့ အများပါဝင်နိုင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီအခြေခံဥပဒေ အခြေခံစနစ်ကို အခြေခံတဲ့ဥပဒေတစ်ခုကို ရေးဆွဲမယ်။
အဲဒီအခြေခံဥပဒေနဲ့အညီ ဒီမိုကရေစီပြည်ထောင်စုကို ထူထောင်မယ်။ ပြီးတဲ့အခါမှာ နောက်ဆုံးအချက်အနေနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့သူတွေအနေနဲ့ ဒီဟာတွေအပေါ်မှာ တာဝန်ယူမှု တာဝန်ခံမှုရှိစွာနဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဖြစ်စဉ်ကို ဖြတ်သန်းပြီးတော့ ပြည်သူရဲ့ တရားစီရင်မှုကို လက်ခံရမယ်။
ဒီအချက်တွေကို တရားဝင် ကြေညာထားပြီးဖြစ်တယ်။ ဒီအချက်တွေပေါ် အခြေခံပြီး တွေ့ဆုံဆွေးနွေးမှုဆိုတဲ့ကိစ္စက ဖြစ်နိုင်ချေရှိမယ်ဆိုတာ ပြောကြားလိုပါတယ်။
မေး။ ။ NUG ထုတ်ပြန်ချက်မှာ အာဆီယံဥက္ကဋ္ဌနဲ့တကွ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆက်ဆံရေး တိုးမြှင့် ဆောင်ရွက်နိုင်ရေးလည်း ပါဝင်နေတာတွေ့ရပါတယ်။ ဆိုတော့ NUG နဲ့ အာဆီယံတို့ သံတမန်ရေးအရ တိုးတက်ကောင်းမွန်တဲ့ဆက်ဆံရေးတွေ လူချင်းတွေ့ဆုံဆွေးနွေးဖို့ မျှော်လင့်လို့ရနိုင်လား။
ဖြေ။ ။ ဝန်ကြီးချုပ်ကြီးနဲ့ မလေးရှားဝန်ကြီးချုပ်တို့ တွေ့တဲ့အချိန်တုန်းကလည်း လူချင်းတွေ့ဆုံမှုဆိုတဲ့ကိစ္စတွေလည်း ပြောခဲ့တာရှိတယ်။ အွန်လိုင်းကနေ တွေ့ဆုံတာကလည်းကောင်းသလို ဒါပေမယ့် တကယ်တမ်း မြေပြင်မှာ လူချင်းတွေ့ဆုံနိုင်ဖို့အခြေအနေမျိုးဆို ပိုပြီး ရင်းနှီးကျွမ်းဝင်မှု ပိုရှိတယ်။
ဒါကြောင့်မို့ ဒါတွေကလည်းဖြစ်လာဖို့ ရှိပါတယ်။ ဝန်ကြီးချုပ်အချင်းချင်းတွေ့ကြဖို့ကလည်း နောက်ပိုင်းမှာ နောက်ဆက်တွဲတွေ့ဆုံမှု ဒါတွေကလည်း ဆက်ရှိလာဖို့ဖြစ်ပါတယ်။ လူချင်းတွေ့ဆုံတဲ့ တွေ့ဆုံမှုတွေကလည်း ဖြစ်လာဖို့ အလားအလာရှိပါတယ်။
သံလွင်တိုင်းမ် ပေးပို့သည်။