27 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“လေကြောင်း၊ ပါရာမော်တာ (စက်တပ်လေထီး) တွေနဲ့တော့ တောက်လျောက်ဖိပြီး ဗုံးကြဲတိုက်ခိုက်တာတွေ ကတော့ ရှိပါတယ်။ လေကြောင်းနဲ့ဖိပြီး ပြည်သူကိုအကြောက်တရား ပေးချင်တာမျိုးပေါ့။ တိုက်ပွဲကတော့...

“လေကြောင်း၊ ပါရာမော်တာ (စက်တပ်လေထီး) တွေနဲ့တော့ တောက်လျောက်ဖိပြီး ဗုံးကြဲတိုက်ခိုက်တာတွေ ကတော့ ရှိပါတယ်။ လေကြောင်းနဲ့ဖိပြီး ပြည်သူကိုအကြောက်တရား ပေးချင်တာမျိုးပေါ့။ တိုက်ပွဲကတော့ ဒီရက်ပိုင်းမဖြစ်ပေမယ့် အချိန်မရွေးဖြစ်နိုင်ပါတယ်။ မိုင်းဆွဲတာတွေလည်းရှိပါတယ်” ကိုဆန်း / မြိုင်မြို့နယ်ဒေသခံ

မြိုင်မြို့နယ်အပါအဝင် ရေစကြိုနှင့် ဂန့်ဂေါမြို့နယ်တို့ကို တစ်ရက်အတွင်း စစ်ကောင်စီတပ်က လေကြောင်းနှင့် ဗုံးဆက်တိုက်ကြဲချတိုက်ခိုက်ခဲ့သည့် အခြေအနေများနှင့်ပတ်သက်ပြီး မြိုင်မြို့နယ်ဒေသခံ ကိုဆန်းအား ဆက်သွယ်မေးမြန်းချက်။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဗဟင်းရွာကို မေလ ၂၀ ရက်နေ့ ညနေ ၅ နာရီ ၂၅ မိနစ်ခန့်တွင် စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF တပ်ဖွဲ့ဝင် ၄ ဦးနှင့် ထမင်းဆိုင်ပိုင်ရှင် ၂ ဦး စုစုပေါင်း ၆ ဦး သေဆုံးခဲ့သည်။

ယင်းအပြင် မေလ ၂၁ ရက်နေ့တွင်လည်း မြိုင်မြို့နယ်အပါအဝင် ရေစကြိုနှင့် ဂန့်ဂေါမြို့နယ်တို့ကို စစ်ကောင်စီတပ်က တစ်ရက်အတွင်း လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲချ တိုက်ခိုက်ခဲ့သည်။

ထိုအခြေအနေများနှင့်ပတ်သက်ပြီး မြိုင်မြို့နယ်ဒေသခံ ကိုဆန်း (အမည်လွှဲ) ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ မြိုင်မှာ လေကြောင်းဗုံးကြဲခံရတဲ့အခြေအနေကို ပြောပြပေးပါဦး။

ဖြေ။ ။ ၁၉ ရက်နေ့မှာ တခါ၊ ၂၀ ရက်ကြတော့ ညနေမှာ တခါကြဲတယ်။ နောက် ၂၁ ရက် မနက် ၁၀ နာရီကျော်မှာ တခါထပ်လာကြဲတယ်။ ၁၉ ရက်နေ့ကြဲတာက မြိုင်အရှေ့ပိုင်း ဖျသီးရွာကိုကြဲတာ။ အဲ့ဒီမှာ ၄ ယောက်ထိပြီး ဒဏ်ရာရတယ်။ ၂၀ ရက်က ဗဟင်းရွာကိုကြဲတာမှာ ထမင်းဆိုင်ကိုထိပြီး ထမင်းစားနေတဲ့ PDF လေးယောက်နဲ့ ဆိုင်ရှင်နှစ်ယောက်သေသွားတယ်။ ရုပ်အလောင်းတွေက ကောင်းကောင်းတောင်ပြန်မရဘူး။ ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး မနည်းပြန်ကောက်ပြီး ဆက်ထားရတာမျိုးပါ။ ၂၁ ရက်ကြတော့ မကျည်းကုန်းရွာကို ကြဲတာ၊ ပေါင် ၃၀၀ ဗုံးနဲ့။ ဒါပေမယ့် မပေါက်ကွဲတော့ လူထိခိုက်မှုမရှိခဲ့ဘူး။ ကျတာကတော့ ရွာကအိမ်ထဲကျတာ၊ မပေါက်ကွဲလို့သာ လူမထိတာပါ။

မေး။ ။ သုံးရက်ဆက်တိုက် လာကြဲတာမျိုးဆိုတော့ ကြဲတာကဘယ်လိုပုံစံမျိုးနဲ့ ဘယ်ဘက်ကလာတဲ့လမ်းကြောင်းဆိုတာမျိုး သိရသေးလား။

ဖြေ။ ။ တံတားဦးလေတပ်ဘက်က လာတာပါပဲ။ ဂျက်ဖိုက်တာနဲ့။ ဒါပေမယ့် ဒုတိယရက် ၂၀ ရက်မှာကြ တည့်လာတာမျိုးမဟုတ်ဘဲ ချောင်းဦး – ဆားလင်းကြီး – ပုလဲ – ပုံတောင် – ထီးလင်း အထိကို ပျံဝဲပြီးတော့မှ ဘယ်မှမချခဲ့ဘဲ ပြန်လာပြီး ကျနော်တို့ မြိုင်နယ်ဘက်ရောက်မှသာ တိုက်ခိုက်မှုပြုလုပ်ခဲ့တာပါ။ တိုက်ခိုက်ချိန်ကလည်း ဘာတိုက်ပွဲမှရှိမနေခဲ့ပါဘူး။

မေး။ ။ ၂၀ ရက် တိုက်ခိုက်မှုမှာ PDF လေးဦးကျဆုံးတာမှာ စစ်အုပ်စုဘက်က ကြိုသတင်းရသွားလို့ တိုက်ခိုက်တယ်ဆိုတဲ့ဟာမျိုးတွေ ပြောနေကြတာတွေ့ရပါတယ်။ ဒီအပေါ်မှာလည်း ပြောပြပေးပါဦး။

ဖြေ။ ။ ကျသွားတာက ယင်းမာပင်ခရိုင် တပ်ရင်း-၁၂ က ရဲဘော်တွေပါ။ တပ်ရင်းတွေ ပေါင်းစည်းကြဖို့ဆိုပြီး အစည်းအဝေးတွေလုပ်ဖို့ ခရီးသွားရင်း မြိုင်နယ်ထဲမှာ ထမင်းဝင်စားကြတာမှာ ဒီလိုဖြစ်သွားကြတာပါ။ ကြိုသတင်းရတယ် မရတယ်ကတော့ သေချာမပြောနိုင်ပေမယ့် မဖြစ်နိုင်ဘူးလို့ပဲထင်ပါတယ်။ အဲ့ဒီထမင်းဆိုင်ကလည်း စာသင်ကျောင်းနားနီးတယ်ဆိုတော့ စစ်အုပ်စုက စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဆေးရုံ၊ ဆေးခန်းတွေ ပစ်မှတ်ထားပြီး ကြဲနေတာ ပြည်သူတွေကို အကြောက်တရားဝင်အောင် လုပ်နေတာမျိုးဆိုတာလည်း အားလုံးသိကြမှာပါ။

ပုံစာ – မေ ၂၀ ရက်နေ့က မြိုင်မြို့၊ ဗဟင်းရွာ ဗုံးကြဲခံရပြီး သေဆုံးခဲ့သူများ။ (Photo -We Love Myaing)

မေး။ ။ ကျဆုံးရဲဘော်လေးယောက်က တပ်ဖွဲ့အတွက်ဘယ်လိုရဲဘော်တွေဆိုတာ သိရပါလား။

ဖြေ။ ။ ကျသွားတာက ယင်းမာပင်ခရိုင် အမှတ် (၁၂) တပ်ရင်း တပ်ခွဲ (၃) က တပ်ခွဲမှူးကိုဇော်မြတ်နဲ့ တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ ကိုအောင်ပု၊ ကိုလင်းယုန်နဲ့ ရဲဘော်မွန်းတို့ပါ။ သူတို့ကတပ်ဖွဲ့အတွက် တကယ်ကိုမှ အားထားရတဲ့ ရဲဘော်တွေဖြစ်တယ်။ တိုက်ပွဲအတွေ့အကြုံတွေလည်း အများကြီးရှိပြီး တော်လှန်ရေးမှာ တကယ်ကို တက်ကြွစွာပါဝင်နေကြသူတွေပါ။ အဲ့ဒီထဲမှာ ကိုလင်းယုန် (ခ) ကိုဝေဖြိုးလင်းဆိုရင် သေနတ်က ယမ်းပေါက်ကွဲမှုဖြစ်ပြီး မျက်စိတဖက်ပျက်သွားတယ်။

မျက်စိပျက်သွားတော့ သူ့အိမ်ကအမေတွေ မိသားစုတွေက ဆက်မလုပ်ဖို့တားကြပေမယ့် ဆက်လုပ်ခဲ့တဲ့ သူပါ။ မျက်စိထိပြီး နောက်၈လလောက်အကြာမှာပဲ ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တယ်။ အဲ့ဒီ မှာလည်း လက်မောင်းကို သေနတ်ထိလာသေးတယ်။ ဒါပေမယ့် ရှေ့တန်းတိုက်ပွဲတွေကို တောက်လျောက် ဆက်လိုက် တိုက်နေခဲ့သူတစ်ဦးပါ။ အဲ့ဒီလိုပဲ တခြား ကျဆုံးရဲဘော်တွေဟာလည်း တပ်ရင်း၊ တပ်ဖွဲ့အတွက် အားကိုးအားထိုက်ပြုခဲ့ရတဲ့ ရဲဘော်တွေပဲဖြစ်ပါတယ်။

မေး။ ။ လက်ရှိမြိုင်နယ်အတွင်း တိုက်ပွဲတွေအခြေအနေကရော ဘယ်လိုရှိနေပါလဲ။

ဖြေ။ ။ မြိုင်ကတော့ ပေါက်၊ ပခုက္ကူ၊ ရေစကြို၊ ပုလဲတို့နဲ့ နယ်နိမိတ်ချင်းထိစပ်နေတော့ တော်လှန်ရေး အင်အားစု အားကောင်းတဲ့နယ်မြေလည်းဖြစ်တယ်။ နောက် သူတို့ (စကစ) ဘက်က ဒါကိုဖိချင်တော့ လေကြောင်း၊ ပါရာမော်တာ (စက်တပ်လေထီး)တွေနဲ့တော့ တောက်လျောက်ဖိပြီး ဗုံးကြဲတိုက်ခိုက်တာတွေ ကတော့ ရှိပါတယ်။ လေကြောင်းနဲ့ဖိပြီး ပြည်သူကိုအကြောက်တရား ပေးချင်တာမျိုးပေါ့။

တိုက်ပွဲကတော့ ဒီရက်ပိုင်းမဖြစ်ပေမယ့် အချိန်မရွေး ဖြစ်နိုင်ပါတယ်။ မိုင်းဆွဲတာတွေလည်းရှိပါတယ်။ သူသာရင်သာသလို ကိုယ်သာရင်သာသလို ပစ်ကြခတ်ကြတာမျိုးပေါ့။ ပြည်သူတွေကတော့ အခုဗုံးကြဲတာတွေ တောက်လျောက် ဖြစ်နေတော့ ရွာတွေထဲမနေရဲလို့ ရှောင်ကြတိမ်းကြ နေနေကြရပါတယ်။ ရွာတွေထဲလည်း ဗုံးခိုကျင်းတွေ တူးဖို့နဲ့ လေကြောင်းလာရင် ဘယ်လိုတွေနေထိုင်ရမယ်၊ ဗုံးခိုကျင်းထဲ အချိန်မီဝင်နိုင်ဖို့ ဆိုတာမျိုးတွေကိုလည်း အသိပေးတာတွေလည်း တောက်လျောက်လုပ်နေကြတာရှိပါတယ်။

ရှမ်းနီအသံ ပေးပို့သည်။