SNLD ပါတီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ထံ ပါတီမှတ်ပုံမတင်ရန် ဆုံးဖြတ်ထားခဲ့မှုအပေါ် ပြန်လည်သုံးသပ်သည့် ဆွေးနွေးမှုအပါအဝင် သျှမ်းပြည် နိုင်ငံရေးအခြေအနေများနှင့်ပတ်သက်ပြီး SNLD ပါတီ အထွေထွေအတွင်းရေးမှူးနှင့် ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ်နှင့် ဆက်သွယ်မေးမြန်းချက်။
သျှမ်းလူထုထောက်ခံမှု အများဆုံးရရှိထားသော နိုင်ငံရေးပါတီဖြစ်သည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီသည် စစ်ကောင်စီက အသစ်ပြန်လည်ဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ထံ ပါတီမှတ်ပုံမတင်ရန်ဆုံးဖြတ်ထားသည်ကို ၂၀၂၅ မေလပထမပတ်အတွင်း ပြန်လည်သုံးသပ်သည့် ဆွေးနွေးမှုလုပ်ခဲ့ကြောင်း သိရသည်။
တဖက်တွင်လည်း ယခု၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်း သို့မဟုတ် လာမည့်နှစ် ၂၀၂၆ ဇန်နဝါရီလဆန်းပိုင်းတွင် ရွေးကောက်ပွဲကျင်းပရန် စစ်ကောင်စီဘက်ကပြင်ဆင်နေပြီး နိုင်ငံရေးပါတီ ၅၀ ကို မှတ်ပုံတင်ခွင့်ပြု၍ ပါတီသစ် တည်ထောင်ခွင့်လျှောက်ထားသည့်ပါတီ ၂၁ ခုရှိသည်ဟု စစ်ကောင်စီလက်အောက်ခံ UEC က ထုတ်ပြန် ထားသည်။
စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ထံ မှတ်ပုံပြန်မတင်ရန် ၂၀၂၃ မတ်လ ကတည်းက ဆုံးဖြတ်ထားခဲ့သည့် SNLD ပါတီ၏ သဘောထားရပ်တည်ချက်၊ တရုတ်နိုင်ငံနှင့် နိုင်ငံခြား ဆက်ဆံရေးအပါအဝင် သျှမ်းပြည်နိုင်ငံရေးအခြေအနေများနှင့် ပတ်သက်ပြီး SNLD ပါတီ အထွေထွေ အတွင်းရေးမှူးနှင့် ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ်ကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး ။ ။ လတ်တလောမှာ SNLD ပါတီအနေနဲ့ စစ်ကောင်စီရဲ့ UEC မှာ မှတ်ပုံတင်/မတင်ကိစ္စ ဆွေးနွေးခဲ့ကြ တယ်လို့ ကြားသိရပါတယ်။ ဆွေးနွေးမှုရလဒ်က ဘယ်လိုအခြေအနေရှိပါလဲ။
ဖြေ ။ ။ ပထမဆုံး ပြောချင်တာက SNLD အနေနဲ့ UEC မှာ မှတ်ပုံတင်/မတင် ကိစ္စ မဆွေးနွေးဘူးခင်ဗျ၊ အဲ့ဒီ ခေါင်းစဉ်နဲ့ဆွေးနွေးတာ မဟုတ်ဘူး။ သတင်းတွေမှာပျံ့နေသလို SNLD က မှတ်ပုံတင်ဖို့/မတင်ဖို့ ဆွေးနွေးခြင်း လုံးဝမရှိဘူး။ ၂၀၂၃ မတ်လ ၁၇ ရက်ကတည်းက ကျနော်တို့ကြေညာချက်ထုတ်ပြန်ပြီးသားဖြစ်တယ်။ စကစရဲ့ UEC ဆီမှာ မှတ်ပုံမတင်ဖို့ ဆုံးဖြတ်ချက်ချထားပြီးသား ဖြစ်တယ်။
အဲ့ဒီ ဆုံးဖြတ်ချက်ချထားတာကို ပြန်ပြီးသုံးသပ် Review လုပ်တာ။ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စစ်ရေး အခြေအနေအရပ်ရပ်ကို ချင့်ချိန်ပြီးတော့မှ ကျနော်တို့ ဆုံးဖြတ်ထားတာဟာ ဘယ်လောက်ထိ မှန်ကန် ထိရောက်သလဲ ဆိုတဲ့အပေါ်မှာ ပြန်ပြီး Review လုပ်ခြင်းပဲလို့ ရှင်းပြလိုပါတယ်ခင်ဗျ။
မေး ။ ။ အခု စစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲက မြန်မာတစ်နိုင်ငံလုံးရော၊ သျှမ်းပြည်အတွက်ရော ဘယ်လို သက်ရောက်မှုရှိလာနိုင်ပါလဲ။
ဖြေ ။ ။ သူလုပ်မယ့်ရွေးကောက်ပွဲကို ၂၀၂၅ ဒီဇင်ဘာလထဲမှာလုပ်မယ်လို့ ပြောပေမယ့် အခုထိတိကျသေချာတဲ့ သဘောမျိုး မတွေ့ရသေးပါဘူး။ UEC ဒုတိယဥက္ကဋ္ဌကို ထပ်ခန့်တာရှိတယ်။ ရွေးကောက်ပွဲလုပ်မယ်လို့ ပြောတယ်။ ဒါပေမယ့် အချိန်ဇယား အတိအကျထွက်မလာသေးဘူး။ အဲ့တော့ သူကိုယ်တိုင် စကားကျွံနှုတ်ကျွံထားလို့သာ ဆက်ပြောနေတယ်။
တိကျသေချာတဲ့အချိန်ဇယား Schedule ထွက်မလာသေးဘဲနဲ့ သူ့ရွေးကောက်ပွဲဟာ ကံသေကံမ ဖြစ်မယ်လို့ ကျနော်တို့မယုံကြည်ပါဘူး။ အဲ့ဒါကြောင့် ရွေးကောက်ပွဲရဲ့ရိုက်ခတ်မှုအပေါ်မှာ ကျနော်တို့ သီးခြားသုံးသပ်နိုင်တဲ့ အနေအထားမျိုးမရှိပါဘူးခင်ဗျ။
မေး ။ ။ လက်ရှိမှာဆိုရင် စစ်ကောင်စီခေါင်းဆောင်က ရုရှားသွားတယ်၊ တရုတ်သမ္မတနဲ့ တွေ့တယ် ဒီလို နိုင်ငံကြီးတွေရဲ့ ထောက်ခံမှုတွေရလာတယ်။ ၂၀၂၃ ခုနှစ်ကစပြီးတော့ တရုတ်နိုင်ငံဘက်က SNLD ပါတီကို စကစရဲ့ UEC မှာ မှတ်ပုံတင်ပြီး ရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်ဖို့ ပြောဆိုခဲ့တာရှိတယ်လို့ ကြားသိရပါတယ်။ SNLD အနေနဲ့ တရုတ်ရဲ့ဘယ်လိုဖိအားတွေနဲ့ ရင်ဆိုင်နေရပါလဲ။
ဖြေ ။ ။ တရုတ်အနေနဲ့ ကျနော်တို့အပေါ် တစုံတရာဖိအားပေးခြင်း မရှိပါဘူး။ တရုတ်အစိုးရကိုယ်တိုင် ကျနော်တို့ကို တရားဝင်ကမ်းလှမ်းပြီးတော့မှ၊ တရားဝင်အသိပေးပြီးတော့မှ သူတို့ရဲ့သဘောထားမှတ်ချက် ပေးပို့တာမရှိဘူး။ ပုံမှန်တွေ့နေကြ တရုတ်သံရုံး ဒါမှမဟုတ် တရုတ်သံရုံးထဲမှာလုပ်နေတဲ့ နိုင်ငံရေး Sector ကိုင်တဲ့ ပုဂ္ဂိုလ်တွေရဲ့သဘောထားလို့ပဲ ကျနော်တို့ယူဆပါတယ်။ အဲ့ဒါကတော့ ဖြစ်နိုင်ရင် SNLD အနေနဲ့ UEC မှာ မှတ်ပုံတင်မယ်ဆိုရင် နိုင်ငံရေးအရ ပိုပြီးတော့လူးသာလွန့်သာ ရှိလိမ့်မယ်လို့ သူတို့ပြောတဲ့သဘောလောက်ပဲ ကျနော်တို့ လက်ခံရရှိပါတယ်။
တကယ်လို့ မှတ်ပုံမတင်ဘူးဆိုရင်လည်းပဲ ကျနော်တို့နဲ့ဆက်ဆံရေးက အမြဲမပြတ် ဆက်ရှိနေမှာပဲ။ ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဒါမှမဟုတ် သူတို့ထဲကို နက်နက်နဲနဲ ထိုးဖောက်ဝင်ရောက် ပြီးတော့ ဆွေးနွေးလက်တွဲ လုပ်ကိုင်ဖို့ဆိုရင်တော့ တင်ထားရင်တော့ကောင်းတာပေါ့ဗျာ။ အနည်းဆုံးအားဖြင့် ကျနော်တို့အနေနဲ့ ခင်ဗျားတို့ကို တရားဝင်ဖိတ်ခေါ်ပြီးတော့မှ အထက်က အစိုးရအရာရှိတွေနဲ့ ဆွေးနွေးတာမျိုး အဆင့် လုပ်နိုင်မှာပေါ့လို့ အဲ့လိုပဲပြောပြုကြတာရှိပါတယ်ဗျ။ တခြား သီးသန့်ဖိအားပေးတာမျိုး ဘာတခုမှမရှိပါဘူး။
မေး ။ ။ စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲမတိုင်ခင်မှာ အားလုံးပါဝင်နိုင်တဲ့ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ပြီး နိုင်ငံရေးသဘောတူညီမှု ကြိုတင်ရယူတာမျိုး လုပ်သင့်တယ်ဆိုတဲ့အယူအဆကို SNLD အနေနဲ့ ဆက်လက်ကိုင်စွဲထားတုန်းပဲလား၊ ဘာကြောင့်ပါလဲ။
ဖြေ ။ ။ အဲ့ဒါက ကျနော်တို့ လက်ရှိအနေအထားအရ အဲ့ထက်ကောင်းတဲ့ အခင်းအကျင်းမျိုး မရှိဘူးလို့ ယုံကြည်တယ်၊ အဲ့အတိုင်းပဲ ဆက်လက်ရပ်တည်တယ်။ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် ဘယ်သူပဲလုပ်လုပ်ပေါ့၊ စကစလုပ်တာမလို့ ကျနော်တို့ပြောတာမဟုတ်ဘူး။ ဘယ်အချိန်မှာပဲ ရွေးကောက်ပွဲလုပ်သည်ဖြစ်စေ နိုင်ငံရေး သဘောတူညီချက်မရှိဘဲနဲ့ ပြည်ထောင်စုကောင်းရာကောင်းကျိုးအတွက် အထူးသဖြင့် စစ်ဘောင်ကျုံ့သွားပြီး တော့ နိုင်ငံရေးဘောင်ကျယ်အောင်လုပ်နိုင်တဲ့အနေအထား၊ အဲ့လိုမျိုးအနေအထားကိုသွားဖို့ တွေ့ဆုံဆွေးနွေးဖို့ လမ်းကြောင်းမရှိဘူး။ အဲ့လိုမျိုးမလုပ်နိုင်ဘူးဆိုရင် ရွေးကောက်ပွဲက ဘယ်တော့ပဲလုပ်လုပ် ပြည်တွင်းစစ်သံသရာ ဆက်လည်နေဦးမှာပဲ။
နောက်တက်လာတဲ့ လွှတ်တော်တို့၊ အစိုးရတို့ဆိုတာလည်း နိုင်ငံရေးအာမခံချက် ဘယ်လိုမှ မရှိတဲ့အတွက်ကြောင့် မို့လို့ ဒီပြည်ထောင်စုကြီး ဆက်လက်အေးချမ်းတည်ငြိမ်အောင် ထိန်းသိမ်းသွားနိုင်ဖို့ဆိုတာ မမြင်ဘူး။ အဲ့ဒါကြောင့် ဘာမှနိုင်ငံရေးအာမခံချက်မရှိတဲ့၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ပေါက်ရေးတို့၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့၊ နောက် လူထုသဘောကျတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတို့၊ ရွေးကောက်ပွဲစနစ်တို့ မဟုတ်ဘဲနဲ့ တဖက်သတ် ရေးဆွဲ ထားတဲ့မူအတိုင်း ဥပဒေအတိုင်း ဒီတိုင်းပဲဆက်သွားမယ်ဆိုရင် ဒါဟာ နိုင်ငံရေး အဖြေမဟုတ်ဘူး။ နိုင်ငံရေး အဖြေမဟုတ်တဲ့ ရွေးကောက်ပွဲကို ကျနော်တို့ ဘယ်လိုမှလက်ခံစဉ်းစားလို့မရတဲ့ အတွက်ကြောင့်မို့လို့ ကျနော်တို့ ရပ်တည်ချက်က နဂိုအတိုင်းပဲရှိတယ်လို့ ဖြေကြားလိုပါတယ်ခင်ဗျ။
မေး ။ ။ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ရုရှားကိုဒုတိယအကြိမ်သွားတဲ့အချိန်မှာ တရုတ်သမ္မတနဲ့တွေ့တဲ့ အချိန် ရွေးကောက်ပွဲကို မဖြစ်မနေလုပ်ပေးမယ်လို့ ပြောဆိုခဲ့တယ်။ အခြားတဘက်မှာ အာဆီယံကလည်း ကန့်ကွက်ထားတဲ့ကြားက စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကိုအသုံးပြုပြီး သူ့ရဲ့နိုင်ငံရေးထွက်ပေါက်ရှာတာမျိုး ဖြစ်သွားမလားဆိုတာကို သုံးသပ်ပေးပါဦး။
ဖြေ ။ ။ သူ့ရဲ့ကြိုးပမ်းချက်ကတော့ အဲ့အတိုင်းပဲပေါ့၊ အဲ့ဒီရည်မှန်းချက်နဲ့လုပ်တယ်လို့တော့ ယူဆလို့ ရကောင်း ရမှာပေါ့။ ဒါပေမယ့် သူ့အပေါ်မှာ ကျနော်တို့ ဘယ်လောက်အထိယုံကြည်စိတ်ချရမလဲပေါ့။ ၂၀၂၁ မှာတုန်းက အာဆီယံက ဆုံးဖြတ်ချက် (၅) ချက်ချမှတ်ခဲ့တယ်။ အဲ့ထဲမှာ အရေးကြီးဆုံးအချက်ကတော့ ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး၊ Humanitarian Ceasefire လို့ နောက်ဆုံးသုံးတဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီ ရယူရေးနဲ့ Ceasefire အပစ်ရပ်ဖို့ ကြိုးပမ်းကြမယ်၊ Dialogue တွေ့ဆုံဆွေးနွေးရေး လုပ်မယ်ပေါ့နော်။ ဒီ (၃) ခုက အခုထက်ထိ ဘာတခုမှ မပေါ်ပေါက်သေးပါဘူး။
အတိုက်အခံတွေကိုခေါ်ပြီးမှ ဒိုင်ယာလော့ခ် လုပ်ဖို့ဆိုတာ ကလည်း ကျကျနန စဉ်းစားစီစဉ်ဆောင်ရွက်တာ မျိုးလည်း တခုမှမရှိသေးပါဘူး။ သူနဲ့နီးစပ်တဲ့ နိုင်ငံရေးပါတီ အသိုင်းအဝိုင်းလောက်နဲ့ပဲ ပြီးသွားတယ်။ ဆိုတော့ သုံးလေးနှစ်တာကာလမှာ ပေးထားတဲ့ကတိကဝတ်တောင်မှ ဘာတစ်ခုမှ အကောင်အထည်မပေါ်ဘဲနဲ့ သူလုပ်မယ့် ရွေးကောက်ပွဲဆိုတာကို ဘယ်ပေတံနဲ့တိုင်းတာပြီး ယုံကြည်လို့ရမလဲပေါ့နော်။ ဟုတ်တယ် ဘင်းမ်စတက်မှာ သူပြောတာရှိတယ်၊ ရုရှားမှာ ဘီလာရုစ်မှာ သူပြောတာ ရှိတယ်။ သို့သော် ရက်စွဲ အတိအကျမဟုတ်ဘူး။ ဒီဇင်ဘာ လထက်မစော နောက်ထပ်ဇန်နဝါရီလထက် နောက်မကျဆိုတဲ့ဟာပဲ ပြောနေတယ်။
အခု ဘယ်လိုရွေးကောက်ပွဲနည်းနာမျိုးကို သူသုံးမလဲ၊ ရွေးကောက်ပွဲဥပဒေတောင် ထွက်မလာသေးဘဲနဲ့ ကျနော်တို့က အဲ့ဒီအပေါ်မှာယုံကြည်သက်ဝင်ဖို့ဆိုတာ အင်မတန်ကိုခက်ခဲပါတယ်။ ဒါကြောင့်မို့လို့ သူ့အနေနဲ့ ဒီအပေါ်မှာ ရွေးကောက်ပွဲကိုအသုံးချပြီးမှ၊ ရွေးကောက်ပွဲကို အပြလုပ်ပြီးတော့မှ သူ့ရဲ့နိုင်ငံရေးထွက်ပေါက်ရဖို့ ကြိုးပမ်းတယ် မှန်ခဲ့ရင်တောင်မှပဲ အဲ့ဒီထွက်ပေါက်ဟာ သူ့အတွက် ထွက်ပေါက်ဖြစ်ရင်တောင်မှပဲ တိုင်းပြည် အတွက် ထွက်ပေါက်မဖြစ်နိုင်ပါဘူး။ ကျနော်တို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တွေကို အာမခံချက်ပေးနိုင်တဲ့ ဖက်ဒရယ် ပေါ်ပေါက်ရေးအတွက် ထွက်ပေါက်မဖြစ်နိုင်ပါဘူး။ အမျိုးသားပြန်လည်သင့်မြတ်ပြီးတော့ တိုင်းပြည်တည်ငြိမ်ဖို့ အတွက် ထွက်ပေါက်မဖြစ်နိုင်ဘူး။ အဲ့အတိုင်းပဲ ကျနော်ကတော့သုံးသပ်ပါတယ်။
မေး ။ ။ လက်ရှိမှာ စစ်ကောင်စီရဲ့ UEC မှာ မှတ်ပုံတင်ထားတဲ့ အခြားသော သျှမ်းနိုင်ငံရေးပါတီတစ်ခုလည်း ရှိနေတော့ SNLD ပါတီအနေနဲ့ စစ်ကောင်စီရဲ့ UEC မှာ မှတ်ပုံမတင်တဲ့အခါ သျှမ်းပြည်နိုင်ငံရေးကိစ္စတွေမှာ ချိန်ခွင်လျှာအပြောင်းအလဲ ဖြစ်သွားနိုင်ပါလား။
ဖြေ ။ ။ ဒါက အထွေအထူးကိစ္စတော့ မဟုတ်ပါဘူး။ သျှမ်းပြည်အရေးကိစ္စမှာ လက်နက်ကိုင်တော်လှန်လာတာ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးအရအဖြေမရခဲ့လို့၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု မတည်ဆောက်ခဲ့လို့ပေါ့ နော်။ ရှင်းရှင်းပြောရရင် ပင်လုံကတိကဝတ်ပေါ်မှာ ချိုးဖောက်ခဲ့လို့၊ အဲ့ဒါနဲ့ ၁၉၅၈ မှာ တော်လှန်ရေး စတင်ခဲ့ တယ်။ ဒီနေ့ဒီအချိန်ထိ ကျနော်တို့ရယူချင်တဲ့ကိစ္စက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဖက်ဒရယ်ပြည်ထောင်စုစစ်စစ် ဖြစ်တယ်။ အဲ့လိုမျိုးလုပ်ဖို့ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ သွားလို့မရဘူး။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်ကို SNLD ကိုယ်တိုင်တိုးဝင်ပြီးတော့မှ ဥပဒေဘောင်ထဲကနေ ကြိုးပမ်းတယ်။ ဒါပေမယ့် တခါမှ စစ်တပ်ဘက်က လိုက်လျောခြင်းမရှိဘူး။ နောက်ဆုံးတစ်ခု ၂၀၂၁ မှာ အာဏာသိမ်းလိုက်တဲ့စစ်တပ်က ပြည်သူကရွေးချယ်တင်မြောက်ထားတဲ့ အစိုးရမဟုတ်ဘူး။
ဥပဒေဘောင်ထဲကအစိုးရ ဖြစ်မနေဘူး။ အဲ့ဒီအခါမှာ ကျနော်တို့ဘက်က ကိုယ်လိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ ရရှိရေးဆိုတာကို ယုံကြည်လက်ခံလို့မရဘူး၊ စိတ်ချလို့မရဘူး။ ဒီတော့ လွှတ်တော်အခင်းအကျင်းတစ်ခု၊ လူထု ပါဝင်တဲ့ အစိုးရတခုပေါ်ပေါက်စေချင်ရုံနဲ့ သွားကြမယ်ဆိုရင်လည်း သွားတဲ့လူရဲ့ဆန္ဒအတိုင်းပဲ။ လူထုကိုယ်တိုင်က နားလည်သဘောပေါက်နေပြီးသားလို့ အများစုကိုကျနော်ယုံကြည် ပါတယ်။ ဒါဟာ ရေရှည်စစ်အာဏာရှင်စနစ်ကို လက်ခံဖို့ နောက်ထပ်ဝတ်ရုံတစ်မျိုး ဒါမှမဟုတ် နောက်ထပ် အရောင်တစ်မျိုး ထပ်ဆိုးတာပဲ ဖြစ်တဲ့အတွက်ကြောင့် မို့လို့ လူထုကိုယ်တိုင်ကပဲ အဆုံးအဖြတ်ပေးသွားလိမ့်မယ် လို့ ကျနော်တို့ယုံကြည်ပါတယ်ခင်ဗျ။
မေး ။ ။ အခြားသောဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါဦး။
ဖြေ ။ ။ နောက်ဆုံးတစ်ခွန်းပဲ ပြောချင်ပါတယ်၊ ကျနော်တို့နိုင်ငံရေးက စစ်ဖိနပ်အောက်မှာသံသရာလည်နေတာ နှစ် (၇၀) ကျော်ပါပြီ။ နိုင်ငံရေးအစစ်ကိုပဲလုပ်ကြရအောင်၊ အမျိုးသားရေးအစစ်ကိုပဲ လုပ်ကြရအောင် နောက်ဆုံး တစ်ခွန်း အားလုံးကိုလက်ဆောင်ပါးလိုပါတယ်ခင်ဗျ။
မေး ။ ။ အခုလိုအချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။
ဖြေ ။ ။ ကျေးဇူးတင်ပါတယ်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။