ဖလမ်းမြို့သိမ်းစစ်ဆင်ရေးအောင်မြင်မှုနှင့်အတူ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီနှင့် ဆက်သွယ်မေးမြန်းချက်။
ချင်းညီနောင်စစ်ဆင်ရေးအဖြစ်ဖော်ဆောင်ခဲ့သော ဖလမ်းမြို့သိမ်းတိုက်ပွဲသည် စစ်ဆင်ရေးကာလ ၅ လပြည့်သည့် ဧပြီ ၉ ရက်နေ့တွင် ဖလမ်းမြို့နယ်တခုလုံး စစ်ကောင်စီကင်းစင်နယ်မြေဖြစ်သွားပြီဟု ချင်းညီနောင်အဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။
နှစ်ဖက်စလုံးအတွက် စစ်ရေးနှင့် သယ်ယူပို့ဆောင်ရေး မဟာဗျူဟာကျသည့်မြို့ဖြစ်တာကြောင့် ဖလမ်းမြို့ တိုက်ပွဲအတွင်း စစ်ကောင်စီသည် ဖလမ်းမြို့ကို လက်မလွှတ်ရရေးအတွက် စစ်ကူအင်အားများ ထပ်တလဲလဲ ဖြည်းတင်ပြီး လေကြောင်းပစ်ကူအကြိမ် ၁၀၀၀ ကျော်ဖြင့်ပါ ခုခံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တဖက်တွင်လည်း ချင်းညီနောင်နှင့်အတူ မဟာမိတ်တော်လှန်ရေးအင်အားစုများက တိုက်ပွဲ ၅ လတာအတွင်း အခက်အခဲ၊ စိန်ခေါ်မှုပေါင်းစုံနှင့်အတူ စစ်ကူအင်အားထပ်မံဖြည့်တင်းပြီး တရပ်စပ် ဖိအားပေးတိုက်ခိုက်ခဲ့ တာကြောင့် နောက်ဆုံးတွင် ဖလမ်းမြို့နယ်တခုလုံးကို အပြီးသတ်သိမ်းနိုင်ခဲ့သည်။
ချင်းတော်လှန်ရေးအင်အားစုက ဖလမ်းမြို့ကိုသိမ်းပိုက်နိုင်ခြင်းသည် နွေဦးတော်လှန်ရေး ၄ နှစ်ကျော်ရှိလာချိန်၌ ချင်းပြည်နယ်တခုလုံး စစ်ကောင်စီကင်းစင်ရေးအတွက် အချိုးအကွေးတခု ဖြစ်လာသည်ဟု ဆိုပါသည်။ ချင်းတော်လှန်ရေးအင်အားစုတို့က ၂၀၂၅ ခုနှစ်တွင် ချင်းပြည်နယ်တခုလုံး စစ်ကောင်စီကင်းစင်ရေး ရည်မှန်းထားကြသည်။
ဖလမ်းမြို့သိမ်းတိုက်ပွဲ အောင်မြင်စွာဖော်ဆောင်နိုင်ခဲ့သည့် ချင်းအမျိုးသားအဖွဲ့ချုပ် CNO/ CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီကို ဖလမ်းမြို့သိမ်းစစ်ဆင်ရေး အောင်မြင်မှုနှင့်အတူ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ ဖလမ်းမြို့သိမ်းတိုက်ပွဲ ဖြစ်စဉ်အကျဉ်းကို အရင်ပြောပြပေးပါ။
ဖြေ။ ။ ဖလမ်းမြို့စစ်ဆင်ရေးက ၂၀၂၄ နိုဝင်ဘာလ ၉ ရက်က စစ်ဆင်ရေးကိုစတင်ခဲ့တာပါ။ သိမ်းတာက ၂၀၂၅ ဧပြီလ ၇ ရက်မှာ အပြီးပိုင်သိမ်းပိုက်ရရှိခဲ့ပါတယ်။ နိုဝင်ဘာလ ၉ ရက်၊ ၂၀၂၄ မှာ စတင်ပြီးတော့ အဲဒီလအတွင်း မှာပဲ မြို့ထဲမှာရှိတဲ့ ရဲစခန်းနဲ့ တခြားသော စကစ စခန်းတည်ရှိတဲ့နေရာတွေ သိမ်းပိုက်ပြီး မြို့ကိုထိန်းချုပ်နိုင်ခဲ့ ပါတယ်။ အဲလိုနဲ့ပဲ ကျန်ရှိနေတဲ့ ခလရ – ၂၆၈ ကို ကျနော်တို့ဝိုင်းပြီးတော့ စစ်ဆင်ရေး လုပ်နေတဲ့အချိန်မှာ ၂၀၂၄ ဒီဇင်ဘာလမှာ တကြိမ်၊ စစ်ကူအင်အား ၁၀၀ လောက်ချထားပါတယ်။
နောက် ၂၀၂၅ ဇန်နဝါရီလမှာတကြိမ် ၊ မတ်လမှာ ၂ ကြိမ် အဲလို စကစဘက်က တပ်ကူအင်အား ၂၀၀ ကျော်ကို ခလရ – ၂၆၈ ကို စစ်ကူပေးတဲ့ အခြေအနေမှာရှိတယ်။ လေကြောင်းအနေနဲ့ကြတော့ ဂျက်ဖိုက်တာရယ်၊ Y- 12 ရယ်နဲ့ တော်တော်လေးကို ဖလမ်းမြို့ ခလရ – ၂၆၈ ကို ခုခံကာကွယ်တဲ့ အခြေအနေမှာရှိပါတယ်။ အကြိမ်ပေါင်း ၁၀၀၀ ကျော်ကို ပစ်ခတ် တိုက်ခိုက်ခဲ့ပေမယ့်လည်း ၂၀၂၅ ဧပြီလ ၇ ရက်မှာ အပြီးပိုင် ဒီဖလမ်းမြို့ ခလရ – ၂၆၈ ရယ်၊ ဖလမ်းမြို့တခုလုံး အကုန်လုံးကို အပြီးပိုင်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
မေး။ ။ ဖလမ်းမြို့သိမ်းတိုက်ပွဲဟာ ချင်းတော်လှန်ရေးအင်အားစုတွေအတွက် ဘယ်လောက်အရေးကြီးပါလဲ။ စစ်ရေးမှာရော ဘယ်လိုအချက်အချာကျနေပါလဲ။
ဖြေ။ ။ ကျနော်တို့ ၅ လကျော် တိုက်ခိုက်ခဲ့ရတဲ့အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရအရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ပြည်ထောင်စုလမ်းမကြီး၊ ကလေးကနေ ဟားခါး ကြားထဲမှာရှိတဲ့ မြို့တစ်မြို့ဖြစ်သလို စီးပွားရေးအရသော်လည်းကောင်း၊ အိန္ဒိယနယ်စပ်နဲ့လည်း ထိစပ်နေတဲ့ မြို့လည်းဖြစ်တယ်။
ချင်းပြည်နယ်မြောက်ပိုင်းမှာဆိုရင် နိုင်ငံတကာနယ်နိမိတ်ရှိတာဟာ ဖလမ်းမြို့ဖြစ်တယ် ဆိုတော့ စီးပွားရေး အရသော်လည်းကောင်း၊ ထောက်ပို့လမ်းကြောင်းအရသော်လည်းကောင်း ၊ မြို့တော် ဟားခါးကိုသော် လည်းကောင်း ၊ ဒီဘက် ကလေးမြို့အတွက်သော်လည်းကောင်း၊ လုံခြုံရေးအရ အချက်အချာကျတဲ့ မြို့ဖြစ်တဲ့ အတွက်ကြောင့် ၅ လလောက်ကို စကစဘက်ကနေ လူအလုံးအရင်းရော၊ ဂျက်ဖိုက်တာတွေနဲ့ရော ခုခံ ကာကွယ်နေတာ ဖြစ်ပါတယ်။
မေး။ ။ လက်ရှိ ဖလမ်းမြို့ပေါ်အခြေအနေနဲ့ နယ်မြေရှင်းလင်းရေးအခြေအနေက ဘယ်လိုရှိပါလဲ။
ဖြေ။ ။ လက်ရှိဖလမ်းမြို့အခြေအနေကတော့ မြို့တွင်းသန့်ရှင်းရေးနဲ့ နယ်မြေရှင်းလင်းရေးကို ဆောင်ရွက် နေဆဲအခြေအနေမှာဖြစ်တဲ့အတွက် ဘယ်သူမှဝင်ခွင့်မရသေးပါဘူး။ လက်နက်ကိုင်အဖွဲ့တွေပဲ လုံခြုံရေးအရ ကျနော်တို့ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေဆဲ အခြေအနေဖြစ်တယ်။ စကစဘက်ကတော့ တုန့်ပြန်မှု ဘာမှတော့မရှိဘူး။ နောက်ပြီးတော့ ခလရ – ၂၆၈ ကနေ ထွက်ပြေးတိမ်းရှောင်သွားတဲ့သူတွေကိုလည်း ကျနော်တို့ လိုက်နေဆဲဖြစ်တယ်။
မေး။ ။ မြို့သိမ်းတိုက်ပွဲမှာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိမှုတွေအကြောင်းပြောပြပေးပါဦး။ သတင်းထုတ်ပြန်တဲ့ဓါတ်ပုံတွေထဲမှာ ငွေပမာဏ အများအပြားသိမ်းဆည်းရမိတာလည်း တွေ့ရပါတယ်။
ဖြေ။ ။ လက်နက်ခဲယမ်းကတော့ ဟောင်ဝစ်ဇာအပါအဝင် လက်နက်ခဲယမ်းတွေ၊ လက်နက်ကြီး ၊ လက်နက်ငယ်ပေါင်းမြောက်များစွာ နောက်ပြီးတော့ ငွေလည်းအလုံးအရင်းနဲ့ပေါ့လေ။ သိန်းလေးထောင်ကျော် သိမ်းဆည်း ရရှိထားပါတယ်။
မေး။ ။ စစ်ကောင်စီ စစ်သုံ့ပန်းတွေကို အရှင်ဖမ်းဆီးရမိတာတွေ ထပ်မံရှိပါသေးလားခင်ဗျာ။
ဖြေ။ ။ လက်ရှိအခြေအနေမှာ စစ်သုံ့ပန်း ၂၀၀ ကျော်ကို ကျနော်တို့ထိန်းသိမ်းထားပါတယ်။ ဒါပေမယ့် နောက်ထပ်ရှိနိုင်သေးတာမို့ စာရင်းကတော့ အတိအကျပြန်လည်ပြီးတော့ ကြေညာပေးပါမယ်။
မေး။ ။ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ချင်းပူးပေါင်းတပ်နဲ့အတူ ရခိုင် ULA/AA နဲ့ အညာတကြောကတပ်တွေ အများအပြားပါဝင်ခဲ့တာ တွေ့ပါတယ်။ အဲဒီမှာ ဘယ်လိုပူးပေါင်းဖော်ဆောင်ခဲ့ရသလဲဆိုတာ သိချင်ပါတယ်။ ချင်း၊ ရခိုင်နဲ့ ဗမာတွေ ပူးပေါင်းတပ်တွေရဲ့ အမှတ်ရစရာတွေလည်း ပြောပြပေးပါဦးခင်ဗျာ။
ဖြေ။ ။ အာရက္ခတပ်တော် ULA/ AA အနေနဲ့ ကျနော်တို့ကို ဖလမ်းမြို့မှာ ကျနော်တို့လိုအပ်တဲ့ လက်နက် ခဲယမ်းနဲ့ စစ်ပိုင်းဆိုင်ရာနည်းဗျူဟာတချို့ လမ်းညွှန်ပြသတာတွေ ရှိပါတယ်။ နောက်ပြီးတော့ အညာမှာရှိတဲ့ ကျနော်တို့ချင်းညီနောင်က ကောင်းမွန်တဲ့အိမ်နီးချင်းကောင်းကို ပိုင်ဆိုင်ချင်တာဖြစ်တယ်။
ဆိုတော့ စစ်ကိုင်းမှာ ရှိတဲ့ လက်နက်ကိုင်တွေနဲ့ မကွေးမှာရှိတဲ့၊ ယောမှာရှိတဲ့ လက်နက်ကိုင်သော်လည်းကောင်း ၊ ရခိုင်တပ်တော် AA နဲ့သော်လည်းကောင်း ပူးပေါင်းနိုင်တဲ့လမ်းကြောင်းရှိရင် အဖက်ဖက်ကနေ ကျနော်တို့ ပူးပေါင်း ပြီးတော့ စကစ (စစ်ကောင်စီ) ကင်းစင်ဖို့အတွက် ဆက်လက်ပြီးလုပ်ဆောင်သွားမှာဖြစ်သလို၊ ဖလမ်းမြို့သိမ်း တိုက်ပွဲမှာလည်း အဲလိုလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
မေး။ ။ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးပြီးသွားရင် ရှေ့ဆက်ဘာတွေဆောင်ရွက်သွားဖို့ရှိပါလဲခင်ဗျာ။
ဖြေ။ ။ ဖလမ်းမြို့ကို နယ်မြေရှင်းလင်းရေးတွေအနေနဲ့ မိဘပြည်သူများ ပြန်လည်နေထိုင်လို့ရအောင် မိဘပြည်သူများအတွက် လုံခြုံတဲ့အခြေအနေတခု ရောက်တဲ့အခြေအနေမှာ ကျနော်တို့ CNO/ CNDF ကနေ ပြန်လည်ကြေညာပြီးတော့ ပြန်လည်နေထိုင်လို့ရအောင် ကျနော်တို့အမြန်ဆုံးလုပ်ဆောင်သွားဖို့ ရှိပါတယ်။ နောက်ပြီးတော့ ကျနော်တို့အစိုးရအုပ်ချုပ်ရေးယန္တရား ပြန်လည်လည်ပတ်နိုင်အောင်လည်း ကျနော်တို့ ဆက်လက်ပြီးတော့ အချိန်တခုယူပြီးမှ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
မေး။ ။ နောက်ဆုံးအနေနဲ့ ဖြည့်စွက်ပြောကြားချင်တာရှိရင်လည်း ပြောပေးပါဦး။
ဖြေ။ ။ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးမှာ အသက်ပေးလှူကြတဲ့အာဇာနည်သူရဲကောင်းတွေ၊ ကိုယ်လက်အင်္ဂါ ပေးဆပ်တဲ့ ရဲဘော်တွေ၊ ရှေ့တန်းမှာ ရွံ့ရွံ့ချွံချွံတိုက်ပွဲဝင်ကြတဲ့ မဟာမိတ်အဖွဲ့ဝင်တွေနဲ့ ချင်းညီနောင်အဖွဲ့များ အားလုံးကို ဒီကနေကျေးဇူးတင်ကြောင်း လေးစားကြောင်း အလေးအနက်ပြုပါကြောင်း နောက်ဆုံးပြောချင်ပါတယ်။
KMG ပေးပို့သည်။