
“ညှင်းပန်းနှိပ်စက်ခွင့်လိုင်စင်”ဆိုသည့် အစီရင်ခံစာအားထုတ်ပြန်သည့် ညီမျှခြင်းမြန်မာအဖွဲ့မှတာဝန်ရှိသူနှင့် မေးမြန်းချက်။
စစ်အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ်က စတင်ပြီး စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေအပေါ် လူမဆန်တဲ့ ညှင်းပန်းနှိပ်စက်မှုတွေနဲ့ ပတ်သက်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စောင့်ကြည့် မှတ်တမ်းတင်နေတဲ့ ညီမျှခြင်းမြန်မာအဖွဲ့ (Equality Myanmar) က မြေပြင်အချက်အလက်များကို ကောက်ယူ မှတ်တမ်းတင်ထားတဲ့ “ညှင်းပန်းနှိပ်စက်ခွင့်လိုင်စင်”ဆိုတဲ့ အစီရင်ခံစာကို စက်တင်ဘာ ၁၈ ရက်မှာ မိတ်ဆက် ထုတ်ပြန်လာပါတယ်။
အဲ့ဒီအစီရင်ခံစာအရ စစ်အုပ်စုရဲ့ ညှင်းပမ်းနှိပ်စက်မှုဟာ တစ်နှစ်ထက်တစ်နှစ် ပိုမြင့်တက်လာနေတဲ့အပြင် လက်ရှိ ၂၀၂၃ ခုနှစ်မှာ ပိုများလာပြီး ညှင်းပန်းနှိပ်စက်မှု အများဆုံးခံရတဲ့သူတွေဟာ စစ်ကိုင်းတိုင်းထဲက ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး ညီမျှခြင်းမြန်မာအဖွဲ့တာဝန်ရှိသူအမျိုးသမီးကို အခုလို မေးမြန်းထားပါတယ်။
မေး။ ။ ဒီနေ့ထုတ်ပြန်တဲ့ “ညှင်းပန်းနှိပ်စက်ခွင့်လိုင်စင်”အစီရင်ခံစာမှာ ဘယ်လိုအကြောင်းအရာတွေ အဓိက ပါဝင်ပါလဲ။
ဖြေ။ ။ ညီမျှခြင်းမြန်မာ EQMM က စုဆောင်းရရှိထားတဲ့ ညှင်းပမ်းနှိပ်စက်ခံရသူတွေရဲ့ အချက်အလက်တွေကို စိစစ်ပြီးတော့ ထုတ်ဝေတဲ့ အစီရင်ခံစာ ဖြစ်ပါတယ်။ အစီရင်ခံစာထဲမှာဆိုရင် လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်နေတဲ့ ဧရိယာ၊ လက်နက်ကိုင်ပဋိပက္ခ မရှိတဲ့ ဧရိယာတွေမှာ ဖြစ်ပေါ်နေတဲ့ စစ်ကောင်စီနဲ့ သူ့တို့ရဲ့မဟာမိတ် လက်နက်ကိုင်အဖွဲ့တွေက ကျူးလွန်တဲ့ တရားလက်လွတ်ဖမ်းဆီးမှုတွေ၊ နှိပ်စက်ညှင်းပမ်းမှုတွေကို ဖော်ပြထားတာ ဖြစ်ပါတယ်။
မေး။ ။ စစ်အုပ်စုရဲ့ညှင်းပမ်းနှိပ်စက်ခံရသူတွေဟာ ဘယ်လိုလူတွေဖြစ်ပြီးတော့ ဘယ်ဒေသတွေက အများဆုံး ခံနေရတာကို ဒီအစီရင်ခံစာမှာ တွေ့ရှိရပါလဲ။
ဖြေ။ ။ ဒီအစီရင်ခံစာထဲမှာဆိုရင် အရပ်သားပြည်သူတွေအပေါ် စစ်အုပ်စုက တရားမဲ့ပြုကျင့်မှုတွေနဲ့ ပတ်သက်ပြီး ဖော်ပြထားတာဖြစ်ပါတယ်။ အများဆုံး ဖြစ်ပွားတဲ့နေရာက စစ်ကိုင်းတိုင်းဖြစ်ပြီးတော့ ကျူးလွန်ခံရသူ အများစုက အမျိုးသားတွေ ဖြစ်ပါတယ်။
မေး။ ။ အစီရင်ခံစာအရ စစ်ကိုင်းတိုင်းထဲမှာ အများဆုံးညှင်းပမ်းနှိပ်စက်ခံရတယ်လို့ ဆိုထားတော့ စစ်ကိုင်းတိုင်းက ဘာကြောင့်ခံရတာ အများဆုံးဖြစ်တယ်လို့ ထင်ပါလဲ။
ဖြေ။ ။ လက်နက်ကိုင်ပဋိပက္ခတွေ ရှိနေတဲ့နေရာဖြစ်တဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ စစ်အုပ်စုက လက်နက်ကိုင် ထားတဲ့ ဆန့်ကျင်သူတွေကို မချေမှုန်းနိုင်တဲ့အခါမှာ တော်လှန်သူတွေကို ထောက်ပံ့မပေးနိုင်အောင်၊ ကြောက်ရွံ့ပြီး မထောက်ခံရဲတော့အောင်လို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြည်သူကို အဓိက ပစ်မှတ်ထား ချေမှုန်းနေတာလည်း ဖြစ်ပါတယ်။
မေး။ ။ အချက်အလက်တွေအရ ညှင်းပမ်းနှိပ်စက်မှုတွေကို ဘယ်လိုပုံစံတွေ အများဆုံး ကြုံတွေ့ရပြီးတော့ ညှင်းပမ်းနှိပ်စက်ခံရမှုတွေအရ လူသေဆုံးမှု ဘယ်လောက်ထိ ရှိခဲ့ပါလဲ။
ဖြေ။ ။ လက်နက်ကိုင်ပဋိပက္ခ ဖြစ်နေတဲ့နေရာနဲ့ လက်နက်ကိုင်ပဋိပက္ခ မဖြစ်တဲ့နေရာကို ခွဲခြားပြောရမှာ ဖြစ်ပါတယ်။ လက်နက်ကိုင်ပဋိပက္ခ ဖြစ်တဲ့နေရာတွေမှာ ရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်လာတယ်။ ရွာသားတွေကို ဖမ်းဆီးတယ်။ စစ်ကြောရေးစခန်းတွေ မဟုတ်တဲ့ ဘုန်းကြီးကျောင်းတွေ စာသင်ကျောင်းတွေမှာ ချုပ်နှောင်ဖမ်းဆီးတယ်။ ကြိုးတွေနဲ့ တုတ်တယ်။ ရိုက်နှက်တယ်။ အဲဒီမှာ အမျိုးသမီးတွေကို မုဒိန်းကျင့်တယ်။ တချို့ သတ်ဖြတ်ခံရတာရှိတယ်။
တချို့ကိုတော့ ဖမ်းဆီးနှိပ်စက်ပြီး လူသားဒိုင်းအဖြစ် အသုံးချဖို့ ခေါ်သွားတယ်။ တချို့ကို ပေါ်တာအဖြစ် ခေါ်သွားတာရှိတယ်။ တချို့ကိုတော့ သတ်ဖြတ်လိုက်တယ်။ တချို့ကိုတော့ ပြန်လွှတ်ပေးမယ် သိန်းဘယ်နှစ်ဆယ် ပေးရမယ်ဆိုတာမျိုး တောင်းပြီး ပြန်လွတ်ပေးလိုက်တာ ရှိတယ်။ လက်နက်ကိုင် ပဋိပက္ခမရှိတဲ့ မန္တလေးလို၊ ရန်ကုန်လို နေရာမှာတော့ စစ်ကြောရေးကို ခေါ်သွားတယ်။ စစ်ကြောရေး စခန်းတွေမှာ ရည်ရွယ်ချက်ရှိရှိ စနစ်တကျ နှိပ်စက်တယ်။ အဲဒီမှာ ခန္ဓာကိုယ်ကိုရော စိတ်ဓါတ်ကိုပါ ညှင်းပမ်းနှိပ်စက်လေ့ ရှိတယ်။
သူတို့လိုချင်တဲ့ အချက်အလက်မရမချင်း မိသားစုတွေကို ဖမ်းဆီးတာ၊ မိသားစုဝင်တွေကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်တာတွေ လုပ်တယ်။ စစ်ကြောရေးကနေ လက်လွန်သေဆုံး သူတွေလည်း ရှိတယ်။ တချို့ကျ သေလား၊ မသေလား မသိရဘူး၊ ဖမ်းသွားတယ်၊ ပျောက်သွားတယ်ဆိုတဲ့ အချက်အလက်တွေလည်း ရှိပါတယ်။ ကျမတို့ စုဆောင်းထားတဲ့ အချက်အလက်အရ ဖမ်းဆီးညှင်းပမ်း နှိပ်စက်လို့ သေဆုံးသူတွေက အမျိုးသား ၃၁၆ ဦး၊ အမျိုးသမီ ၂၆ ဦး၊ ၁၈နှစ်အောက်ကလေး ၂၃ ဦး၊ LGBTQI ၆ ဦး၊ ကျား၊ မ မခွဲခြားနိုင်သူ ၈၂ ဦး၊ စုစုပေါင်း ၄၅၃ ဦး ရှိပါတယ်။
မေး။ ။ ညှင်းပမ်းနှိပ်စက်မှုတွေကို စစ်ကောင်စီတပ်ကပဲ ကျူးလွန်တာလား၊ တခြားအဖွဲ့တွေက ကျူးလွန်တာ ကိုရော ရှာဖွေတွေ့ရှိထားမျိုး ရှိပါလား။
ဖြေ။ ။ ကျူးလွန်သူတွေဟာ စစ်ကောင်စီအပြင် စစ်အုပ်စုနဲ့ အဆင်ပြေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ပျူစောထီး၊ နယ်ခြားစောင့်တပ်စတဲ့ လက်နက်ကိုင်အဖွဲ့တွေလည်း ပါဝင်ပါတယ်။
မေး။ ။ ဒီအစီရင်ခံစာပါ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ဘာတွေများ ဆက်လက်ဆောင်ရွက်သွားဖို့ရှိပါလဲ။
ဖြေ။ ။ ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာရှိတဲ့ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းများဖြစ်တဲ့ လူ့အခွင့်အရေးကောင်စီ၊ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးအရာရှိ၊ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး စသည် တို့ကို ပိုဆောင်ပြီး နိုင်ငံတကာ စည်းရုံးလှုံ့ဆော်မှုလုပ်ငန်းများမှာ ပြည်သူများ၏ အခြေအနေများကို တင်ပြသွားမှာ ဖြစ်ပါတယ်။ ဆက်လက်ပြီး အနာဂတ်မှာ ပေါ်ပေါက်လာနိုင်တဲ့ တရားမျှတမှုဖော်ဆောင်မယ့် ယန္တရားများအတွက်လည်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
မေး။ ။ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ဘာများဖြည့်စွက်ပြောချင်တာရှိပါသေးလဲ။
ဖြေ။ ။ ကျမတို့ အချက်အလက်စုဆောင်းတဲ့နေရာမှာ မီဒီယာတွေရဲ့ အကူအညီ အများကြီးလိုပါတယ်။ ကျမတို့ကို မီဒီယာတွေက အခုထက် ပိုကူညီပေးနိုင်မယ်ဆိုရင် အချက်အလက်ကောက်ယူရာမှာ ပိုပြီးအဆင်ပြေ ချောမွေ့လာနိုင်ပါတယ်။ အခုလို မေးမြန်းတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်။
ဆေကောင်ခမ်း (ရှမ်းနီအသံ) ပေးပို့သည်။