စစ်အာဏာရှင် အမြစ်ဖြုတ်တိုက်ခိုက်ရေးနှင့်အတူ အထူးအလေးထားလုပ်ဆောင်ရန်လိုအပ်နေသည့် သယံဇာတ ဘေးဒဏ်အရေး၊ သဘာဝပတ်ဝန်းကျင်အရေးနှင့်ပတ်သက်ပြီး သဘာပတ်ဝန်းကျင်ရေးရာပညာရှင်ဦးဝင်းမျိုးသူ နှင့်ဆက်သွယ်မေးမြန်းချက်။
သျှမ်းပြည်အတွင်း သဘာဝဘေးဖြစ်သည့် ရေကြီးမှုဒဏ်၊ တောင်ပြိုမှုဒဏ်ကို ယခင်တကြိမ်တခါမျှပင် ကြီးကြီးမားမား မကြုံခဲ့ဖူးရာက ယခုနှစ်အတွင်း ရေကြီးတောင်ပြိုမှုဒဏ်ကို ကြီးမားဆိုးရွားစွာ စတင် ကြုံလာခဲ့ရပါသည်။
ယခုလို ရေကြီးတောင်ပြိုမှုဒဏ်က သျှမ်းပြည်အတွင်း သစ်တောပြန်းတီးမှု၊ သယံဇာတတူးဖော်မှုစသည့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများနှင့် ဘယ်လိုချိတ်ဆက် ဆက်စပ်နေပါလဲ။ ယင်းအပြင် သျှမ်းပြည်အတွင်း တိုင်းရင်းသား လက်နက်ကိုင်ပေါင်းစုံသည့်ဒေသများမှာရော သဘာဝပတ်ဝန်းကျင် အခြေအနေက ဘယ်လိုရှိနေပါလဲ။
လက်ရှိကာလ စစ်အာဏာရှင် အမြစ်ဖြုတ်တိုက်ခိုက်ရေးနှင့်အတူ သယံဇာတအရေး၊ သဘာဝပတ်ဝန်းကျင် အရေးက ဘယ်လောက်ထိ အရေးကြီးလုပ်ဆောင်ကြရန် လိုအပ်နေပါလဲ။ ဒီအခြေအနေများနှင့် ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်ရေးရာပညာရှင် ဦးဝင်းမျိုးသူကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ လက်ရှိ သျှမ်းပြည်ရဲ့သဘာဝပတ်ဝန်းကျင်ကို ကြည့်မယ်ဆိုရင် အင်းလေးလိုဒေသမျိုးမှာ တကြိမ် တခါမှမဖြစ်ဘူးတဲ့ ရေကြီးမှုဒဏ်ကို စတင်ကြုံတွေ့လာတာ တွေ့ရပါတယ်။ ဒါတွေဟာ သစ်တောဖြုန်းတီးမှုတွေ သယံဇာတတူးဖော်မှုတွေနဲ့ ဘယ်လောက်ထိ ချိတ်ဆက်မှုတွေရှိနေပါလဲ။
ဖြေ။ ။ သဘာဝအရင်းမြစ်တွေဖြစ်တဲ့ သစ်တော၊ ဇီဝမျိုးကွဲ၊ မြေ၊ ရေအရင်းအမြစ်တို့က အကုန်လုံးချိတ်ဆက် နေတယ်။ တခုပျက်စီးသွားတာနဲ့ နောက်တခု အပေါ်မှာလာပြီးတော့ ထိခိုက်မှုရှိတယ်။ သစ်တောတွေ ပျက်သွား တယ်ဆိုရင် သူတို့ထိန်းပေးထားတဲ့ ရေမြေတွေက ပိုပြီးပျက်စီးဆုံးရှုံးသွားတယ်။ မြန်မာပြည်မှာကတော့ ကြာလေဆိုးလေ ဖြစ်နေတဲ့အချိန်မှာ ပြီးခဲ့တဲ့ မုန်တိုင်းရာဂီအဖျားလေး ခတ်သွားတာတောင် တော်တော်လေး ခံလိုက်ရတယ်။ ဒါက ကျနော်တို့ရဲ့ ခံနိုင်ရည်ခံနိုင်အားက အရမ်းကိုနိမ့်ကျနေပြီ၊ စိုးရိမ်စရာကောင်းနေပြီ ဆိုတာကိုပြတာပါပဲ။ ဒီထဲမှာ သျှမ်းပြည်လည်းပါပြီးတော့ နယ်မြေလည်းကျယ်တယ်၊ တောတောင်ရေမြေ ကလည်း ကျယ်တယ်။ အဖွဲ့ပေါင်းစုံလည်းရှိတယ်။
တရားဥပဒေစိုးမိုးရေးနဲ့ ကောင်းမွန်တဲ့စီမံအုပ်ချုပ်ရေး အနေအထားပေါ်မှာ မူတည်နေတော့ ပတ်ဝန်းကျင်အနေအထား ပြုန်းတီးပျက်စီးမှုက နေရာအနှံမှာဖြစ်နေတယ်။ ဒါကြောင့်သျှမ်းပြည်က အဓိကခံစားရတဲ့ အနေအထားမှာရှိတယ်။ ၂၀၂၁ ဒီဇင်ဘာလအထိ ချိတ်ဆက်ထားတဲ့ သျှမ်းလူထုဖွံ့ဖြိုးမှုဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ လေ့လာခဲ့ရသမျှ ကွင်းဆင်းကြည့်တဲ့အခါ သံလွင်မြစ်ကြောင်း တလျှောက် ၆၉ မြို့နယ်မှာ ၇၀ ရာခိုင်းနှုန်းလောက် သစ်တောတွေ ပျက်စီးဆုံးရှုံးမှု ရှိခဲ့တာကိုတွေ့ရတယ်။ အထူးသဖြင့် သျှမ်းပြည်မှာက လင်းခေးဒေသတို့ဘက်မှာ ကျွန်းသစ်တွေရှိတယ်။ လွိုင်လင်လိုမျိုးဒေသတွေဆိုရင် ထင်းရှူးတောတွေ ရှိတယ်။ သစ်တောထွက်ပစ္စည်း ထုတ်တာတွေအပြင် မီးသွေးထုတ်ပြီး ထိုင်းကိုရောင်းတာတွေရှိတယ်။
နောက်တခုက သျှမ်းပြည်က သတ္တုပေါတယ်။ ကျောက်မီးသွေး ၊ ခနောက်စိမ်း၊ ရွှေတွေ တူးတဲ့အတွက် ကြောင့် ရာဂီမုန်တိုင်း တိုက်လိုက်တဲ့အချိန်မှာ အကြီးအကျယ်ခံစားခဲ့ရတယ်။ အဲ့ဒီဒေသတွေမှာ တွေ့ရှိချက်အရ မဂ္ဂနီဆီယံ သတ္တုကြော အကြီးကြီးရှိတယ်။ ဒါနဲ့ဆက်စပ်ပြီးတော့ တခြားသတ္တုတွေကိုပါ တူးကြတယ်။ ဒေသခံ တွေအပြင် စီးပွားရေးလုပ်ငန်းရှင်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ အစိုးရ စစ်တပ်ဘက်ကလူတွေလည်း ပါတယ်။ အပွင့်လင်းဆုံးပြောရရင် သျှမ်းပြည်မှာ ပတ်ဝန်းကျင်ပြုန်းတီးမှုက အရမ်းကိုများတယ်။ အောက်စဖို့ဒ် တက္ကသိုလ်နဲ့ ပေါင်းပြီးပြီးတော့ သံလွင်မြစ်နဲ့ စစ်တောင်းမြစ်တို့ ညစ်ညမ်းမှုကို တိုင်းတာဖူးတယ်။ တော်တော် အံ့အားသင့် ခဲ့တယ်။ အာဆင်းနစ်ကို တွေ့တယ်။ လွန်လွန်ကျူးကျူး များနေတယ်။ သံလွင်မြစ်မှာက ခဲ၊ ဇင့်အပြင် အန်တီမိုနီ (ခနောက်စိမ်း) ၂၀၁၇- ၂၀၁၈ ကတည်းက တွေ့တယ်။ နောက်တခုကတော့ စစ်ဘေးရှောင်တွေများလာတယ်။
သူတို့နေထိုင်ဖို့အတွက် နေရာရှင်းရတာတွေ၊ နေဖို့ထိုင်ဖို့ အတွက် ဝါးတွေသစ်တွေ လိုအပ်လာတယ်။ ထင်းတွေ ခုတ်ရတဲ့အတွက်ကြောင့် သစ်တောပြုန်းတီးမှုက စစ်ကြောင့် ဖြစ်လာတဲ့ စစ်ဘေးဒုက္ခသည်တွေ ကြားထဲမှာလည်း ဖြစ်လာတာကိုတွေ့ရတယ်။ အကြမ်းဖျင်း ပြောရရင်တော့ အဖိုးတန်တဲ့သစ်တွေရှိလေ အဲ့နေရာတွေက ပိုပြုန်းလေ ဖြစ်နေတယ်။ ဒါကတော့ ၂၀၂၁ အထိ လုပ်ထားတဲ့စာတမ်းဖြစ်တယ်။ နောက်တခုက ဘိန်းစိုက်ပျိုးမှုကြောင့် ဖြစ်လာတယ်။ ဘိန်းစိုက်ဖို့အတွက် သစ်တောတွေကို ခုတ်ခဲ့တာတွေရှိတယ်။ သျှမ်းမြောက်မှာဆိုရင် ပြောင်းစိုက်တဲ့ နေရာတွေမှာ ဆေးတွေကို တောင်သူတွေကဝယ်သုံးပြီး အထွက်တိုးပေမယ့် အကြွေးတွေက တိုးလာတယ်။ တဖက်က စိုက်ဖို့အတွက် အတိုးယူထားတယ်၊ အဲ့ကနေ အဆင်မပြေဖြစ်လာပြီး မြေတွေ ထိုးရောင်းရတာတွေ ဖြစ်ခဲ့တော့ အကြွေးရှင်တွေ မြေရှင်တွေကလည်း တရုတ်လူမျိုးတွေများတယ်။
ဒေသခံပြည်သူတွေက အဆင်မပြေတဲ့နောက်ဆုံး သစ်တောတွေထဲသွား သစ်ခုတ်၊ မီးသွေးထုတ်ရတာကိုပဲ ရွေးစရာရှိတော့တယ်။ ဒါက စစ်အာဏာမသိမ်းခင်တည်းက ဖြစ်နေတာ။ အခုကတော့ ပိုဆိုးလာပြီ။ မြောက်ပိုင်း ညီနောင်သုံးဖွဲ့သိမ်းပြီး နောက်ပိုင်းမှာလည်း တရုတ်တွေ ထပ်ရောက်လာတွေရှိတယ်။ သတ္တုတွေတူးတဲ့အတွက် ရေကြောတွေခမ်းကုန်တာ ရှိတယ်။ ၂၀၀၂ ကနေ ၂၀၁၄ ထိ ၁၂ နှစ်စာ သစ်တော ပြုန်းတီးမှုကို လေ့လာတဲ့အခါ တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းထားတဲ့ဒေသတွေနဲ့ စစ်ကောင်စီနဲ့ပူးပေါင်းထားတဲ့ အဖွဲ့အစည်းတွေ ထိန်းချုပ်ထားတဲ့နေရာတွေကို ယှဉ်ကြည့်တဲ့နေရာမှာ စကစနဲ့ ပူးပေါင်းအဖွဲ့တွေ ထိန်းချုပ်ထားတဲ့နေရာတွေက ပိုပြီးပြုန်းတီးတာကို တွေ့ရတယ်။
ပင်လုံဆွေးနွေးပွဲမှာလည်းပါဝင်ခဲ့ဖူးတော့ တွေ့ရတာက ဆွေးနွေးပွဲတိုင်းမှာ တပ်မတော်သားကိုယ်စားလှယ်တွေက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို သဘာဝပတ်ဝန်းကျင်တွေကို လိုချင်လို့ ငြိမ်းချမ်းရေးမရတာ ဖြစ်တယ်ဆိုပြီး အမြဲတမ်းစွပ်စွဲ ပြောဆိုတာရှိတယ်။ သို့သော်လည်း စကစ (စစ်ကောင်စီ) က ပိုပြီးအစိုးရတဲ့ နေရာတွေမှာ ပိုပြီးပျက်စီးခဲ့ရတာကို တွေ့ရတယ်။ ကရင်နီမှာလည်း စကစ (စစ်ကောင်စီ) နဲ့ ပေါင်းထားတဲ့ အဖွဲ့အစည်းတွေ ရှိတဲ့နေရာတွေ ဥပမာ – ဘော်လခဲလို နေရာမျိုးတွေမှာ သစ်တောပြုန်းတီးမှု အရမ်းများတယ်။
မေး။ ။ သျှမ်းပြည်မှာ ရေကြီးမှုတွေက တခါမှမဖြစ်ဖူးတဲ့ဒေသတွေမှာ ဖြစ်ခဲ့တယ်ဆိုတော့ နောက်နှစ်တွေမှာရော ဘယ်လိုစိန်ခေါ်မှုတွေ ဖြစ်လာနိုင်ပါလဲ။
ဖြေ။ ။ ရေကြီးတဲ့ဒဏ်နဲ့ပတ်သတ်ပြီးတော့ အောက်စဖို့ဒ်မှာလုပ်ခဲ့တုန်းက တရုတ်လူမျိုးတစ်ယောက်က သူရဲ့ ဒေါက်တာဘွဲ့အတွက် မြန်မာနိုင်ငံသဘာဝပတ်ဝန်းကျင်နဲ့ပတ်သတ်ပြီး လုပ်ခဲ့တဲ့သုတေသနစာတမ်းတစ်ခုကို တွေ့ခဲ့ဖူးတယ်။ အစတုန်းကတော့ သူ့ရဲ့စာတမ်းမှာပါတဲ့ ရှမ်းပြည် ရေကြီးနိုင်တဲအကြောင်း စာတမ်းကို သိပ်မကြိုက်ခဲ့ဘူး။ ရှမ်းပြည်က ဘယ်လိုရေကြီးနိုင်မလဲ မယုံခဲ့ဘူး။ ရေကြီးတာက ၂ မျိုး ရှိတယ်။ မြစ်ရေကြောင့် ကြီးတာရယ်၊ မိုးများလို့ တောင်ကျရေတွေကြောင့် ပိတ်ပြီးကြီးတာရယ်။ မြန်မာပြည်ရဲ့ပြဿနာက တစ်နိုင်ငံလုံး မှာမှ မိုးလေဝသစခန်းက ၃၀ ကျော်ပဲ ရှိတယ်။ သူကောက်ယူထားတဲ့ နှစ် ၃၀ အတွင်း အချက်အလက်တွေနဲ့ မူတည်ပြီးတော့ ဘယ်မှာမိုးကြီးမယ်၊ ရေကြီးနိုင်တယ်ဆိုတာကို ခန့်မှန်းခဲ့တယ်။ ဖွံဖြိုးပြီးနိုင်ငံတွေကတော့ နှစ်တစ်ရာစာခန့်မှန်းချက်က ပိုပြီးမှန်တယ်။
သူရဲ့စာတမ်းအရ မြန်မာနိုင်ငံရဲ့ဖြစ်လာနိုင်တဲ့ အခြေအနေတွေကို ခန့်မှန်းထားတာက ဆရာ့အတွက် မဖြစ်နိုင် ဘူးလို့ထင်ခဲ့တယ်။ သို့သော် မုန်တိုင်းရာဂီတိုက်ပြီးတဲ့အချိန်မှာ ရေကြီးမယ်လို့ ခန့်မှန်းထားတဲ့နေရာတွေ အကုန်ဖြစ်ခဲ့တယ်။ အဲ့ဒီစာတမ်းအရ မြန်မာနိုင်ငံမှာ ရေကြီးရေလျှံတာကြောင့် ၂၀၁၄ သန်းခေါင်စာရင်းအရပေါ့ ဆိုးဆိုးဝါးဝါး ထိခိုက်ခံစားရမယ့်သူက ၂၈ သန်း ရှိတယ်။ ဒါက စာတမ်းအရ အမျိုးအစားခွဲခြားထားတာပေါ့။ တောင်ပြိုတာတွေလည်း အရမ်းဖြစ်တယ်။ ခြောက်သွေ့တဲ့နေရာတွေလည်း ရှိတယ်။ လေမုန်တိုင်းကတော့ အရှေ့၊ တောင်တရုတ်ပင်လယ်က လာနိုင်တာတွေရှိတယ်။ သျှမ်းပြည်က သဘာဝဘေး အန္တရာယ်ကြောင့် ထိခိုက်နိုင် တာတွေ အများကြီးရှိတယ်။ လင်းခေး၊ မောက်မယ်တို့လို ပေ ၃၀၀၀ အောက်ရောက်သွားတဲ့ ဒေသတွေမှာ တောင်ပြိုကျမှုတွေရော၊ ရေကြီးမှုတွေက အခုလိုခံစားခဲ့ရတာတွေ ဖြစ်တယ်။ နောက်တခုက မြို့တွေကို အတင်း တိုးချဲ့ဆောက်တယ်။ ပလတ်စတစ်စွန့်ပြစ်မှုတွေကြောင့် ရေဆင်းဖို့ ပိတ်သွားတာတွေ ဖြစ်တယ်။ နောက် သတ္တု တူးတယ်၊ ဒါတွေကြောင့် ဖြစ်တယ်။
ဒါတွေကို လုပ်နေတဲ့လူတွေကို တားဖို့ကအရမ်းခက်သွားပြီ။ ဆရာတို့ အရင်ကလုပ်ခဲ့တဲ့ ဒေသအခြေစိုက်၊ ရပ်ကျေး အခြေစိုက်လုပ်ခဲ့တာတွေ ရှိခဲ့ဖူးတယ်။ သို့သော်လည်း သျှမ်းပြည်အခြေအနေအရ လက်နက်ကိုင် တပ်ဖွဲ့တွေက တနေရာထဲမှာ အများကြီး ရှိနေတာမျိုးတွေရှိတယ်။ သူတို့ကိုယ်တိုင်ကိုက ကိုယ့်သဘာဝ ပတ်ဝန်းကျင်ပျက်စီးစေမယ့် လုပ်ငန်းတွေ လုပ်နေတာမျိုးဆိုရင် တားလို့မရနိုင်တာတွေ ရှိတယ်။ ဒေသခံတွေ အနေနဲ့ကလည်း သူတို့ကိုဘယ်လောက်ထိ လွန်ဆန်ပြီးတော့ ပြောနိုင်လဲ။ ဒီအချက်က တော်တော်လေး မေးခွန်းထုတ်စရာ ဖြစ်လာတယ်။ လူငယ်တွေ ကလည်း တိုင်းပြည်အခြေအနေတွေကြောင့် ထိုင်းနိုင်ငံဘက်ကို သွားရောက်အခြေချတာတွေ များလာတာကြောင့် ဒီလိုဒေသတွေမှာ သက်ကြီးရွယ်အိုတွေပဲ ကျန်ခဲ့ပြီး လက်နက်ကိုင်တွေရဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်နေတဲ့ အရာတွေကို ဘာမှမပြောနိုင်တာမျိုးတွေ ရှိလာတယ်။
မေး။ ။ အရင်စစ်အာရှင်လက်ထက်တုန်းကလည်း သတ္တုတူးဖော်မှုတွေ အလွန်အကျွံတူးဖော်ခဲ့တယ်၊ လက်ရှိ အာဏာရှင်စစ်တပ်ကလည်း ပြန်တူးဖို့ စနေတာတွေရှိတယ်ဆိုတော့ ဒီဆိုးကျိုးတွေကို ဒေသခံလူထုတွေက ဘယ်လောက်ထိ ရင်ဆိုင်လာရနိုင်ပါလဲ။
ဖြေ။ ။ မြန်မာပြည်ကတော့ သယံဇာတကျိန်စာသင့်နေတာ။ သစ်တွေကုန်သွားတာတောင် သတ္တုတွေ ကျန်နေ သေးတယ်။ ကြောက်ခမန်း လိလိပါပဲ။ သတ္တုကနေရတဲ့ ဝင်ငွေက စာရင်းဇယားအရ ၂၀၂၁ တုန်းက ၃.၂ ဘီလီယံ လောက်ဝင်တယ်။ တရုတ်ကို ဓာတ်ငွေ့ရောင်းလို့ရတာက ၁.၄ ဘီလီယံပဲ ရှိတယ်။ အဲ့မှာတင် ၂ ဆ ပိုများနေပြီ။ ၂၀၂၂ မှာကြတော့ ၆ ဘီလီယံ ဖြစ်သွားပြီ။ ကျောက်စိမ်း၊ အခြားတွင်းထွက်ရတနာတွေ၊ မြေရှား၊ နောက်တခုက ခနောက်စိမ်း၊ အဖြိုက်နက်၊ ÒဝÓ ဒေသမှာက တက်စတင်းက အရမ်းထွက်တယ်၊ ခုတော့ ကုန်သွားပြီ။ တနှစ်ထဲ မှာတင် ၂ ဆ ခုန်တက်သွားတယ်။ မြန်မာနိုင်ငံရဲ့ဘူမိဗေဒကို ဆရာတို့လေ့လာခဲ့တဲ့အချိန်မှာ ဂရမ်နိုက်ကျောက် (နှမ်းဖက်ကျောက်) သတ္တုကြောရှိတယ်။ ဒီသတ္တုရှိတဲ့နေရမှာ အဖိုးတန်သတ္တုတွေ ထွက်တယ်။ အများဆုံးက လည်း သျှမ်းပြည်မှာ ရှိနေတယ်။ ဆိုတော့ သဘာဝသယံဇာတကျိန်စာကတော့ ဆက်ပြီးတော့ ကျနေအုံးမှာပဲလို့ ထင်တယ်။
အခု စစ်ဖြစ်နေတဲ့ နေရာတွေမှာလည်း ဒီသယံဇာတထွက်တဲ့ နေရာတွေကိုပိုပြီးတော့ စိုးမိုးနိုင်အောင် ကြိုးစား နေတာကိုလည်း တွေ့ရတယ်။ ဥပမာဆိုရင် မိုးကုတ်ထိကို ပါသွားတာမျိုး၊ ရွှေလီမြစ်ဝှမ်းလွင်ပြင် တခုလုံး ကို အဓိကသိမ်းသလိုမျိုး ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်က ဆည်တွေဆောက်ပြီးသားတွေ ရှိတယ်။ ရလာတဲ့ လျှပ်စစ်ဓာတ်အား ကိုလည်း တရုတ်ကိုပြန်ယူသွားဖို့ ရှိတယ်။ နောက်ထပ်လည်း ဆည်တွေ ထပ်ဆောက်ဖို့ ရှိတယ်။ ဒါကိုမဟာဗျူဟာ အရ လူမျိုးရေးတခုထဲမဟုတ်တော့ပဲ သယံဇာတတွေပါရအောင် အဓိက သိမ်းယူတယ်လို့ထင်တယ်။ KIA လည်း ကျောက်စိမ်းထုတ်တဲ့ဒေသတွေကို ဦးတည်ပြီးတော့ တိုက်ခဲ့တာကို တွေ့ရတယ်။ ဆိုတော့ လက်ရှိက သယံဇာတ လုပွဲကြီး ဖြစ်နေတယ်။ လက်ပြောင်းလက်လွှဲ ကာလထဲကို ရောက်နေတဲ့ အချိန်ဖြစ်နေတယ်။ ဒီကာလက အတိုင်းတာတစ်ခုထိ ကြာရှည်နေတယ်။ ဒေတာတွေအရ ၂၀၂၃ – ၂၀၂၄ မှာ Ò၁၀၂၇ စစ်ဆင်ရေး” တွေ ရပ်သွားတာတွေ ရှိတယ်။
သို့သော်လည်း ဒါက သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းဖို့ ရပ်တာမဟုတ်ဘဲ ထပ်တူးဖို့ လက်ပြောင်းလက်လွှဲ လုပ်နေတဲ့ကာလ ဖြစ်နေတယ်လို့ မြင်တယ်။ စိတ်မကောင်းစွာနဲ့ပဲ ပြည်သူတွေကပဲထပ်ပြီး ထိခိုက်နေအုံးမယ်လို့ မြင်တယ်။ အရင်က ဆရာ့မှာကားမောင်းတဲ့တပည့်လေး တစ်ယောက်လိုပေါ့။ လစာလည်း ကောင်းကောင်း ပေးထားပြီ ဆီတော့ထပ်မခိုးပါနဲ့လို့ ပြောလိုက်ပေမယ့် သူပြန်ပြောတာက Òဆရာရေ ဆရာတို့ လစာ ကောင်းကောင်းပေးထားပေမယ့် ကျနော်တို့ကတော့ ဆီမခိုးလိုက် ရရင်ကို မနေနိုင်ဖြစ်နေတာလို့Ó ပြန်ပြောတာ မျိုးပေါ့။ ပုဂ္ဂလိက အကျိုးစီးပွားတွေလည်းပါနေတော့ ပညာရှင်တွေ ကတော့ (ceasefire economy) လို့ ခေါ်တယ်။ လက်နက်ကိုင်တိုက်လိုက် အဲ့ဒီဒေသကိုရသွားတဲ့သူတွေကလည်း ဆက်ပြီးတော့ လုပ်ကြတယ်။ ဒါကို တဖက်က ပြန်တိုက်လိုက်နဲ့ နောက်ဆုံးကြတော့ ခံနေရာတာက လူထုပဲဖြစ်နေတယ်။ ဆိုတော့ လူထုကလည်း မထူးတော့ဘူးဆိုပြီး ရသလောက်ယူတယ်ပေါ့။ အဲ့လိုလုပ်လို့လည်း တိုင်းပြည်က အခြေအနေအဆိုးဆုံးအထိ ထိုးဆင်းသွားတယ်၊၊ သျှမ်းဒေသတွေကတော့ အဆိုးဆုံးပေါ့။
မေး။ ။ ခေတ်အဆက်ဆက်မှာ တက်လာတဲ့အစိုးရတိုင်းက နိုင်ငံရေးကို စိတ်ဝင်စားကြပေမယ့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ကိုတော့ စိတ်ဝင်စားမှု သိပ်မရှိတာတွေ့ရတယ်။ တိုက်တွန်းတာမျိုးတွေ ရှိခဲ့ပေမယ့်လည်း လိုက်မလုပ်ကြတဲ့အပေါ် ဘယ်လိုတွန်းအား ပြန်ပေးလို့ရနိုင်ပါလဲ။
ဖြေ။ ။ ဖက်ဒရယ် ပြောကြတယ်။ နယ်မြေတွေ မြေကို ခွဲကြတယ်။ အဓိကကတော့ သယံဇာတပဲ။ ဒေါ်အောင်ဆန်းစုကြည်လက်ထက်တုန်းက ကြည့်မယ်ဆိုရင်လည်း အစိုးရရဲ့နှစ်စဉ်ဝင်ငွေ ၆၀ ရာခိုင်းနှုန်းကလည်း သယံဇာတ ထုတ်ယူမှုကပဲရတယ်။ အဲ့ဒါတွေအားလုံးကလည်း တိုင်းရင်းသားဒေသတွေဆီက လာတယ်။ ကျန်တဲ့ ၃၀ ရာခိုင်နှုန်းက အခွန်တွေဆီကရယ်နဲ့ ၁၀ ရာခိုင်နှုန်းကပဲ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဆီက ရတာဖြစ်တယ်။ တကယ်တန်းပြောရရင် ၆၀ ရာခိုင်နှုန်းသော ဒီသယံဇာတထွက်တဲ့ နေရာတွေကို လုနေကြတာပဲလေ။ ဒီလိုတွေ လုယူကြပြီးတော့ ဒီငွေတွေကို ပြန်ခွဲတဲ့အခါ တိုင်းရင်းသားဒေသက ၁ ရာခိုင်နှုန်းပဲ ရတော့တယ်။ ဘာကြောင့်လဲ ဆိုတော့ ဗဟိုအစိုးရက ၈၆ ရာခိုင်နှုန်း သုံးပြီးတော့ ကျန်တဲ့ ၁၄ ရာခိုင်နှုန်းကို တိုင်းနဲ့ပြည်နဲ့တွေကို ခွဲတယ်ဆိုပြီး တော့ ၂၀၀၈ ခြေဥအရ လုပ်ခဲ့တယ်။ ဒီနေရာမှာ ပတ်ဝန်းကျင်ဆိုင်ရာ တရားမမျှတမှုပေါ့။ အင်းထဲကရေ လျှပ်စစ် ထုတ်တော့ ကယား၊ လွိုင်ကော်မှာရသမျှလျှပ်စစ်တွေ အကုန်လုံးသုံးတော့ ပြည်မမှာ။
လက်ရှိ အင်းထဲမှာလည်း ဘီလူးချောင်းက လျှပ်စစ်မရဘူး။ တောင်ပေါ်ကဆင်းလာတဲ့ လျှပ်စစ်က မီးသွယ်ယူ ရတယ်။ လျှပ်စစ်ထုတ်တဲ့ နေရာမှာလည်း ဗုံးထောင်မှာစိုးလို့ မြေသိမ်းတယ်။ စစ်တပ်စခန်းတွေ ချထားတယ်။ မိရိုးဖလာလုပ်ငန်းလုပ်တဲ့ သူတွေကိုတော့ ဖမ်းတယ်။ လွိုင်ကော်ကထုတ်တဲ့ လျှပ်စစ်တွေကို ဗမာပြည်က သုံးကြတယ်။ ၆၀ ရာခိုင်နှုန်း ကိုလည်း ကော်ပိုရေးရှင်းကြီး ၅ ခုကပဲ လက်ဝါးကြီးအုပ်ထားတယ်။ အစိုးရကို မလွှဲဘဲ ဌာနဆိုင်ရာပိုင် ဘဏ်အကောင့်တွေနဲ့ ထားကြတယ်။ စစ်တပ်အုပ်ချုပ်ခဲ့တဲ့ တလျှောက်မှာလည်း တိုင်းရင်းသားတွေဆီကရလာတဲ့ ဒီငွေတွေကို ဒီကော်ပိုရေးရှင်းကြီး ၅ ခုထဲကိုပဲ ဝင်နေတယ်။ စစ်တပ်နဲ့ သူတို့ အမျိုးအဆွေတွေပဲရတယ်။ ဒီလိုတွေ ဖြစ်ခဲ့လို့ တခြားလက်နက်ကိုင်တွေ လက်ထဲရောက်သွားရင်လည်း မထူးခြားနားပဲ ဖြစ်မယ်လို့ထင်တယ်။ တိုင်းရင်းသားတွေက ကိုယ့်မြေကိုယ့်ရေကို ချစ်တဲ့သူတွေပဲ။ အဓိက ဖြေရှင်း ရမယ့်ပြဿနာတွေက သယံဇာတအရေးနဲ့ ဘယ်လို စီမံခန့်ခွဲရမလဲဆိုတာကို အမြန်ဖြေရှင်းဖို့လိုတယ်။ ဒါတွေ မဖြေရှင်းနိုင်သေးသ၍ တိုင်းပြည်က လာမယ့် ၁၀ နှစ် ၁၅ နှစ်ထိ ကောင်းမယ်လို့ မမြင်တော့ဘူး။
မေး။ ။ သတ္တုတွေတူးဖော်နေတဲ့နေရာမှာ လက်နက်ကိုင်တပ်ဖွဲ့တွေကလည်း ပါဝင်နေတယ်ဆိုတော့ သူတို့ကို သွားပြီးပြောပြဖို့က စိန်ခေါ်မှုတွေ အရမ်းကြီးမားနေလား။
ဖြေ။ ။ ကြီးမားတာပေါ့။ လွိုင်လင်မှာဆိုရင် ကျောက်မီးသွေးထုတ်ဖို့ လုပ်တယ်လေ။ အဲ့မှာတင် ဒေသဆိုင်ရာက အဖွဲ့နှစ်ဖွဲ့ ကွဲသွားတယ်။ ဘုန်းကြီးတွေက ထုတ်ချင်တယ်။ သျှမ်းပြည်မှာကလည်း ဘုန်းကြီးတွေရဲ့အရှိန်အဝါက ကြီးတယ်။ တချို့ဒေသခံတွေကလည်း ဆန့်ကျင်တာတွေရှိတယ်။ တချို့ကလည်း သဘာဝသယံဇာတကို ချစ်တာထက် လာထုတ်မယ့်သူကို ကြည့်မရတာတွေလည်းရှိတယ်။ တကယ်ချစ်တဲ့သူတွေလည်း ပါတာပေါ့။ ဒီကြားထဲမှာလုပ်ရတာ အရမ်းခက်တယ်။ ပင်လုံကနေ မိုင်းရှူးအထိ ထင်းရှူးတောကြီးတွေကို တော်တော် နှမြော တယ်။ အခု အဲ့ဒါတွေ မရှိတော့ဘူး။ သျှမ်းပြည်ရဲ့ပြဿနာက တောင်ကြီး၊ လားရှိုး တခုထဲကွက်ပြီး တိုးတက် နေတယ်။ အဲ့လိုပြုံပြီး တိုးတက်လာတော့ မြေအောက်ရေတွေ ခမ်းတာတွေ ဖြစ်လာတယ်။ တောင်ပေါ်မှာ ရေရှားမယ်။ ရေတွင်းတူးလို့ မရတောဘူး။ သျှမ်းပြည်မှာတကယ်လိုနေတာက ဖွံဖြိုးရေးကို ပြန့်ပြန့်နှံ့နှံ့ ဖြစ်သွား အောင်လုပ်ဖို့လိုတယ်။ မြို့တွေရွေ့ပြီး လုပ်သင့်တယ်။
သို့သော်လည်း အဲ့ဒီဒေသတွေကို လက်နက်ကိုင်တွေက ဝိုင်းလုနေကြတယ်။ နောက်တခုက ÒဝÓ မှာ ဆရာတို့ မထင်မှတ်ဘဲ အဖြိုက်နက်ကို တွေ့ခဲ့တယ်။ ဘူမိဗေဒအရ မရှိဘူးလို့ ထင်ခဲ့တဲ့ အဖြိုက်နက်ကို တွေ့ပြီးနောက်မှာ ကမ္ဘာမှာတောင် သူ့ရဲ့ဈေးက ထိုးကျသွားတယ်။ အဖြိုက်နက်ကို ဘတ္တရီကားတွေလုပ်တဲ့ နေရာမှာသုံးတယ်။ ဆရာ မြန်မာပြည်ကမထွက်လာခင်တုန်းက တချို့ကုန်သည်တွေ သူဌေးတွေကို တွေ့တယ်။ ကိုးရီးယားကလူတွေ တာချီလိတ်ဘက်က မဂ္ဂနီဆီယမ် တောကို လုပ်ပိုင်ခွင့်ရဖို့ ကြိုးစားတာကို တွေ့ခဲ့တယ်။ စစ်တပ်အာဏာသိမ်း ထားတဲ့နေရာမှာတောင် တွေ့ခဲ့ရတယ်။ သျှမ်းပြည်ထဲမှာလည်း သယံဇာတခွဲဝေတဲ့နေရာမှာ ဌာနေတိုင်းရင်းသား တွေရဲ့ အခွင့်အရေးက ဘယ်လိုရှိနိုင်လဲ။ ဌာနေတိုင်းရင်းသားတွေဆိုတဲ့ နေရာမှာလည်း “သျှမ်း” လား၊ ÒဝÓ လား ဆိုတာ မူရင်းပိုင်ရှင်တွေကို ပြောဖို့ခက်တယ်။ သျှမ်းပြည်နယ်ရဲ့ အနေအထားက အဲ့လိုရှုပ်ထွေးနေတယ်။ ဒါကြောင့် သျှမ်းပြည်တခုတည်းရဲ့ အားနဲ့တော့မရဘူး။ ပြင်ပအကူအညီတွေ နိုင်ငံတကာရဲ့အကူအညီတွေ အများကြီးလိုတယ်။
မေး။ ။ နောက်ဆုံးတခုကတော့ တော်လှန်ရေးကာလမှာ တိုက်ရေးခိုက်ရေးကိုပဲ ဦးစားပေးနေတဲ့အချိန်မှာ သတ္တုထူးဖော်မှုတွေကို တားဆီးဖို့၊ သစ်တောပြုန်းတီးမှုတွေကို အလေးထားဖို့ ဆရာအနေနဲ့ ဘယ်လိုတိုက်တွန်းချင်ပါလဲ။
ဖြေ။ ။ သတ္တုတူးတာကို ခဏထားပြီးပြောရရင် အခုအစိုးရိမ်ဆုံးကတော့ ရေအားလျှပ်စစ်ကိစ္စ၊ သံလွင်မြစ်မှာ ဦးအောင်သောင်းရဲ့သားကုမ္ပဏီက ယူထားတာရှိတယ်။ လက်ရှိ အဲ့ဒီဒေသတွေက မြောက်ပိုင်းသုံးဖွဲ့က သိမ်းလိုက်တဲ့နယ်တွေ ဖြစ်သွားပြီဆိုတော့ တရုတ်အတွက်စိတ်ကြိုက် ထိပ်ကနေပိတ်ပြီး ရေအားလျှပ်စစ်အတွက် ဆောက်ဖို့အတွက် အခွင့်အလမ်းရသလို ဖြစ်သွားမယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း ရပ်တည်နိုင်ဖို့ ငွေလိုအပ်တယ်။ တရုတ်ကလည်း အရင်ကပေးလုပ်ထားသလိုမျိုး ဘိန်းတို့၊ ကျားဖြန့်တို့ကို လက်ခံတော့မှာ မဟုတ်တော့ဘူး။ သူတို့ဝင်ငွေရဖို့အတွက် တရုတ်က BRI လမ်းမကြီးဖောက်သွား၊ ပြီးတော့ ကုန်သွယ်ရေး၊ ဆည်တွေ၊ သတ္တုတွေ တူးမယ်။ အဲ့ဒါမျိုးပဲ ဖြစ်လာနိုင်တယ်။ နမ့်ဆန်၊ တအောင်းမှာလည်း သတ္တုတွေ ကျန်နေ သေးတယ်။ သို့သော်လည်း မိုင်းတွင်းဟောင်းတွေရှိတဲ့ နေရာကလည်း ရေတွေပြည့်နေတော့ တွင်းသစ်တွေတူးပြီး ကြက်ယှက်သလို လိုက်ပြီးတူးတာတွေ ဖြစ်လာနိုင်တော့ ပိုပြီးတော့ပျက်စီးလာနိုင်တယ်။
ဒီဒေသတွေကို အုပ်စိုးလာတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေမှာ သဘာဝပတ်ဝန်းကျင်တွေထိန်းဖို့ ပြောပေမယ့် အသိပညာ၊ အတွေ့အကြုံမရှိတာ၊ လက်ရှိအကျိုးစီးပွားတွေရှိနေတော့ ရေအားလျှပ်စစ်လုပ်လာရင် သတ္တုတူးဖို့ ပိုလွယ်သွားပြီ။ ရေအားလျှပ်စစ်ကနေ ပတ်ဝန်းကျင်ပျက်စီးဖို့ ပိုမိုလွယ်ကူသွားမယ်။ နောက်တခုက ကျောက်မီးသွေးပေါပေါများများ သျှမ်းပြည်ကနေ ရနိုင်သေးတယ်။ တကယ့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးတွေ ပြောပါများလာတော့ ပြည်သူ့အစိုးရဆိုတဲ့ သူတွေတောင် နားခါးလာတာတွေ ဖြစ်ခဲ့တယ်။ ဒီတော့ လက်နက်ကိုင် တပ်ဖွဲ့တွေကလည်း ဒီလိုတွေပဲ ဖြစ်လာမှာပဲ။ ဆရာတို့ နောက်ဆုံးလုပ်နိုင်တာကတော့ လူငယ်တွေပါပဲ၊ ပြုစုပျိုးထောင်ပြီး လက်ဆင့်ကမ်း မပြီးဆုံးသေးတဲ့တာဝန်တွေကို တိုက်တွန်းပြောနိုင်ဖို့ သူတို့က ဘယ်သူတွေနဲ့ ပူးပေါင်းလုပ်ဆောင် ရမလဲဆိုတော့ ရပ်ရွာအခြေစိုက်လူတွေနဲ့ ပူပေါင်းလုပ်ဖို့ လိုတယ်။
နိုင်ငံရေး အနေအထားအရ ဒီဒေသက လူတွေကလည်း လက်ရှိမြေပြင်မှာ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတဲ့ သူတွေ ရှိနိုင်တယ်။ သူတို့ကို ဦးဆောင်မှုပေးနိုင်မယ့် လူငယ်တွေရှိလာမယ်။ ဒီအားတွေကိုပဲ တည်ဆောက်ရမယ်။ လေနဲ့တင် တည်ဆောက်ဖို့မဟုတ်ဘဲ ပြဖို့လိုတယ်။ အထူးသဖြင့် ရပ်ရွာလူကြီးမကောင်းလို့ ပျက်ကြတာ များတယ်။ ရပ်ရွာလူကြီးကောင်း ရင်လည်း စုပေါင်းလုပ်ဆောင်နိုင်ပြီး တချို့နေရာတွေမှာ ထိန်းနိုင်တာတွေ ရှိတယ်။ အဲ့လိုရပ်ရွာလူကြီးနဲ့ပေါင်းပြီး လုပ်ခဲ့လို့ တချို့နေရာတွေမှာ သဘာဝဘေးဖြစ်ခဲ့တာတောင် အခြားနေရာ တွေထက်ပိုပြီး ထိန်းနိုင်ခဲ့တာလေးတွေ ရှိတယ်။ ဒါတွေကို မြင်အောင်ပြဖို့ လိုတယ်။ ဒါမှ နောက်မှားမိတဲ့သူတွေက လိုက်ပြင်နိုင်မယ်လို့ မြင်တယ်။ ဒါကြောင့် လူငယ်တွေကို လက်ဆင့်ကမ်းပြီး ပြုစုပျိုးထောင်ရမယ်။ အောက်ခြေမှာ လုပ်နိုင်တဲ့နေရာတွေမှာ ထိန်းသိမ်းရေးလေးတွေ ဆက်လုပ်ဖို့လိုမယ်။ မီဒီယာတွေဘက်ကလည်း ဆက်ပြီးတော့ တိုက်တွန်းဖို့ ပြောပေးဖို့ လိုမယ်။ စိတ်ဝင်စားတဲ့လူငယ်တွေကို ဖိတ်ခေါ်ချင်တယ်။
အခု ပတ်ဝန်းကျင်ပျက်စီးမှုက သာမန်ပျက်စီးမှု မဟုတ်ဘူး။ ဧရာဝတီမြစ်မှာဆိုရင် ငါးအများစုက ပြဒါးဆိပ် သင့်နေပြီ။ ၂၀၂၃ က ငါးမျိုးစိတ် အကောင် ၁၄၀ မှာ ပြဒါးဆိပ်သင့်တာ တစ်ကောင်ပဲတွေ့တယ်။ ၂၀၂၄ မှာ အကောင် ၄၀ တွေ့တယ်။ ငါးကြင်း၊ ငါးမြစ်ချင်း၊ ငါးဘတ်၊ ငါခူ၊ ငါးဘတ်၊ ငါးဖယ်က အဆိုးဆုံးပဲ။ ကျိန်းသေပေါက် ကတော့ ပဲခူးနားက စစ်တောင်းမြစ်ရေလျှံတဲ့နေရာက ငါးတွေမှာလည်း တွေ့တယ်ဆိုတော့ အပေါ်ကဆင်းလာတဲ့ အဆိပ်တွေက အောက်ပြည်ဘက်မှာပါ အဆိပ်လာသင့်နေတာကို တွေ့နေရတယ်။ ငါးမှာ အဆိပ်သင့်တယ်ဆိုတာ ကျန်တဲ့ပတ်ဝန်းကျင်ထိန်းသိမ်းမှုရဲ့ အထွဋ်အထိပ် ဖြစ်တယ်။
သစ်တော၊ မြေဆီလွှာ၊ ရေညစ်ညမ်းတာတွေ ဖြစ်လာတော့ အခုမြန်မာတွေရဲ့ ကျန်းမာရေး ရုပ်ခန္ဓာဆိုင်ရာ၊ စိတ်ကျန်းမာရေး ဆိုင်ရာတွေကိုပါ ထိခိုက်လာတယ်။ ခုခေတ်က AI ခေတ်မှာ စိတ်ပိုင်းရုပ်ပိုင်း ဆိုင်ရာတိုးတက်မှ လိုက်နိုင်မှာ ဖြစ်တယ်။ ဆရာတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာတွေ ကျသွားရင် ဘယ်လိုမှ လိုက်နိုင်တော့မှာ မဟုတ်ဘူး။ ဒါကြောင့် အန္တရာယ်ရှိနေပြီ။ မိုးကုတ်၊ သပိတ်ကျင်းမှာဆိုရင် ပြဒါးဆိပ်က ငါးတင်မက စပါးခင်းတွေ ထဲမှာပါ တွေ့လာရပြီ။ ဒါကြောင့် ရှိတဲ့သူတွေနဲ့ လူငယ်တွေ ကြံဆပြီးတော့ ရသလောက်လေး စုပေါင်းလုပ်ဆောင် နိုင်မယ်ဆိုရင်တော့ မျှော်လင့်စရာလေးတွေ ဖြစ်ကောင်းဖြစ်လာနိုင်မယ်လို့ထင်ပါတယ်။ ဒီအတိုင်း စိတ်ပျက် လက်ပျက်ထိုင်နေတာတော့ ဘာမှမဖြစ်လာနိုင်ဘူးပေါ့။
သျှမ်းသံတော်ဆင့် ပေးပို့သည်။