တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် လဝါးစစ်ရှောင်ပြည်သူများ ကြုံတွေ့နေရသည့် အခက်အခဲများအား စစ်ရှောင်များကိုကူညီဆောင်ရွက်ပေးနေသူတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။
ကချင်ပြည်၊ ဖားကန့်မြို့နှင့် တနိုင်းမြို့သွား လီဒိုလမ်းမပေါ်ရှိ လဝါးကျေးရွာတွင် စစ်ကောင်စီတပ်၊ ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်လဝန်းကျင် ကြာမြင့်လာပြီဖြစ်သည်။
ပြည်သူ့စစ်အဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် လဝါးကျေးရွာရှိ စာသင်ကျောင်းနှင့် အရပ်သားနေအိမ်တို့တွင် တပ်စွဲထားတာကြောင့် KIA ပူးပေါင်းတပ်ဘက်က သွားရောက်ပစ်ခတ်မှုရှိသလို စစ်ကောင်စီဘက်ကလည်း လဝါးကျေးရွာအနီးတဝိုက် KIA တပ်ရှိနိုင်သည် တောထဲနေရာတဝိုက်ကို လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်မှုကို ဆက်တိုက်လုပ်ဆောင်နေသည်။
ပြီးခဲ့သညိဧပြီလ ၁၅ ရက်နေ့ကလည်း လဝါးကျေးအနီးတဝိုက်ကို လေကြောင်းနှင့် ၃ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ တာကြောင့် ကျေးရွာအတွင်းက နံနက်စျေးအပါဝင် အရပ်သားနေအိမ် ၁၀၀ ခန့် မီးရှို့ ဖျက်စီးခဲ့သည်ဟု လဝါးဒေသခံများက ပြောသည်။
လဝါးဒေသခံများမှာ တိုက်ပွဲစတင်ဖြစ်ပွားသည့် မတ်လအတွင်းစ၍ ထွက်ပြေးတိမ်းသွားကြပြီး လက်ရှိ၌ မိုးကောင်း၊ နမ္မတီးမြို့ပေါ်က ဘာသာရေးကျောင်းဝင်းနှင့် ဆွေမျိုးအိမ်တို့တွင် တိမ်းရှောင်နေကြရသည်။
တိုက်ပွဲချိန်ကြာမြင်လာသည်နှင့်အမျှ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်ပြည်သူများလည်း ထောင်နှင့်ချီရှိလာနေပြီ ဖြစ်သည်။
စစ်ရှောင်သူ များလာသည်နှင့်အညီ အစားအသောက်နှင့် နေရာအခက်အခဲတို့ ကြုံနေရပြီး အကူအညီများလည်း အရေးပေါ်လိုအပ်နေသည်ဟု သိရသည်။ လဝါးစစ်ရှောင်ပြည်သူများကို ကူညီဆောင်ရွက်ပေးနေသူတစ်ဦးအား လဝါးစစ်ရှောင်ပြည်သူများ လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများအား ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ လဝါးစစ်ရှောင်ပြည်သူတွေနဲ့ပတ်သက်ပြီး နောက်ဆုံးအခြေအနေကိုလည်း ပြောပေးပါအုံး။
ဖြေ။ ။ စစ်ရှောင်တွေအများဆုံးက နမ္မတီးမြို့မှာ တိမ်းရှောင်နေကြတယ်။ တချို့က မိုးကောင်းနဲ့ မြစ်ကြီးနား မှာလည်းရှိပါတယ်။ ဒါပေမယ့် နည်းတယ်။ နမ္မတီးမှာက ကံလှ KBC ဘုရားကျောင်းမှာရှိတယ်။ လခွကျေးရွာ မှာလည်း KBC နဲ့ RC ဘုရားကျောင်းနှစ်ခုစလုံးမှာ တိမ်းရှောင်နေကြတယ်။ ပြီးရင် ဝအောင် KBC ဘုရားကျောင်းမှာလည်း တစ်ဖွဲ့ရှိပါတယ်။
မေး။ ။ အခု စစ်ရှောင်အိမ်ထောင်စုနဲ့ လူဦးရေက ဘယ်လောက်ရှိပါလဲ။
ဖြေ။ ။ လဝါးကျေးရွာအုပ်စုထဲမှာက ကျေးရွာသုံးခုရှိပါတယ်။ အိမ်ထောင်စုနဲ့ပြောရမယ်ဆိုရင် အိမ်ထောင်စု တစ်ထောင်ကျော်ရှိပါတယ်။ ဒါပေမယ့် အခုနမ္မတီးထဲမှာက အိမ်ထောင်စု ၇၀၀ လောက်ရှိပါတယ်။ စစ်ရှောင် လူဦးရေအရဆိုရင်တော့ တစ်ထောင်ကျော်လောက်ရှိမယ်။
မေး။ ။ လက်ရှိ စစ်ရှောင်တွေ အကူအညီနဲ့ပတ်သက်ပြီး ဘယ်လိုရရှိနေပါလဲ။ ကူညီတဲ့အဖွဲ့အစည်းတွေရော ရှိပါလား။
ဖြေ။ ။ စစ်ရှောင်အကူအညီနဲ့ ပတ်သက်ပြီး အခုချိန်အထိ ကူညီရေးအဖွဲ့အစည်းအကြီးတွေက လာရောက် ကူညီတာမျိုးတော့ သိပ်မရှိသေးပါဘူး။ ခင်မင်ရင်းနှီးတဲ့ အဆက်အသွယ်ရှိတဲ့ အပေါင်းအသင်းတွေလောက်ပဲ လာရောက်ကူညီပေးတာတွေရှိတယ်။ KBC ကတော့ ဘာသာရေးအောက်ကနေ လိုအပ်တဲ့အပေါ်မှာ မူတည်ပြီး ကူညီပေးတာတွေရှိပါတယ်။
မေး။ ။ လက်ရှိမှာ စစ်ရှောင်တွေက ဘယ်လိုအခက်ခဲတွေကြုံနေကြရပါလဲ။ အကူအညီတွေမရရှိဘဲ ဘယ်လို ဖြတ်ကျော်နေကြပါလဲ။
ဖြေ။ ။ အခုက စစ်ရှောင်တွေက တိမ်းရှောင်နေတဲ့နေရာမှာရှိတဲ့ အသင်းတော်အောက်မှာ လမ်းညွန်မှုနဲ့ ပေါင်းချက်စားတယ်။ စစ်ရှောင်လူဦးရေက ပိုပိုပြီးတိုးလာတယ်။ အဲ့ကြောင့် အစားသောက်တွေက လုံးဝ မလုံလောက်ဘူး။ အခုဆိုရင် ဆေးဝါးတွေလည်း လိုအပ်တယ်။ စစ်ရှောင်တွေက အချိန်အဲလောက် ကြာလာမယ် ဆိုတာကို ဘယ်သူမှမထင်ထားကြဘူး။ တချို့က အိမ်ပြန်မယ်ဆိုရင်လည်း နေအိမ်တွေမီးရှို့ဖျက်ဆီးခံရတယ် ဆိုတော့ အကူအညီတွေက အရမ်းလိုအပ်နေတယ်ပေါ့လေ။
မေး။ ။ စစ်ရှောင်တွေအတွက် အရေးပေါ် မဖြစ်မနေ ကူညီပေးရမယ်ဆိုရင် ဘာတွေဖြစ်နိုင်မလဲ။
ဖြေ။ ။ အဓိကတော့ နေရာအခက်ခဲပါ။ ရှိတဲ့ အသင်းတော် လက်ရှိမှာ နေရာဖို့ နေရာတွေက ပြင်ဆင်နေပေမယ့် စစ်ရှောင်လူဦးရေက ပိုပိုတိုးလာတော့ နေရာက မလောက်ဘူးဖြစ်နေတယ်။ အဓိကတော့ ခင်းဖို့ မိုးကာ မလောက်တာတွေ၊ နောက်တစ်ခုက အစားအသောက်ပါပဲ။
မေး။ ။ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်နဲ့ နို့စို့မိခင်တွေရော ဘယ်လောက်ရှိပါလဲ။
ဖြေ။ ။ ရှိပါတယ်။ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်မိခင်တွေက ၁၀ ယောက်ကျော်ကျော်လောက်ရှိတယ်။ အားလုံးဆိုရင် တော်တော်များပါတယ်။
မေး။ ။စစ်ရှောင်တွေက နေရပ်ပြန်ဖို့က တိုက်ပွဲလည်းဆက်ဖြစ်နေသေးတော့ စစ်ရှောင်တွေမှာ ဘယ်လို စိုးရိမ်ချက်တွေ ရှိနေပလဲ။
ဖြေ။ ။ စစ်ရှောင်တွေ လောလောဆယ်နေရပ်ပြန်ဖို့က လုံးဝအဆင်မပြေသေးပါဘူး။ စိုးရိမ်စရာတွေက အများကြီးပါပဲ။ စစ်ရှောင်တွေက နေရပ်ကိုမပြန်နိုင်ဘဲ အချိန်အကြာကြီးစစ်ရှောင်နေရမှာကို မဖြစ်စေချင်ဘူး။ နောက်တစ်ခုက ရွာထဲမှာလဲ နေအိမ်တွေ မီးရှို့ဖျက်ဆီးနေတယ်ဆိုတော့ တစ်ရွာလုံးကျွတ်မီးရှို့လိုက်မှာကိုလည်း စိုးရိမ်တယ်။ နှစ်ဖက်တပ်လည်း တိုက်ပွဲလည်း ဆက်ဖြစ်နေသေးတယ်ဆိုတော့ ဘယ်လိုမှပြန်ဖို့က အဆင်မပြေသေးဘူး။
မေး။ ။ စစ်ရှောင်တွေက ရွာထဲကို ပြန်လို့မရဘူးဆိုတော့ ဝင်လို့မရအောင် ဘယ်အဖွဲ့အစည်းကနေ ပိတ်ထားတာလဲ။
ဖြေ။ ။ အခုက ရွာထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့တွေဖြစ်တယ်။ ပစ္စည်းယူဖို့ ခဏပြန်တဲ့ ဒေသခံတွေဆို ရွာထဲကိုဝင်လို့မရတော့ ရတဲ့လမ်းတွေကနေဝင်ပြီး ပစ္စည်းတွေ လာယူရတယ်။
မေး။ ။ လဝါးတိုက်ပွဲ အခြေအနေက ဘယ်လောက်ထိ ကြာနိုင်ပါလဲ။
ဖြေ။ ။ ရွာထဲမှာ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေရှိနေသရွေ့က တိုက်ပွဲက ဆက်ဖြစ်နေအုံးမှာဖြစ်တယ်။ နှစ်ဖက်တပ်လည်း ရွာထဲကိုဝင်လိုက်ထွက်လိုက်နဲ့ ဖြစ်နေအုံးမှာပဲ။ ဒါကြောင့် စစ်ရှောင်တွေက နေရပ်ပြန်ဖို့က လွယ်လွယ်နဲ့ မဖြစ်နိုင်သေးဘူးလို့ မြင်ပါတယ်။
မေး။ ။ နောက်ဆုံးအနေနဲ့ စစ်ရှောင်တွေ အကူအညီလိုအပ်နေတာနဲ့ပတ်သက်ပြီး ဒီကနေ ဘာတွေကို တောင်းဆိုချင်ပါလဲ။
ဖြေ။ ။ လဝါးအုပ်စုထဲကကနေ စစ်ရှောင်တွေ တိုက်ပွဲကြောင့်စစ်ဘေးကြုံနေရတယ်။ ဘာတခုမှ မသယ်လာနိုင် ကြဘူး။ နေအိမ်တွေလည်း မီးရှို့ဖျက်ဆီးခံရတယ်။ အဲ့ဒါကြောင့် ဘယ်အချက်က လိုအပ်တယ်ဆိုပြီး ပြောပြဖို့ တောင် အရမ်းခက်သွားပါပြီ။ ဒါကြောင့် တာဝန်ရှိတဲ့သူတွေအနေနဲ့ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးဖို့ အနူးအညွတ် တောင်းဆိုချင်ပါတယ်။
KNG ပေးပို့သည်။