
စစ်ကောင်စီက မိုးကောင်းမြို့မှာ အရပ်သားတွေကို ဖမ်းဆီးမှုတွေဆက်တိုက်လုပ်နေတာနဲ့ ပတ်သတ်ပြီး မိုးကောင်း PDF တာဝန်ရှိသူတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်။
ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ သြဂုတ်လ ၁၉ ရက်နေ့က မိုးကောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း ညနေပိုင်း ကျောင်းဆင်းချိန် ကျောင်းလာကြိုတဲ့ စစ်ကောင်စီတပ်ကားကို မိုးကောင်း PDF က တိုက်ခိုက် ခဲ့တာကြောင့် စစ်ကောင်စီ လက်အောက်ခံ တပ်သားနှစ်ဦး သေဆုံးခဲ့ပါတယ်။
ဒီလို စစ်ကောင်စီကား တိုက်ခိုက်ခံရပြီးနောက် မိုးကောင်းမြို့မှာ အရပ်သားတွေကို စစ်ကောင်စီက ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီက သြဂုတ် ၁၉ ရက်နေ့ ညပိုင်းကနေ ဩဂုတ်လ ၂၆ ရက်နေ့ မနက်ပိုင်းအထိ မြို့တွင်းမှာ အရပ်သားတွေကို ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ခဲ့ရာမှာ ဖမ်းဆီးခံရသူ ၁၇ ထက်မနည်း ရှိနေပြီလို့ ဒေသခံတွေက ပြောဆိုပါတယ်။
စစ်ကောင်စီရဲ့ ဖမ်းဆီးခံထားရသူ ဒေသခံ အားလုံးလိုလိုဟာ သူတို့မိသားစုတွေနဲ့ အဆက်အသွယ် မရသေးလို့ မိသားစုဝင်တွေက စိုးရိမ်ပူပန် နေကြပါတယ်။ အဲ့ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး မိုးကောင်း PDF တာဝန်ရှိသူ တစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
မေး။ ။ ဖမ်းဆီးခံရမှုတွေ ဆက်တိုက်ရှိနေတယ်လို့ဆိုတော့ နောက်ဆက်တွဲ ဖမ်းဆီးခံရမှု အခြေအနေက ဘယ်လို ဖြစ်နေပြီလဲ။
ဖြေ။ ။ ကားဂိတ်နားမှာတော့ ထမင်းဆိုင်တစ်ဆိုင်ကနေ ထပ်ဖမ်းသွားတယ်လို့ ပြောတယ်။ လေးယောက် ထပ် ဖမ်းခံရတယ်လို့ ပြောတယ်။ ဆိုင်ကလို့ပဲ ပြောတယ်။ နေရာကတော့ ကားဂိတ်ဆိုတော့ ဆေးရုံနား ကျွန်းတော တံတားနားက ဖြစ်မယ်။ ပြောပုံအရတော့၊ ဟိုင်းဝေးကားဂိတ်ပေါ့။ ဖားကန့်တို့ အောက်ပိုင်းတို့ကို ဆင်းတဲ့ ကားဂိတ်လို့ ပြောလို့ရတယ်။ ဒီမိုးကောင်းမှာက ကားဂိတ်က ဝန်းကြီးထဲမှာတော့ မဟုတ်ဘူး။ လမ်းဘေးမှာပဲ ပေါ့နော် ပြည်ထောင်စု လမ်းမကြီးဘေးမှာပဲ ဖွင့်ထားတဲ့ ကားဂိတ်ပေါ့နော်။
မေး။ ။ လက်ရှိမှာ ဖမ်းဆီးခံရတာက အခုလေးယောက်က ထပ်တိုးဖမ်းခံရတာလား၊ အားလုံး စုစုပေါင်းလား။
ဖြေ။ ။ ဒါက ထပ်တိုးဖမ်းခံရတာ၊ ဟိုရက်က ဖမ်းတာက သက်သက်။ အခုဖမ်းခံရတဲ့အထဲမှာ ၁၂ နှစ် အရွယ် ကလေးတောင် ပါတယ်လို့ ပြောတယ်။ ဒီနေ့ ၂၆ ရက်နေ့ မနက်ကပေါ့နော်။ အချိန်တော့ အတိအကျ မသိရ သေးဘူး။ ဆိုင်က ၄ ယောက်၊ အပြင်က တစ်ယောက်လည်း ပါတယ်။ ရှေ့ရက်က ဖမ်းခံရတာက ၈ ယောက် ပေါ့နော်။ ဆိုင်က ဖမ်းခံရတာက ပိုင်ရှင်ပါဆို ၄ ယောက်၊ ထူးခြားတာက ၁၂ နှစ်အရွယ် ကလေးပါသွားတာပါ။ အမျိုးသမီးတွေလည်း ပါတယ်လို့ ပြောတယ်။
မေး။ ။ အခုဖမ်းသွားတာက ဘယ်ဆိုင်ကလဲ။ ဘာဆိုင်မျိုးလဲပေါ့။
ဖြေ။ ။ ကချင်ရိုးရာ စားသောက်ဆိုင် ဆိုတာလောက်ပဲသိတယ်။ ဖမ်းခံရတာ ကချင်တွေလည်း ဖြစ်နိုင်တယ်။ ဒီဆိုင်က အိုးတန်းရပ်ကွက်ပေါ့နော်၊ ကျွန်းတောရပ်ကွက်ကို ကူးခါနီးလေးပေါ့၊ တံတားရဲ့ အရှေ့ဘက်ကပေါ့ဗျာ။ အဲ့ဒါက ဆိုင်ခန်းလေးတွေနဲ့ ကားဂိတ် ဖွင့်ထားတာမျိုးပေါ့။
မေး။ ။ ဖမ်းဆီးသွားတဲ့အချိန် ဘယ်လိုပုံစံမျိုး ဖမ်းသွားတာပါလဲ။
ဖြေ။ ။ သူက မနက်ပိုင်းလို့ ပြောတယ်။ အဲ့မှာ အဲ့ဆိုင်ကနေ ၄ ယောက် ခေါ်သွားတယ်။ အပြင်က လူတစ်ယောက်ကိုလည်း ဖမ်းလာတယ်လို့ ပြောတယ်။ ၁၂ နှစ် အရွယ် တစ်ယောက်လည်းပါတယ် ဆိုင်ကနေ ဖမ်းသွားတာက။
မေး။ ။ အခုလိုဖမ်းတာက ဘာကြောင့်လို့ ပြောလို့ရပါလဲ။ ဘာကြောင် ဖြစ်နိုင်ပါလဲ။
ဖြေ။ ။ ဘာကြောင့် ဖြစ်နိုင်လဲဆိုတော့ အနီးစပ်ဆုံးပြောရရင်တော့ ကျောင်းကြိုကားက စစ်သားနှစ်ယောက်ကို သတ်လိုက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး အဲ့နောက်ပိုင်းမှပဲ အခုလို ဖမ်းဆီးမှုတွေက ရှိနေတာပေါ့နော်။ အဲ့ဒါနဲ့ပဲ ပတ်သက်မယ်လို့ ကျနော်ကထင်တယ်လေ၊ အရင်တုန်းက ဒီလိုမှ မရှိဘဲနဲ့။ ကျနော်တို့ မြို့နယ်၊ ကျနော်တို့ ကချင်ပြည်နယ်မှာတောင်မှ ဓါးစာခံသဘောမျိုး ဖမ်းဆီးတာက အခုချိန်ထိ မရှိသေးဘူး။ ဒါ ပထမဦးဆုံးပဲပေါ့။
ပထမဆုံး ဆိုတာက ဒီ ရိုးရိုးသားသား ပန်းတိမ်လုပ်နေတဲ့ကလေးတွေ နှစ်ယောက် ဒီနှစ်ယောက်ဆိုလည်း ဘာမှကိုလည်း ဒီနိုင်ငံရေးမှာ ပါဝင်ပတ်သက်မှုလည်း မရှိခဲ့ဘူး။ လှုပ်ရှားမှုလည်း ဘာမှ မလုပ်ခဲ့ဘူး။ သူ့အမေက တော့ ဒေါ်မာကြည် တက်ကြွလှုပ်ရှားသူပေါ့။ ဒီကလေးနှစ်ယောက်ဆို ဘာကဏ္ဍတစ်ခုမှာမှ ပါပြီး လုပ်ခဲ့တာ မရှိဘူး။ သူ့အမေကို ဖမ်းမရတာနဲ့ ကလေးနှစ်ယောက်ကို ဖမ်းသွားတာပေါ့။
မေး။ ။ အခု ဖမ်းဆီးခံထားရတဲ့သူနဲ့ရော မိသားစုဝင်တွေ အဆက်အသွယ်ရလား။ ဘယ်လို ကြားရသေးလဲ။ ရှေ့ရက်တွေမှာ ဖမ်းခံရတဲ့သူတွေနဲ့ရောပေါ့နော်။
ဖြေ။ ။ ဘာမှကို အဆက်အသွယ် မရတာ။ ဒေါ်မာကြည်သားနှစ်ယောက်ကိုတော့ ပထမပိုင်း သတင်းရတာက မိုးကောင်း-နမ္မတီး ကြားမှာ ရှိတဲ့ စကစကုန်းပေါ့နော်၊ အဲ့မှာထားသလိုလို ပြောပြီးတော့ သူတို့ အဝတ်အစားတွေ ဘာတွေ လာယူမယ် ပြောပြီးတော့ နောက်ကျတော့ လာလည်းမယူဘူး။ အခုချိန်ထိ ဘာမှကို အဆက်အသွယ် မရဘူးပေါ့။ တပ်ရင်း ၇၄ မှာက ကျနော် ပထမက ပြောတဲ့ ညခင်းဖမ်းသွားတဲ့ အိုအေစစ်က အားကစားပစ္စည်း ရောင်းတဲ့ ကလေးကိုတော့ ၇၄ မှာ ထားတယ်။ အဲ့ အခုနက နှစ်ယောက်က စကစကုန်းမှာ ထားသလိုလို ဘာလိုလို ပြောပြီးတော့မှ အခု ဘယ်မှာမှန်း မသိဘူး။
မေး။ ။ ဒီရက်ပိုင်းအတွင်း မိုးကောင်းရဲ့လုံခြုံရေး အခြေအနေကရော ဘယ်လိုရှိနေပါလဲ။
ဖြေ။ ။ သူတို့ (စစ်ကောင်စီ) ဘက်ကတော့ တအားကြီးကို စစ်ဆေးမှုတွေ၊ ကင်းပုန်းဝပ်တာတွေ အဲ့လိုမျိုးတွေ က တအား လုပ်နေတယ်။ သူတို့ဘက်က စစ်သားနှစ်ယောက် လုပ်ကြံခံရပြီးတဲ့အပြင် သူတို့ သေနတ်လည်း တစ်လက် ပါသွားတယ်လို့ ပြောတယ်။ အဲ့ဒါကြောင့်မို့လို့ သူတို့က တော်တော်လေးကို ခံပြင်းသွားလား မသိပါ ဘူး။ အဲ့ဒါကြောင့်မို့လို့ အသည်းအသန်ကို လုပ်နေတာ။ လူငယ်တွေကိုပဲ အဓိက အငြိုးထားပြီး စစ်ဆေးတာတွေ လုပ်နေတယ်ဗျ။
NMG ပေးပို့သည်။