ရခိုင်အမျိုးသားပါတီ (ANP) ဉက္ကဋ္ဌ ဦးသာထွန်းလှအားနှင့် အမေးအဖြေ
မြန်မာတစ်နိုင်ငံလုံးတွင် စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၅၀ ရှိပြီး ဧပြီလ ၂၀ ရက်နေ့မှ ဇူလိုင်လ ၂၄ ရက်နေ့ အထိ နိုင်ငံရေးပါတီအဖြစ် ဆက်လက် ရပ်တည် ခွင့်ပြုထားသည့် ပါတီ ၃၀ ကျော် ရှိနေသည်။
စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲအတွက် ရခိုင်ပြည်မှ မှတ်ပုံတင်ခွင့်လျှောက်ထားသည့် နိုင်ငံရေးပါတီ ၆ ခု ရှိသည့် အနက် ပါတီ ၅ ခု ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပါတီတည်ထောင်ခွင့် ပြုလိုက် သော်လည်း ရခိုင်အမျိုးသားပါတီ (ANP) ကို လက်ရှိအချိန်ထိ မှတ်ပုံတင်ခွင့် မပြုသေးပေ။
ယင်းကြောင့် စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က ရခိုင်အမျိုးသားပါတီကို မှတ်ပုံတင်ခွင့် မပေးသေးခြင်း မှာ ရခိုင်လူထုကြား စိတ်ဝင်စားစရာ ဖြစ်လာနေသည်။ ယင်းကိစ္စနှင့် လက်ရှိ ရခိုင်နှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး အခင်းအကျင်းများကို (ANP) ဉက္ကဋ္ဌ ဦးသာထွန်းလှအား ဆက်သွယ်မေးမြန်းထားသည်။
မေး။ ။ ANP ပါတီအနေနဲ့ လက်ရှိ နိုင်ငံရေးနဲ့ပတ်သက်ပြီး လုပ်ဆောင်မှုတွေကို ရှင်းပြပေးပါ။
ဖြေ။ ။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေအရ ပြောရမယ်ဆိုရင် နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍက တော်တော် လျော့နည်းနေတဲ့သဘော ဖြစ်နေတယ်။ နိုင်ငံရေး ပါတီတွေကိုလည်း ပြန်ပြီး မှတ်ပုံတင်ခိုင်းတဲ့ ဉပဒေ တစ်ခုကိုလည်း နစက ကောင်စီက ထုတ်လာပြီးတဲ့နောက်ပိုင်း ကျနော်တို့ပါတီ တစ်ခုအနေနဲ့ ပြန်ပြီး မှတ်ပုံတင်ထားဖို့ လိုအပ်တယ်လို့ သုံးသပ်မိတဲ့အတွက်ကြောင့် မှတ်ပုံတင်ထားတဲ့ အခြေအနေပဲ ရှိသေးတယ်။
မေး။ ။ ရခိုင်က မှတ်ပုံတင်ထားတဲ့ ပါတီ ၆ ခုထဲက လက်ရှိအချိန်ထိ ANP ပါတီကို တည်ထောင်ခွင့် မပေးသေးတာ ဘာကြောင့်လို့ ပြောနိုင်ပါလဲ။
ဖြေ။ ။ ပါတီတည်ထောင်ခွင့် မကျသေးတာကတော့ ကျနော်တို့ ANP ပါတီတစ်ခုတည်း မဟုတ်သေးဘူး။ တခြား တိုင်းရင်းသား လူမျိုးစုတွေမှာလည်း မှတ်ပုံတင်ခွင့် မကျတဲ့ ပါတီတွေ ရှိနေသေးတယ်။ ပြည်မဘက်မှာ ဆိုရင် မှတ်ပုံတင်ခွင့် မကျသေးတဲ့ ပါတီတွေ ရှိသေးတယ်။ ကျနော်အမြင်ကို ပြောရမယ် ဆိုတော့ တိုင်းရင်းသား လူမျိုးတွေမှာဆိုရင် တိုင်းရင်းသား လူမျိုးစုကို ကိုယ်စားပြုတဲ့ အင်အားကြီးပါတီတွေ လူမျိုးတိုင်းမှာ ရှိတယ်။ အဲဒီလို တိုင်းရင်းသား လူမျိုးတွေမှာ အင်အားကြီးတဲ့ပါတီတွေကိုတော့ တစုံတရာ ကျယ်ကျယ်ပြန့်ပြန့်နဲ့ လေ့လာစီစစ်နေတဲ့ အခြေအနေမျိုးမှာ ရှိနေသေးတယ်လို့ သုံးသပ်မိတယ်။ အခုလောလောဆယ်တော့ ဒီလောက်ပဲ ပြောလို့ရမယ်။
မေး ။ ။ တချို့ကလည်း ANP ပါတီမှာ AA နဲ့ ဆက်နွှယ်တဲ့သူတွေ ရှိနေတယ်ဆိုပြီးတော့ ပါတီ ထူထောင်ခွင့်မှာ ကြံ့ကြာနေတယ်လို့ ပြောဆိုမှုတွေ ရှိတယ်။ ဒီအပေါ် အမြင်လေး သိပါရစေ။
ဖြေ ။ ။ လောလောဆယ်တော့ လူတိုင်းလူတိုင်းမှာ ကိုယ့်အမြင်နဲ့ကိုယ် သဘောထားကွဲလွဲမှု ရှိနိုင်ပါတယ်။ ဒါကတော့ လူတစ်ယောက်ရဲ့အမြင်နဲ့ ပြောဆိုမှုသာ ဖြစ်တယ်။ ဒီမေးခွန်းနဲ့ ပတ်သက်ပြီးတော့ လောလောဆယ် ကျနော် ဒီလောက်ပဲ ပြောလို့ရမယ်။
မေး ။ ။ ANP က ပါတီဝင် တချို့ဟာဆိုရင် စစ်ကောင်စီနဲ့ ပူးပေါင်းသွားတာ၊ AA နဲ့ ပူးပေါင်းသွားတာတွေ ရှိတယ်။ ဒီလူတွေကိုရော ပါတီအနေနဲ့ တရားဝင် ထုတ်ပယ်သွားဖို့ ရှိပါလား။
ဖြေ။ ။ လောလောဆယ် ပါတီက ပြန်လည် မှတ်ပုံတင်ရမယ်ဆိုတဲ့ ဉပဒေ ထွက်လာလို့ မှတ်ပုံတင်ထားဆဲပဲ ရှိသေးတယ်။ အဲဒါကြောင့် ရှေ့လုပ်ငန်းစဉ်တွေက ကျနော်တို့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး လုပ်ငန်းတွေအပေါ် မူတည်ပြီးတော့ လုပ်ကိုင်ဆောင်ရွက်သွားမှာ ဖြစ်တဲ့ အတွက်ကြောင့် မှတ်ပုံတင်ခွင့် ကျလာရင်တော့ ဘယ်လို ဆောင်ရွက်သွားမယ် ဆိုတာတော့ ပြောလို့ မရသေးဘူး။ လောလောဆယ်တော့ (တရားဝင် ထုတ်ပယ်ဖို့) မရှိသေးဘူးလို့ပဲ ပြောနိုင်ပါတယ်။
မေး ။ ။ ရွေးကောက်ပွဲ နဲ့ပတ်သက်ပြီး ရခိုင်ပြည်ရဲ့ အလားအလာနဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ အခြေအနေကို ဘယ်လိုမြင်မိလဲ။
ဖြေ ။ ။ နိုင်ငံရေး ပါတီမှတ်ပုံတင်ခြင်း ဉပဒေအရ မှတ်ပုံတင်လျှောက်ထားတဲ့ အခြေအနေမျိုးမှာပဲ ရှိသေးတယ်။ တချို့ပါတီတွေပဲ မှတ်ပုံတင်ခွင့်ပြုတဲ့ အခြေအနေမျိုး…။ ပြီးရင် လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေအရဆိုရင် ရွေးကောက်ပွဲတခု လုပ်မယ်ဆိုရင် အဲဒီပွဲမှာ မဲထည့်မယ့် မဲဆန္ဒရှင် တွေက လုံလုံခြုံခြုံ လွတ်လွတ်လပ်လပ်နဲ့ မဲပေးခွင့်ရရှိဖို့ အရေးကြီးတယ်။
အခု လက်ရှိ အခြေအနေအရ ဆိုရင် မြန်မာနိုင်ငံမှာ ပြည်သူတွေက နေစဉ်နဲ့အမျှ ကိုယ့်ရပ်ကိုယ့်ရွာကို စွန့်ခွာပြီး ထွက်ပြေးနေရတယ်။ အသက်သေဆုံး ရှုံးမှုတွေ ရှိနေတဲ့ အတွက်ကြောင့် ပြည်သူတွေမှာ လုံခြုံရေး စိုးရိမ်စိတ်နဲ့ နေထိုင်နေရတာပဲ ရှိတယ်။ ဒါကြောင့် လက်ရှိ အခြေအနေကို ပြောရမယ်ဆိုရင် လွတ်လွတ်လပ်နဲ့ လုံလုံခြုံခြုံနဲ့ မဲပေးနိုင်တဲ့ အခင်းအကျင်းမှာ ရှိမနေသေးဘူးလို့ မြင်တယ်။
မေး ။ ။ မုန်တိုင်းသင့်ပြည်သူတွေကို ရခိုင်နိုင်ငံရေးပါတီတွေက အကူအညီတွေ အားနည်းတာကို တွေ့ရတယ်။ ANP ပါတီ အနေနဲ့တော့ ရေလှူတာတွေကို တွေ့ရတယ်ဆိုတော့ ဒီကိစ္စတွေမှာ အားနည်း သွားတာဟာ ဘာကြောင့်ပါလဲ။
ဖြေ ။ ။ ထိထိရောက်ရောက် မလုပ်နိုင်ခဲ့ဘူးဆိုတာက လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေအရ ပြောရမယ်။ ဆိုတော့ မဲဆန္ဒရှင် ပြည်သူတွေ ကိုယ်တိုင်က နိုင်ငံရေးပါတီတွေ အပေါ်မှာ စိတ်ဝင်စားမှု အားနည်းနေတဲ့ အခြေအနေမှာ ရှိနေတယ်လို့ သုံးသပ်မိတယ်။ နိုင်ငံရေးပါတီတွေ ကိုယ်တိုင် ကလည်း ကန့်သတ်မှုတွေ ခံနေတဲ့ အခြေအနေမျိုးမှာ ရှိတယ်။
ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဉပဒေ ထွက်လာပြီးနောက်ပိုင်း တချို့ပါတီတွေက မှတ်ပုံတင်ကျတယ်၊ တချို့ပါတီတွေက မှတ်ပုံတင် မကျသေးဘူး။ ကျနော်တို့ ပါတီဆိုရင် မှတ်ပုံတင် တင်ထားတာ ခွင့်ပြုချက် မကျသေးဘူး။ အခြေအနေ အမျိုးမျိုးကြောင့် ထိထိရောက်ရောက် လုပ်ကိုင်ဆောင်ရွက်နိုင်တဲ့ အခြေအနေမျိုးမှာ မရှိခဲ့ဘူး။
မေး။ ။ လက်ရှိ ရခိုင်ပြည်မှာ စစ်ကောင်စီနဲ့ AA အကြား ဆက်ဆံရေး အခြေအနေ ဘယ်လိုတွေ့ရလဲ။
ဖြေ ။ ။ ၂၀၂၂ ခုနှစ်က စစ်ကောင်စီနဲ့ AA အကြားမှာ လူသားချင်းစာနာထောက်ထားမှုနဲ့ နှစ်ဖက် အပစ်အခတ် ရပ်စဲခဲ့တယ်။ အပစ်အခတ်ရပ်စဲနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ ကြားကာလမှာ တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့ လုပ်ငန်းစဉ်မျိုး လုပ်နိုင်ခဲ့တာ မမြင်ဘူး။ တစ်ဘက်က ကြည့်ရင်လည်း နစကကောင်စီ ဉက္ကဌ ကလည်း မိုခါမုန်တိုင်း အလွန်မှာ ရခိုင်ကိုလာတဲ့ ခရီးစဉ်တွေမှာ တချို့သတင်းတွေ ကြားရတာက တပ်မတော် သားတွေကို တိုက်ပွဲဝင်ဖို့အတွက် အဆင်သင့်ရှိနေဖို့ ညွှန်ကြားမှုတွေ ရှိတယ်လို့ သိရတယ်။ ဒါကြောင့် ပြောရမယ်ဆိုရင် လက်နက်ကိုင်ဆောင်ထားတဲ့ တပ်မတော်နဲ့ AA ကြားမှာ ထိတွေ့ဆွေးနွေးပြီး အဖြေရှာတဲ့ လုပ်ငန်းစဉ်တွေ အပေါ်မှာသာ မှုတည်တယ်လို့ မြင်တယ်။
အပစ်အခတ် ရပ်စဲရေး စလုပ်ကတည်းက တချို့ ရခိုင်ပြည်သူတွေဟာ ULA/ AA သံသယနဲ့ ဖမ်းဆီး တရားစွဲဆို ခံထားရသူတွေ ရှိတယ်။ ဒီလူတွေက ခုထိ တရားရုံးတွေမှာ စစ်ဆေးပြီးမှ အမိန့်တစ်စုံတစ်ရာ မချဘဲ အချိန်ဆွဲပြီး ရုံးချိန်းတာတွေ ရှိနေသေးတယ်။ ပြီးရင် ရခိုင်ပြည်နယ်ကို ပြည်မဘက်က ကုန်လမ်းနဲ့ သယ်ယူပို့ဆောင်ရေးမှာလည်း စားသောက်ကုန်က အစ အိမ်ဆောက်ပစ္စည်းတွေ အပါအဝင် ကုန်တွေကို နယ်လုံဝန်ကြီး လက်မှတ်ပါမှ သယ်ယူခွင့် ရှိတယ်ဆိုတဲ့ ကန့်သတ်ချက်တွေက ဒီနေ့အထိ ရှိနေတဲ့အတွက် ကြောင့် အပစ်အခတ် ရပ်စဲထားတဲ့ အခြေအနေဟာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာနိုင်တဲ့ အခြေ အနေ မရှိဘူး။
မေး ။ ။ စစ်ကောင်စီက နောက်ထပ် သက်တမ်းတိုးပြီး အာဏာယူဖို့ အရိပ်အမြွက် ပြောဆိုထားတာ ရှိတယ်။ ဒီဟာနဲ့ ပတ်သက်ပြီး ရှေ့ဆက် အခြေအနေတွေ ဘာတွေဖြစ်လာနိုင်ပါလဲ။
ဖြေ ။ ။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ ကတည်းက နိုင်ငံအာဏာကို စစ်တပ်က ထိန်းတယ်ဆိုပြီး ယူလာခဲ့တာ ဖြစ်တယ်။ ၂၀၀၈ အခြေခံ ဉပဒေမှာလည်း သက်တမ်း ၁ နှစ် ပြီးရင် သက်တမ်း ၆ လ၊ ၆ လ နှစ်ခါ တိုးလို့ ရတယ်လို့ ရေးဆွဲထားတယ်။ နောက် ၂ နှစ်ပြည့်တဲ့ အချိန်မှာလည်း ဖွဲ့စည်းပုံ အခြေခံဉပဒေနဲ့ ညီတယ် ဆိုပြီးတော့ နောက်ထပ်တိုး ယူလာတာ ဖြစ်တယ်။
အဲဒါကြောင့် အခု နစက ကောင်စီယူတဲ့ အချိန်မှာလည်း နိုင်ငံကို ရှေ့လုပ်ငန်းစဉ် ၅ ရပ်နဲ့ ဆောင်ရွက် သွားမယ်ဆိုပြီး ပြည်သူတွေကို ထုတ်ပြန် ကြေညာခဲ့တာ ရှိတယ်။ အဲဒီထဲမှာ နိုင်ငံကို တည်ငြိမ် အေးချမ်းရေနဲ့ တရားဉပဒေစိုးမိုးအောင် လုပ်ဆောင် သွားမယ်ဆိုတဲ့ အချက်တစ်ချက်လည်း ပါတယ်။ အခု လက်ရှိ အခြေအနေမှာ ပြောမယ်ဆိုရင် တရားဉပဒေ စိုးမိုးရေး နဲ့ တည်ငြိမ်ရေးက မြန်မာနိုင်ငံမှာ အလွန်တရာ ဆုတ်ယုတ်သွားတဲ့ သဘောမျိုး ဖြစ်နေတယ်။
ဒါကြောင့် နောက်ထပ် ၆ လ သက်တမ်း တိုးရင်လည်း ရှေ့က လုပ်သွားတဲ့ လုပ်ရိုးလုပ်စဉ်အတိုင်း တစုံတရာ အပြောင်းအလဲ ကြီးကြီးမားမား မလုပ်နိုင်သေးဘဲ သက်တမ်းတိုးတာကို ကြိုးစား လုပ်လိမ့်မယ်။ မြန်မာနိုင်ငံက လက်ရှိအခြေအနေမှာက ပြည်သူတွေက စိုးရိမ်စိတ်နဲ့ နေထိုင်ရတာ ဖြစ်နေတယ်။ နောက်သက် တမ်းတိုးရင်လည်း အဲဒီအခြေအနေကတော့ အလွယ်တကူ ပြောင်းလဲ လုပ်နိုင်လိမ့်မယ်လို့ မမြင်ဘူး။
မေး။ ။ နောက်ထပ် ဖြည့်စွက် ပြောစရာများ ရှိပါလား။
ဖြေ ။ ။ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး ပြဿနာတွေကို အဖြေရှာတဲ့ လုပ်ငန်းတွေနဲ့ စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်လိုတဲ့ ဆန္ဒရှိရင် လုပ်ငန်းစဉ်တွေကို မြန်မြန်ဆန်ဆန် လုပ်ဖို့လိုတယ်။ ဒီလို ဖယ်ဒရယ် ပြည်ထောင်စု လုပ်ငန်းစဉ်တွေကို ပါးစပ်နဲ့ ပြောရုံ လုပ်နေရင် ပြည်သူတွေ ထိခိုက်မှုတွေ၊ နစ်နာ ဆုံးရှုံးမှုတွေ ပိုပြီး ဖြစ်လာနိုင်တယ်။
ဖယ်ဒရယ်တည်ဆောက်ရေး လုပ်ငန်းစဉ်တွေကို ပါးစပ်အပြောနဲ့ မဟုတ်ဘဲ နိုင်ငံရေး ကတိကဝတ် ရယူပြီး လုပ်ငန်းစဉ်တွေကို အစီစဉ်ချပြီးရင် စတင်အကောင်အထည်ဖော် လုပ်နိုင်ရင်တော့ ဖြေလျော့သွားလိမ့်မယ်။ အဲဒါကြောင့် အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ကိုယ်ကံကြမ္မာကိုယ်ဖန်တီးခွင့်ရှိတဲ့ ပြည်နယ်တွေနဲ့ စစ်မှန်တဲ့ ဖယ်ဒရယ် တည်ထောင်ရေး လုပ်ငန်းစဉ်တွေကို အာဏာယူထားတဲ့ ပုဂ္ဂိုလ်တွေက ပါးစပ်နဲ့ မဟုတ်ဘဲ လက်တွေ့အကောင်အထည်ဖော်ဖို့ ရောက်ပြီလို့ ပြောလိုပါတယ်။
အောင်ထိန် (DMG) ပေးပို့သည်။