28 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူးမြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တွင် တစ်လအတွင်းသတ်ဖြတ်ခံရသူ ၇ ဦးအထိ ရှိလာသည့်အပေါ် ဒေသခံပြည်သူတို့၏ လုံခြုံရေးအတွက်စိုးရိမ်မှုစကားသံများ။

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တွင် တစ်လအတွင်းသတ်ဖြတ်ခံရသူ ၇ ဦးအထိ ရှိလာသည့်အပေါ် ဒေသခံပြည်သူတို့၏ လုံခြုံရေးအတွက်စိုးရိမ်မှုစကားသံများ။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့တွင် တစ်လအတွင်းအရပ်သားသတ်ဖြတ်ခံရသူ ၇ ဦးထိရှိပြီး သေဆုံးသူထဲတွင် အမျိုးသမီး ၄ ဦး ပါဝင်ကြောင်း လူမှုကယ်ဆယ်‌ရေးအသင်းများ၏ ပြောဆိုမှုအရ စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့က ဝိုင်းမော်မြို့ အမှတ် (၅) ရပ်ကွက်တွင် အမျိုးသမီး ၁ ဦး လည်ပင်းဓားထိုး ဒဏ်ရာနှင့်သတ်ဖြတ်ခံရမှု၊ မတ်လ ၄ ရက်နေ့က မြစ်ကြီးနားမြို့ အင်ဂျန်ဒုံရပ်ကွက်၊ အမှတ် (၆) ကျောင်းရှေ့ အမှိုက်ပုံတွင် စွန့်ပစ်ထားသည့်အမျိုးသမီးရုပ်အလောင်းတွေ့ရှိမှု၊ မတ်လ ၃ ရက်နေ့က မြစ်ကြီးနားမြို့ ရမ်ပူ အောက်ချိုင့်၊ ချမ်းသာကြီးဘုန်းကြီးကျောင်းအနီး နေအိမ်တစ်ခုတွင် လင်မယားနှစ်ဦးရန်ဖြစ်ပြီး အမျိုးသားဖြစ်သူက အမျိုးသမီးကို ပုဆိန်နှင့်ခုတ်သတ်မှုတို့ ဖြစ်ပွားခဲ့သည်။

အလားတူ ပြီးခဲ့သည့် ဖေ‌ဖော်ဝါရီ ၂၈ ရက်နေ့က မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်၌ အမျိုးသမီး ၁ ဦး ဓားဖြင့် ခုတ်သတ်ခံရမှု၊ ဖေဖော်ဝါရီ ၁၉ ရက်နေ့က ဝိုင်းမော်မြို့ အာလူးဘာရီကျေးရွာတွင် အသက် ၁၅ နှစ်အရွယ် လူငယ် ၁ ဦး နေအိမ်ရေတွင်းထဲ သတ်ခံထားရမှု၊ ဖေဖော်ဝါရီ ၁၄ ရက်နေ့က မြစ်ကြီးနားမြို့ လယ်ကုန်းပေါ်ဦးအုပ်စု နေအိမ်တစ်အိမ်တွင် အမျိုးသား ၁ ဦး ဓားထိုးခံရပြီးသေဆုံးမှု၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ဂျပန်တံတား အမှိုက်ပုံနား လူငယ် ၁ ဦး ထိုးနှက်သတ်ဖြတ်ခံထားရသည် ဖြစ်စဉ်များကြောင့် ဒေသခံတို့အကြား စိုးရိမ်ထိတ်လန့်လျက် ရှိနေကြသည်။

သတ်ခံရသည့်ဖြစ်စဉ်တို့ကို ကြည့်ခြင်းအားဖြင့် လူပြတ်သည့်လမ်းခုလတ်တွင် အသတ်ခံရသူတို့ပါဝင်သလို နေအိမ်များအတွင်း သတ်ခံရသူတို့လည်းပါဝင်ပြီး အသက် ၁၅ နှစ်ကနေ အသက် ၅၀ နှစ်ဝန်းကျင် အရွယ်ကြား အမျိုးသား ၃ ဦးနှင့် အသက် ၃၀ နှင့် ၅၀ ဝန်းကျင် အမျိုးသမီး ၄ ဦးတို့ ပါဝင်သည်။ ပြစ်မှုကျူးလွန်သူတို့ကို ဖမ်းဆီးရမိမှုတချို့ရှိသော်လည်း ကျူးလွန်သူအများစုမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်။

မြစ်ကြီနားမြို့နှင် ဝိုင်းမော်မြို့တို့တွင် ယခုလိုသတ်ဖြတ်ခံရမှု ခပ်စိပ်စိပ်ဖြစ်လာသည့်အတွက် ဒေသခံပြည်သူတို့၏ လူမှုဘဝလုံခြုံရေးအတွက် စိုးရိမ်ပူပန်နေမှုနှင့် ပက်သက်ပြီး မြစ်ကြီးနားမြိုုနှင့် ဝိုင်းမော်မြို့တို့တွင် နေထိုင်ကြ သည့် ဒေသခံပြည်သူတချို့၏ စကားသံတို့ကို စုစည်းဖော်ပြထားပါသည်။

ပုံစာ – မြစ်ကြီးနားမြို့တွင်းတနေရာ။ (ပုံဟောင်းဖြစ်သည်)

မြစ်ကြီးနားမြို့ခံ လူငယ်အမျိုးသမီးတစ်ဦး

လုံခြုံမှုမရှိတော့ဘူးပေါ့နော။ ဝိုင်းမော်မှာဆိုရင် အိမ်ထဲမှာကိုသတ်ဖြတ်ခံရတာဆိုတော့ တော်တော်လေးကို မလုံခြုံမှု ခံစားရတယ်။ နည်းနည်း ထူးဆန်းတယ်၊ ကွင်းဆက်လူသတ်တာလားတော့ မသိဘူး၊ အမျိုးသမီးတွေပဲ အသတ်ခံနေရတာ။ ခါတိုင်းဆိုရင်တော့‌မှောင်ရင်လည်းသွားရဲတယ်၊ အခုကြတော့ စီတာပူမှာဆို လူပြတ်တဲ့ နေရာတွေ နည်းနည်းများတော့ မှောင်လာပြီဆို သိပ်မသွားဖြစ်တော့ဘူး။ ညနေစောင်းပြီဆိုရင် အိမ်ထဲမှာပဲ နေဖြစ်တော့တယ်။ အရင်ကနဲ့လည်း မတူတော့ဘူး စိတ်မလွတ်လပ်တော့ဘူး။

မြစ်ကြီးနားမြို့က မိခင်တစ်ဦး

သွားရလာရတာတွေလည်း မလုံခြုံတော့ဘူး။ ကျွန်မတို့အိမ်ကကလေးတွေဆို အကုန်ကြီးနေပြီဖြစ်တဲ့အတွက် နေ့ဖြစ်ဖြစ်ညဖြစ်ဖြစ် သူတို့သွားလာတဲ့အချိန်ဆို အရမ်းစိုးရိမ်နေရတယ်။ ဒါကြောင့် ကလေးတွေကိုဆို တစ်နာရီလောက်ပဲ အပြင်သွားခိုင်းတယ်၊ ကြာလာပြီဆိုရင် လိုက်သွားကြည့်တာမျိုးပေါ့။ သူများတခုခု ဖြစ်တယ်လို့ကြားရင် ကိုယ်လည်းအရမ်းစိုးရိမ်မိတာပေါ့။ ဒါကြောင့် ပြောဆိုတဲ့အခါဖြစ်ဖြစ် သွားလာတဲ့ အခါဖြစ်ဖြစ် အရမ်းဂရုစိုက်ပြီးလုပ်နေရတယ်။

ဘာလို့လဲဆိုတော့ အိမ်မှာက မိန်းခလေး ၃ ယောက်ပဲရှိတော့ မလုံခြုံသလိုခံစားရတယ်။ အဲဒါကြောင့်မို့လို့ ရပ်ကွက်ထဲကလူကြီးတွေကိုလည်း ညဘက် ကလေးတွေသွားလာတာမြင်ရင် ကြည့်ပေးဖို့ပြောထားတယ်။ ပြီးတော့ အခုကကလေးတွေလည်း ကျောင်းလည်းပိတ်ပြီဆိုတော့ ကျောင်းသားမှန်းမသိ၊ ဘယ်သူမှန်းမသိ ကားလမ်းမှာလူတွေရှိနေကြတော့ မလုံခြုံဘူး ။ စိုးရိမ်ပေမယ့်လည်း အတတ်နိုင်ဆုံးတော့ ကလေးတွေကို နောက်ကနေလိုက်ကြည့်တာမျိုးတွေ လုပ်နေတာပေါ့။

အသက် ၃၀ အရွယ် မြစ်ကြီးနားမြို့ခံအမျိုးသားတစ်ဦး

အခုကဘယ်လိုဖြစ်လဲဆိုတော့ ပိုက်ဆံရှာရတာအရမ်းခက်လာတယ်။ ဒါကြောင့် သူခိုးဓါးမြတွေလည်း အရမ်းများ လာတယ်။ ညတောင်မဟုတ်တော့ဘူး နေ့လည်ဆိုရင်တောင် သွားရလာရခက်တဲ့အခြေအနေ ဖြစ်လာပြီပေါ့။ အခုဆိုရင် ပစ္စည်းလုပြီးဓားမြတိုက်တာတောင်မဟုတ်တော့ဘူး လူသတ်တဲ့အဆင့်တောင်ဖြစ်လာပြီ။ တချို့ဆို လင်မယားအချင်းချင်းတောင် သတ်ဖြတ်လာတာကိုတွေ့ရတယ်။ အဲဒါကဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ ပိုက်ဆံ တန်ဖိုးမရှိလာတဲ့အတွက်ကြောင့်လည်းပါတာပေါ့။

အခုကျွန်တော်တို့အနေနဲ့ ဘယ်လိုသတိထားရမလဲဆိုတော့ လူပြတ်တဲ့နေရာတွေသွားတာမျိုးတွေကို ရှောင်ရမယ်။ အမျိုးသမီးတွေဆိုရင် တန်ဖိုးရှိတဲ့ ရွှေလိုဟာမျိုးဆို မသုံးတာကောင်းလိမ့်မယ်ပေါ့။ ပြီးတော့ အရမ်းအရေးကြီး တာမျိုးမဟုတ်ရင်တော့ ပိုက်ဆံအိတ်လိုဟာမျိုးတွေကိုလည်း မယူလာတာကောင်းပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီပိုက်ဆံအိတ်တွေလာလုခံရပြီး အသက်သေဆုံးသွားရတဲ့ထိ ဖြစ်လာနိုင်တာကြောင့် ကျွန်တော်တို့အနေနဲ့ သေချာဂရုစိုက်နေထိုင်သင့်တယ်လို့ မြင်မိပါတယ်။

မြစ်ကြီးနားမြို့ခံတက္ကသိုလ်ကျောင်းသူတစ်ဦး

မြို့ထဲတွေထက် မြို့ပြင်၊ မြို့အစွန်ဘက်တွေကတော့ ပိုပြီးစိုးရိမ်ရပြီးအန္တရာယ်ရှိတာပေါ့။ တက္ကသိုလ်သွားတော့ စိုးရိမ်တာတွေလည်း ရှိတာ‌ပေါ့။ ဒါပေမယ့် တက္ကသိုလ်ကျောင်းမှာဆိုရင် အစောင့်တွေတော့ လွှတ်ထားပေးတယ် အဲဒီသတင်းတွေကြားလို့နေမှာ။ တခါတလေတော့ နေ့လိုအချိန်တွေဆိုရင် တစ်ယောက်တည်းသွားပေမယ့် တပ်ကုန်းနဲ့ စီတာပူဂျပန်လမ်းအဆက်နားဆိုရင်တော့ တစ်ယောက်တည်း သွားလို့မကောင်းဘူးပေါ့။ အဲလိုနေရာ တွေတော့ သူငယ်ချင်းတွေနဲ့ပဲ သွားဖြစ်တယ်။

ဝိုင်းမော်ဒေသခံလူငယ်အမျိုးသားတစ်ဦး

ပြောရရင် အခုဒီမှာက ခေတ်ပျက်လိုဖြစ်နေပြီ။ ဘယ်သွားသွား နောက်ကနေ ဘယ်ချိန်လာထိုးလိုက်မလဲ။ လာရိုက်လိုက်မလဲ ကြောက်နေရတယ်။ တစ်ယောက်ထဲဆိုင်ကယ်နဲ့သွားတာတို့ဆို ပိုသတိထားရတယ်။ အဲဒါကြောင့် ည ၆ နာရီလောက်ဆို ဒီဘက်မှာလူတောင်သိပ်မရှိတော့ဘူး။ အရေးအကြောင်း အရေးကြီးလို့ သွားရမယ်ဆိုရင်တောင် အဖော်တွေနဲ့အဖွဲ့လိုက်သွားနေရတယ်။ တကယ်မလွယ်ဘူး။ ဘယ်သွားသွား နောက်ကြောမလုံသလို ခံစားနေရတယ်။

KNG ပေးပို့သည်။