28 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“မီးမရရင်လည်း ကိစ္စမရှိဘူး၊ ရေရှိတယ်ဆိုရင် ရတယ်ဆိုတဲ့သဘောနဲ့ မိမိအိမ်ကိုပဲ တမ်းတပြီးတော့ ပြန်ချင် ကြတယ်။ နောက်ထပ် ဒီလိုမျိုးစစ်ဘေးရှောင်အနေနဲ့ တခြားဒေသမှာ ကြာကြာနေလို့ဆိုရင်...

“မီးမရရင်လည်း ကိစ္စမရှိဘူး၊ ရေရှိတယ်ဆိုရင် ရတယ်ဆိုတဲ့သဘောနဲ့ မိမိအိမ်ကိုပဲ တမ်းတပြီးတော့ ပြန်ချင် ကြတယ်။ နောက်ထပ် ဒီလိုမျိုးစစ်ဘေးရှောင်အနေနဲ့ တခြားဒေသမှာ ကြာကြာနေလို့ဆိုရင် ကြာလာရင် ဘယ်လိုစားသောက်တော့မှာလဲ စိုးရိမ်မှုတွေတော့ မြင့်တက်လာတယ်” Falam Township IDPs Management Team အတွင်းရေးမှူး

ဖလမ်းစစ်ရှောင်ပြည်သူတို့၏ လက်ရှိအခြေအနေနှင့်ပတ်သက်ပြီး Falam Township IDPs Management Team (FTIMT) အတွင်းရေးမှူး (ကလေးမြို့ဌာန) နှင့် ဆက်သွယ်မေးမြန်းချက်။

ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၉ ရက်နေ့တွင် ချင်းညီနောင်တပ်ဖွဲ့များက စတင် ဖော်ဆောင်ခဲ့သည့် ဖလမ်းမြို့သိမ်းစစ်ဆင်ရေးသည် ယခုဆိုလျှင် ၂ လကျော် ရှိလာပြီဖြစ်သည်။

ထို ၂ လကျော်ကာလအတွင်း ဖလမ်းမြို့ထဲက စစ်ကောင်စီတပ်ဖွဲ့များ နေရာယူတပ်စွဲထားသည့် တပ်စခန်း အားလုံးကို ချင်းညီနောင်တပ်ဖွဲ့များက သိမ်းပိုက်ထားပြီးဖြစ်သော်လည်း စစ်ကောင်စီ ခလရ ၂၆၈ တပ်ရင်း တစ်ခုသာ သိမ်းရန်ကျန်ရှိတော့ပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုတို့လည်း နေ့စဉ်ဖြစ်ပွားလျက် ရှိနေသည်။

စစ်ကောင်စီဘက်ကလည်း ခလရ ၂၆၈ တပ်ကုန်း မကျစေရေးအတွက် နေ့ရောညပါ လေကြောင်းအသုံးပြု အပြင်းအထန် ခုခံတိုက်ခိုက်နေသည်။ ဖလမ်းမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေတာကြောင့် ဒေသခံတို့၏ လုံခြုံရေး အတွက် မြို့အဝင်လမ်းများ ဖြတ်သန်းသွားလာမှုကိုလည်း ချင်းညီနောင်အဖွဲ့က ယခုဇန်နဝါရီလဆန်းပိုင်း ကတည်းက တားမြစ်ပိတ်ထားကြောင်း သိရသည်။

လူဦးရေတစ်သောင်းကျော်ခန့်ရှိသည့် ဖလမ်းမြို့ဒေသခံအားလုံးသည်လည်း မြို့သိမ်းတိုက်ပွဲ မစတင်ခင်ကတည်းက မြို့ကိုစွန့်ခွါ၍ အများစုသည် ကလေးမြို့တွင် စစ်ဘေးရှောင်နေကြပြီး၊ တချို့မှာ ဟားခါးမြို့၊ ရန်ကုန်မြို့နှင့် ကျေးလက်ဒေသတို့ရှိ ဆွေမျိုးအသိမိတ်ဆွေများထံ ခိုလှုံနေကြရသည်။

ဖလမ်းဒေသခံတို့သည် စစ်ဘေးတိမ်းရှောင်ရာ၌ အစဦးပိုင်းတွင် ပါလာသော ရိက္ခာ၊ငွေကြေးတို့နှင့် စားဝတ်နေရေး ကို ဖြေရှင်းနိုင်ခဲ့ကြသော်လည်း စစ်ရှောင်ရသည့်အချိန်ကာလ ကြာမြင့်လာသအမျှ တဖြေးဖြေးအခက်အခဲဖြစ် လာကြောင်း ပြောဆိုကြသည်။ ဖလမ်းစစ်ရှောင်ပြည်သူတို့၏ လက်ရှိအခြေအနေနှင့်ပတ်သက်ပြီး Falam Township IDPs Management Team (FTIMT) အတွင်းရေးမှူး (ကလေးမြို့ဌာန) ကို ဆက်သွယ်မေးမြန်းထားပါသည်။

ပုံစာ – ဖလမ်းမြို့မြင်ကွင်း (ပုံဟောင်းဖြစ်သည်/ Photo – Social Media)

မေး။ ။ ဖလမ်းမြို့သိမ်းတိုက်ပွဲကြောင့် ဖလမ်းမြို့ခံပြည်သူတွေ အဓိက ဘယ်ဒေသတွေမှာ စစ်ဘေးရှောင် ကြပြီး လူဦးရေအားဖြင့် ဘယ်လောက်ရှိပါလဲ။ စစ်ရှောင်သူဦးရေ တိုးလာတာမျိုးရှိပါလား။

ဖြေ။ ။ ဖလမ်းမြို့ကနေ စစ်ဘေးရှောင်က ထပ်တိုးလာပါတယ်။ တချို့ဆိုရင်တော့ ရွာတွေမှာ၊ နယ်တွေမှာ ခဏလေးဆိုပြီး မျှော်လင့်ချက်နဲ့နေပြီးမှ အခုဒီလောက်ကြာလာတော့ ကျန်းမာရေး၊ ပညာရေးကိစ္စကြောင့် စားဝတ်နေရေးက အဆင်မပြေတော့ဘူးဆိုတော့ ကလေးမြို့မှာ ဆင်းလာကြတယ်။ အခုချိန်မှာ ဒီကနေ့အထိ စာရင်းရထားတာက ၁၁၆၀ အိမ်ထောင်စုက ကလေးမြို့မှာ စစ်ဘေးရှောင်တာပေါ့။ လူဦးရေနဲ့ဆိုရင် ၅၀၀၀ ဝန်းကျင်ရှိနေပြီ။

ဟားခါးမှာက လူဦးရေက ၂၀၀၀ ကျော် ရှိတယ်။ ရွာတွေ၊ နယ်တွေမှာ ရှောင်တဲ့သူတွေလည်း ရှိတယ်။ တချို့ ရွာတွေဆိုရင် ကလေးမြို့ဘက်ကို ဆင်းလာတဲ့သူတွေရှိတယ်။ ပြီးရင် နယ်တွေမှာ အဆင်မပြေ တော့လို့ ရွာခံတွေကိုက ကလေးမြို့ကိုလာတဲ့သူတွေရှိတယ်။ တချို့က ဟားခါးဘက်ကိုသွားတဲ့သူတွေ ရှိတယ်။ ဇိုခေါထာရ်ဘက်မှာလည်း များတယ်။ ရန်ကုန်ဘက်က အနည်းစု၊ ကလေးမြို့မှာကတော့ အများဆုံးပဲ။ အဲ့ဒါတွေ ပေါင်းမယ်ဆိုရင်တော့ အခုစစ်ဘေးရှောင်လူဦးရေက ၁၃,၀၀၀ လောက်ရှိမယ်။

မေး။ ။ အခုဆိုရင် စစ်ဘေးရှောင်နေရတာလည်း ၂ လကျော် ရှိလာပြီဆိုတော့ စစ်ဘေးရှောင်ပြည်သူတွေ စားနပ်ရိက္ခာပိုင်းမှာ ဘယ်လိုပုံစံမျိုးနဲ့ ရှာဖွေရပ်တည်နေကြပါလဲ။

ဖြေ။ ။ အခု ကျွန်တော်သိလောက်ပေါ့နော် ဟားခါးနဲ့ကလေးမှာဆိုရင် မိမိစုဆောင်းထားတဲ့အရာလေးတွေကို ချွေတာပြီးတော့ သုံးနေတဲ့သူတွေရှိတယ်။ တချို့ဆိုရင် မိသားစုဆွေမျိုးတွေက တတ်နိုင်သလောက်ကူတဲ့သူတွေ ရှိမယ်။ ပြီးရင် NGO အဖွဲ့အစည်းတွေက ပံ့ပိုးတဲ့အရာတွေလည်း ရှိနိုင်တယ်ပေါ့နော်။ ဖလမ်းမြို့မှာနေတုန်းက ကိုယ်လုပ်တဲ့အလုပ်ကို ဆက်လုပ်ပြီးမှ အသက်မွေးဝမ်းကျောင်းပြုတယ်ဆိုတာ နည်းနည်းလေးပဲရှိတယ်။ အလုပ်လက်မဲ့တွေ များလာတယ်။ အသက်မွေးဝမ်းကျောင်းအတွက်က ခက်လာတယ်၊ ဝန်ထမ်းတွေဆိုရင်တော့ တမျိုးပေါ့။

မေး။ ။ စစ်ဘေးရှောင်တဲ့ကာလကလည်း တဖြေးဖြေးကြာလာပြီဆိုတော့ ဖလမ်းဒေသခံစစ်ရှောင်တွေ အခုလက်ရှိမှာ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့နေကြရပါလဲ။

ဖြေ။ ။ အခုက နေရေးထိုင်ရေးနဲ့ အစားအသောက်ပဲ ဖြစ်တော့မယ်။ ပထမအခက်အခဲက အချို့က အခန်း ကျဉ်းကျဉ်းလေးကို မိသားစုသုံးစုလောက်နဲ့ အတူတူနေထိုင်ကြရတယ်။ အခုနည်းနည်းလည်း ကြာလာပြီဆိုတော့ အတူတူနေလို့လည်း သိပ်အဆင်မပြေတော့ဘူးဆိုတော့ နေထိုင်ရေးလည်း အခက်အခဲတွေ့တယ်။ အစားအသောက်မှာကြတော့ တအားအခက်ခဲဖြစ်တာမျိုးတော့ ကလေးမြို့မှာမရှိသေးဘူးပေါ့။ ဒါပေမယ့် တခုရှိ တာက အခုဖလမ်းမြို့နယ်မှာပဲ စစ်ဘေးရှောင်နေတဲ့ ဖလမ်းမြို့ခံတွေက ဆန်တွေပြတ်လပ်နေပြီ။ အခုဘယ်လို ပို့ရမလဲဆိုတာ တချို့စဉ်းစားတဲ့သူတွေ ရှိပါတယ်။

နယ်တွေဘက်မှာ ထွက်ပြေးတဲ့သူတွေအတွက်က သူတို့ငွေတွေရှိလည်း ဝယ်စရာပစ္စည်းကရှားလာတယ်။ မရှိသလောက် ဖြစ်နေတယ်။ နယ်တွေမှာကြတော့ (အခက်အခဲက) စားရေးသောက်ရေးတွေဖြစ်မယ်။ ကလေးမြို့ဘက်ကို လာတဲ့သူတွေကြတော့ ဝယ်စရာလေးတွေ ရှိသေးတယ်။ အစားအသောက်က အဆင်ပြေ တယ်ဆိုတာမျိုးတော့ ရှိပါသေးတယ်။ တအားခက်တဲ့ မိသားစုတွေလည်းရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့လည်း အချင်းချင်း တတ်နိုင်သလောက်လေး ကူညီကြတာပေါ့နော်။

မေး။ ။ လက်ရှိမှာ စစ်ဘေးရှောင်ပြည်သူတွေ အကူအညီအထောက်ပံ့ရတာမျိုးရှိလား၊ FTIMT အဖွဲ့ကနေ ဘယ်လိုကူညီဆောင်ရွက်ပေးတာမျိုးရှိပါလဲ။

ဖြေ။ ။ ကျွန်တော်တို့အဖွဲ့အနေနဲ့ ချဉ်းကပ်တဲ့ပုံစံက ခရစ်ယာန်အသင်းတော်အနေနဲ့ သင်းထောက်လူကြီး၊ ပါစတာတွေကို ဆက်သွယ်တယ်။ သူ့အသင်းသူအသင်းသားတွေ ဒီမှာစစ်ဘေးလာရှောင်တဲ့သူတွေစာရင်း အတိအကျ ရှိတယ်။ သူတို့ကို ခက်ခဲတဲ့သူတွေကို ဆက်သွယ်ခိုင်းတယ်။ အသင်းတော်ပါစတာ၊ အသင်းတော် လူကြီးတွေကရွေးထားတဲ့ ခက်ခဲတဲ့မိသားစုတွေကို ဆန်တအိတ်နဲ့ ငွေသား ၁ သိန်းခွဲလောက် တအိမ်ထောင်မှာ ကူညီတာတွေ ရှိတယ်။ ပြီးရင် ဂေါ်ရခါးဗုဒ္ဓတွေလည်း ထည့်ထားပါတယ်။ သူတို့လည်းပဲ ခက်ခဲတာ စားသောက်ရေးမှာပါ။

အဓိက အခက်ခဲဖြစ်တာက စားသောက်ရေးဖြစ်တော့ အစားအသောက်မှာ ခက်ခဲမှု မရှိရလေအောင် ကျွန်တော်တို့ တတ်နိုင်သလောက်ပေါ့နော်။ ခက်ခဲတာကတော့ အားလုံးခက်ခဲနေတာပဲ။ ဒါပေမယ့် အစားအသောက်ပြတ်လပ်မှု မရှိရလေအောင် အဓိကထားပြီးတော့မှ အဖွဲ့အစည်းအနေနဲ့ ကူညီတယ်။ ဒုတိယတခုက ဒေသအဖွဲ့အစည်းတွေကို တတ်နိုင်သလောက်ဆက်သွယ်ထားပြီးတော့ သူတို့ပေးထားတဲ့ ပစ္စည်း တွေကို ကျွန်တော်တို့ကနေတဆင့် စာရင်းရထားတဲ့သူတွေကို ပြန်လည်ဝေမျှတာတို့ရှိပါတယ်။

မေး။ ။ စစ်ဘေးရှောင်ထဲမှာလည်း ကျောင်းနေရွယ်ကလေးငယ်တွေ အများကြီးရှိမယ်လို့ထင်ပါတယ်၊ သူတို့ရဲ့ ပညာရေးအခြေအနေက ဘယ်လိုရှိပါလဲ။

ဖြေ။ ။ ကလေးတွေရဲ့ ကျောင်းပညာရေးကို နည်းနည်းစိတ်ပူနေရတယ်။ အခုကြတော့ ရုတ်တရက် ထွက်ပြေး လာတဲ့သူတွေဆိုတော့ ကျောင်းတိုင်းကတော့လက်ခံတယ်၊ ကျောင်းအဝင် လက်ခံတယ်။ အခုနောက်နှစ်ဆိုရင် ကလေးတွေ ကျောင်းဆက်တက်နိုင်မလားဆိုတာ စိုးရိမ်နေကြတာ။ ကျွန်တော်တို့ဘက်ကတော့ အထူးသဖြင့် ကျောင်းပြောင်းလက်မှတ် လိုတယ်ဆိုတော့ တချို့ဆိုရင် ဘယ်မှာယူရမလဲဆိုတာတောင် မသိတဲ့သူတွေ ရှိတဲ့ အတွက်ကြောင့်မို့ ဒီပြဿနာရှိတဲ့သူတွေဆိုရင် ကျွန်တော်တို့က လုပ်ရမယ့်လမ်းကြောင်းတွေကို ကူညီပေး နိုင်တယ်။

ဒီမှာက ကျောင်းသားဦးရေ အခုကောက်တဲ့ဟာ သူတို့အကုန်မအပ်သေးဘူး။ များတယ် ထောင်ကျော်ဖြစ်မှာ။ ကလေးတွေရဲ့ အတန်းတင်ကိစ္စက ဖလမ်းမှာ နောက်ဆုံးအောက်တိုဘာလ ဖြေထားတဲ့အရာနဲ့ အတန်းတင်လို့ ရမယ်ဆိုတဲ့ အသံကြားတယ်။ နောက်တခုက ဒီမှာတချို့တွေက လက်ခံတယ်ဆိုတော့ ကျောင်းပြောင်းလက်မှတ် တွေကိုယူပြီးမှ ဒီမှာ အတန်းဆက်တက်တဲ့သူတွေလည်းရှိတယ်။ မတက်နိုင်တဲ့သူတွေလည်း ကျူရှင်ဝိုင်းပုံစံမျိုး နဲ့ပဲသွားတဲ့သူတွေ ရှိတယ်။ ကျောင်းပြောင်းလက်မှတ် မရနိုင်သေးတဲ့သူတွေလည်းရှိတယ်။ အဲ့ဒါတွေကြတော့ သူတို့နောက်ဆုံးဖြေထားတဲ့အရာနဲ့ အတန်းတင်ပေးမယ်လို့လည်းကြားတယ်။ ဒါပေမယ့် တရားဝင်ဖြစ်မဖြစ် တော့ မသိနိုင်ဘူး။

မေး။ ။ အခုဆို စစ်ဘေးရှောင်နေရတာ ၂ လကျော်ရှိလာပြီ၊ စားဖို့သောက်ဖို့ နေရေးထိုင်ရေးကလည်း ခက်ခဲလာပြီဆိုတော့ စစ်ဘေးရှောင်ပြည်သူတွေက ဘာတွေပြောဆိုတာ၊ သူတို့ဘာတွေမျှော်လင့်နေကြလဲ။

ဖြေ။ ။ ကိုယ့်မြို့ကိုယ့်အိမ်ကိုပဲ တမ်းတနေကြတာပေါ့နော်။ အထူးသဖြင့် ပြန်ချင်တယ်ဆိုရင်လည်း ဒီအတိုင်းကြီး မဟုတ်ဘဲနဲ့ အဖြေတခုခုရပြီးတော့မှ အဖြေလို့ပြောတဲ့အခါမှာ ပြည်သူဘက်ကနေ ထိန်းချုပ် နိုင်တာမျိုးဆိုရင် တတ်နိုင်သလောက်တော့ လူကြီးပိုင်းတွေဆိုရင်တော့ ကိုယ့်အိမ်မှာပဲ နေချင်ကြတယ်။ မီးမရရင် လည်းကိစ္စမရှိဘူး၊ ရေရှိတယ်ဆိုရင် ရတယ်ဆိုတဲ့သဘောနဲ့ မိမိအိမ်ကိုပဲ တမ်းတပြီးတော့ ပြန်ချင်ကြတယ်။

နောက်ထပ် ဒီလိုမျိုးစစ်ဘေးရှောင်အနေနဲ့ တခြားဒေသမှာ ကြာကြာနေလို့ဆိုရင် ကြာလာရင် ဘယ်လိုစားသောက် တော့မှာလဲ၊ စိုးရိမ်မှုတွေတော့ မြင့်တက်လာတယ်။ ထမင်းငတ်ပြီးတော့မှ သေတော့မှာလားဆိုတဲ့အထိပေါ့နော်။ ပြောချင်တာက ဒီမှာလည်း အဆင်မပြေတော့ဘူး။ ပုံမှန်လုပ်လို့လည်း မရဘူး။ အသွားအလာလည်း ဆင်ခြင်ရ တယ်၊ သတိထားရတယ်၊ မလုံခြုံတော့ဘူးပေါ့။ ပြီးတော့ အခုက ပူလာတော့မယ်ဆိုတော့ တောင်ပေါ်ဒေသမှာ နေတဲ့သူတွေအတွက်က ဒီမြေပြန့်ကလေးမြို့မှာဆိုရင် အရမ်းကိုပူအိုက်တာပေါ့နော်။ အဲ့ဒါမခံနိုင်တဲ့ ကလေးသူငယ်၊ အဖိုးကြီးအဘွားကြီးတွေက အခုနွေရာသီရောက်မှာကိုပဲ အရမ်းကြောက်လာကြတယ် အဲ့ဒါတွေ လည်းရှိတယ်။

မေး။ ။ တခြားဘာများ ဖြည့်စွက်ပြောကြားချင်ပါလဲ။

ဖြေ။ ။ မြန်မာနိုင်ငံတစ်ဝန်းမှာဖြစ်နေတဲ့အတွက် စစ်ဘေးရှောင်တွေအနေနဲ့ ရောက်တဲ့နေရာမှာ သဟဇာတ ဖြစ်အောင်၊ ငြိမ်သက်အောင်ကြိုးစားဖို့က ကျွန်တော်တို့တာဝန် ဖြစ်တယ်။ ပထမအနေနဲ့ ကျွန်တော်တို့ရွေးပိုင်ခွင့် မရှိတဲ့အထဲမှာ ဖြစ်လာတဲ့အရာပေါ်မှာ အကောင်းဆုံး တတ်နိုင်သလောက် အချင်းအချင်းရိုင်းပင်း ကူညီဖေးမပြီး နေထိုင်ဖို့ကိုပဲ ပြောချင်ပါတယ်။

KMG ပေးပို့သည်။