အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရာတွင် ပြည်နယ်အသစ်များ ပေါ်ပေါက်လာနိုင်လားဆိုသည့် အခြေအနေအပေါ် ဖက်ဒရယ်အရေးကျွမ်းကျင်သူ ဦးခင်မောင်ဝင်းနှင့် ဆက်သွယ်မေးမြန်းချက်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်တပ်ကအာဏာသိမ်းယူခဲ့ပြီးနောက် ပြည်တွင်း၌ စစ်အာဏာရှစ်စနစ်ကို လက်နက်ကိုင်တော်လှန်မှုများ ကြီးမားလာပြီး တိုက်ပွဲများကျယ်ပြန့်လာခြင်းနှင့်အတူ နယ်မြေအမြောက်အများကို စစ်ကောင်စီက မကြုံစဖူး လက်လွတ်နေရသည်။
အထူးသဖြင့် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က ဦးဆောင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” အတွင်း ရှမ်းပြည်မြောက်ပိုင်းနှင့် ရခိုင်ပြည်တို့တွင် နယ်မြေအများပြားကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီးနောက်ပိုင်း ပြည်နယ်အသစ်များ ပေါ်ပေါက်လာနိုင်သည်ဟု သုံးသပ်ပြောဆိုမှုများ ရှိလာနေသည်။
မည်သည့်အချက်များကြောင့် အနာဂါတ် ဖက်ဒရယ်ပြည်ထောင်စုတွင် ပြည်နယ်အသစ်များ ပေါ်ထွန်းလာနိုင်သည့် အခြေအနေမျိုး ရှိလာနိုင်ပါလဲ။ ပြည်နယ်သစ် သတ်မှတ်နိုင်ရေး ဘယ်လိုသတ်မှတ်ချက်များ ရှိဖို့လိုလဲစသည် အခြေအနေများနှင့် ပတ်သက်ပြီး ဖက်ဒရယ်အရေးကျွမ်းကျင်သူ ဦးခင်မောင်ဝင်းကို ဆက်သွယ်မေးမြန်း ထားပါသည်။
ဦးခင်မောင်ဝင်းသည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ဗဟိုဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်ပြီး DVB (Democratic Voice of Burma) ကို တည်ထောင်သူတစ်ဦးလည်း ဖြစ်သည်။ အနာဂတ်ဖယ်ဒရယ် ဒီမိုကရေစီနိုင်ငံနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဖက်ဒရယ်နှင့် အခြေခံဥပဒေ အရေးရှု့ထောင့်မှ လေ့လာသုံးသပ်နေသူ အလွတ်တန်းတစ်ဦးဖြစ်ပြီး ဖက်ဒရယ်ဆိုင်ရာ သင်တန်းများကိုလည်း ပို့ချပေးလျက်ရှိပါသည်။
မေး။ ။ လက်ရှိ မြန်မာနိုင်ငံရေးအခြေအနေဟာ လမ်းဆုံလမ်းခွကိုရောက်နေတယ်လို့ ပြောကြတယ်။ ဆိုတော့ အနာဂါတ် ဖက်ဒရယ်ပြည်ထောင်စုမှာ ပြည်နယ်အသစ်တွေ ပေါ်ထွန်းလာနိုင်တဲ့ အခြေအနေမျိုးရှိပါလား။
ဖြေ။ ။ အနာဂတ်မှာ ကျနော်တို့မြန်မာနိုင်ငံက ဖက်ဒရယ်နိုင်ငံဖြစ်လာရင် ပြည်နယ်အသစ်တွေ ဘယ်လိုရှိလဲ စဉ်းစားတဲ့နေရာမှာ ဘယ်လိုနည်းနဲ့ ဖက်ဒရယ်ပုံစံ ပေါ်လာမလဲဆိုတာလည်း စဉ်းစားဖို့လိုတယ်။ ဖက်ဒရယ်ဖြစ်လာပုံ ဖြစ်လာနည်းမှာလည်း မူတည်တယ်။
တကယ်လို့သာ ဗဟိုအစိုးရအားကောင်းပြီးတော့ ဗဟိုအစိုးရကသဘောကောင်းပြီးတော့မှ ဖက်ဒရယ်ပုံစံ လုပ်ပေးလိုက်ရင် အဲဒါဆိုရင် ရှိရင်းစွဲ တိုင်း ၇ ခု၊ ပြည်နယ် ၇ ခုကို အခြေခံပြီးတော့ စဉ်းစားတဲ့ပုံစံမျိုး ဖြစ်သွားနိုင်တယ်။ တကယ်လို့သာ အားကောင်းတဲ့ဗဟိုအာဏာပိုင် ဆိုကြပါစို့၊ ဥပမာ – ဦးသိန်းစိန်အစိုးရ၊ NLD အစိုးရခေတ်မှာ လုပ်ခဲ့သည်ရှိသော် လက်ရှိ ရှိရင်းစွဲ ပြည်နယ်တွေ၊တိုင်းတွေကို အခြေခံပြီးတော့ စဉ်းစားတဲ့ပုံစံမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်။
မေး။ ။ လက်ရှိ မြန်မာနိုင်ငံရဲ့အခြေအနေက ဘယ်လို ဖြစ်လာနိုင်ပါလဲ။
ဖြေ။ ။ ဒါပေမယ့် အခုချိန်မှာ မြန်မာနိုင်ငံမှာပေါ်လာမယ့် ဖက်ဒရယ်ပုံစံသည် အဲဒါမျိုးမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ဗဟိုအာဏာပိုင်တွေ ပြိုကျနေပြီ။ အားကောင်းတယ်ဆိုတဲ့ စစ်ကောင်စီကလည်း ပြိုကျနေပြီ။ တချိန်တုန်းက အားကောင်းခဲ့တဲ့ NLD အစိုးရလည်း မရှိတော့ဘူး။ အခုချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ PDF တွေနဲ့ပေါင်းပြီးတော့ လုပ်နေတဲ့အခြေအနေက စစ်ကောင်စီအားနည်းသွားပြီးတော့ ပြိုကျနေတဲ့ အချိန်၊ အဲဒီအချိန်မှာ ဖက်ဒရယ်တွေ ပြန်အားကောင်းလာပြီးတော့ ကိုယ့်ဒေသအုပ်ချုပ်ရေး ကိုယ်လုပ်နေတဲ့ အချိန်။ ကရင်နီဆိုရင် လုပ်နေပြီ၊ ရခိုင်ဆိုရင် လုပ်နေပြီ၊ ချင်းဆိုရင် လုပ်နေပြီ။ ကချင်မှာ အစိတ်အပိုင်းအဖြစ် လုပ်နေပြီ။ ကရင်မှာ အစိတ်အပိုင်းအဖြစ် လုပ်နေပြီ။
အဲဒါမျိုးတွေ ဖြစ်လာတဲ့အချိန်မှာကြတော့ ပေါ်လာတဲ့ဖက်ဒရယ်သည် Coming Together တကယ်လို့ လုပ်ဖို့ ဆုံးဖြတ်ခဲ့သည်ရှိသော် သူတို့ဟာသူတို့ လွတ်လပ်ပြီးတော့ လာပူးပေါင်းတဲ့ဟာမျိုး အဲဒီလိုမျိုးအခြေအနေမှာ ကြတော့ လွတ်မြောက်သွားတဲ့နယ်မြေတွေ အကုန်လုံး ပူးပေါင်းတာမျိုးဟုတ်ရင်လည်း ဟုတ်မယ်။ သေချာ မပြောတတ်ဘူး။ မြန်မာနိုင်ငံရဲ့နယ်မြေ အပြောင်းအလဲဖြစ်ရင်လည်း ဖြစ်သွားနိုင်တယ်။ ဒါက တစ်ခု။ နောက်တခု ကတော့ အရင်တုန်းက တိုင်းရင်းသားလူမျိုးတွေနဲ့ ၈ ပြည်နယ်မူ ထားခဲ့တာဖြစ်တဲ့အတွက် အဲဒီတိုင်းရင်းသား ပြည်နယ်ရသင့်တဲ့ တိုင်းရင်းသားတွေ ရှိတယ်ဆိုပြီးတော့မှ ပြောနေတာတွေရှိတယ်။
မေး။ ။ ဆိုတော့ ၈ ပြည်နယ်မူကရော အလုပ်ဖြစ်မှာလားဆိုတဲ့ မေးခွန်းတွေလည်း ရှိနေတယ်။ ဒါကိုရော ဘယ်လိုမြင်ပါလဲ။
ဖြေ။ ။ ဆိုတော့ အဲဒီပြည်နယ်ရသင့်တဲ့တိုင်းရင်းသားတွေက တောင်းဆိုတဲ့အခါမှာ ဖြစ်သင့်တဲ့ဟာကတော့ အဲဒီ ပြည်နယ်ဖွဲ့စည်းမှုအရ အကျိူးသက်ရောက်မှုရှိတဲ့ဒေသက လူတွေရဲ့သဘောဆန္ဒက အရေးကြီးတယ်။ ကျနော်တို့ ပြောနေကျ အယူအဆတစ်ခု ရှိပါတယ်။ အဲဒီဒေသမှာရှိတဲ့လူတွေရဲ့ အချုပ်အခြာအာဏာပိုင်မှုကိုပြောတာ၊ ပြည်နယ် ၂ ခု ၃ ခု မှာရှိတဲ့ အစပ်မှာရှိတဲ့နေရာတစ်ခုက အသစ်တစ်ခုဖွဲ့ချင်တယ်ဆိုရင် အဲဒီပြည်နယ်အသစ် ဖွဲ့လိုက်လို့ အကျိုးသက်ရောက်မှုရှိမယ့် ပြည်နယ်တွေမှာရှိတဲ့ လူထုရဲ့ဆန္ဒသဘောထားက အဓိက ကျပါတယ်။ ဟိုးအဝေးကလူရဲ့သဘောထားဆန္ဒက အဓိကမကျပါဘူး။ ဆိုတော့ ပြည်နယ်အသစ်က ပေါ်ကောင်းပေါ်နိုင်တယ်။
နောက်တခုက တိုင်းရင်းသားတွေ ပြည်နယ် ၇ ခုထဲမှာ ဖြစ်ပေါ်လာနိုင်တဲ့အယူအဆပါ။ နောက်တစ်ခုက ဗမာ အများစုနေထိုင်တဲ့ သတ်မှတ်ခံထားရတဲ့ တိုင်းကြီး ၇ ခုကလည်း အဲဒီဟာကလည်းပဲ ပြည်နယ်ပြောင်းလဲဖွဲ့စည်း ရမှာဖြစ်ပါတယ်။ အများအားဖြင့် အဆိုပြုနေတဲ့ဟာကတော့ တိုင်းရင်းသားတန်းတူညီမျှရေး ပြောနေတာဖြစ်တဲ့ အတွက် ဗမာလူမျိုးအတွက် ပြည်နယ်တစ်ခုပဲ ရှိရမယ်ဆိုတော့ ဗမာအများစုနေတဲ့နေရာမှာ ဗမာပြည်နယ် ရှိသင့် တယ်ဆိုပြီးတော့ ပြောနေကြတယ်။ ဆိုတော့ အခု ဗမာတွေအများစုနေတဲ့ ဗမာအလယ်ပိုင်းက ဗမာပြည်နယ်လိုဟာမျိုး ဖြစ်လာပြီးတော့မှ ဗမာပြည်နယ်တစ်ခု ပေါ်လာမယ်။
နောက်တစ်ခုက တိုင်းရင်းသားတွေ ရောနှောနေထိုင်နေကြတဲ့ ဒေသတွေရှိတယ်။ အရင်ကတည်းက နေပြီးတော့ ဖက်ဒရယ်ကိစ္စတွေ ပြောလာတဲ့သူတွေ ပြောကြတာကတော့ တနင်္သာရီရယ်၊ ဧရာဝတီရယ်မှာက တိုင်းရင်းသား တွေ ရောနှောနေထိုင်ကြတဲ့အတွက် တိုင်းရင်းသားလူမျိုးများ ပြည်နယ်ဆိုပြီးတော့မှ ဖြစ်လာနိုင်တယ်။ အဲဒီတော့ တိုင်း ၇ ခု ကလည်းပဲ အရေအတွက်အားဖြင့် ၇ ခု ထွက်ပေါ်လာမှာတော့ မဟုတ်ဘူး။ ဒါပေမယ့် အရေအတွက် အားဖြင့် အပြောင်းအလဲဖြစ်လာနိုင်တယ်၊ အဲဒီမှာ အပြောင်းအလဲက ဖြစ်နိုင်တယ်။
မေး။ ။ ပြည်နယ်အသစ်သတ်မှတ်နိုင်ဖို့ ဘယ်လိုသတ်မှတ်ချက်တွေ ရှိဖို့လိုလဲ။ ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့ ပြည်နယ်ရသင့်တဲ့လူမျိုးတွေဆိုတဲ့ အချက်တွေအပေါ်မှာရော အခြေခံပြီးပြောလို့ရလား။
ဖြေ။ ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့လမ်းညွှန်ချက်ကို ဖတ်ဖူးပါတယ်။ ဒီပြည်နယ်ရသင့်တဲ့လူမျိုးဆိုတာ သူတစ်နိုင်ငံလုံး လူဦးရေ ၁၀ ပုံ ၁ ပုံဆိုတာ အဲဒါကတော့ တော်တော်များလွန်းတယ်။ ၁၀ ပုံ ၁ ပုံမှ ပြည်နယ်ရမယ်ဆိုရင် ဗမာ ပြည်မှာက ပြည်နယ် ၁၀ ခုပဲရမယ်လို ဖြစ်နေတာလေ။ ၁၀ ပုံ ၁ ပုံ သွားအချိုးချလိုက်ရင် မဖြစ်နိုင်ဘူး။ တချို့ ပြည်နယ်တွေက သူ့ရဲ့သမိုင်းကြောင်း သူ့ရဲ့လူမျိုးရေးနောက်ခံ အချက်အလက်တွေကြောင့် လူဦးရေနည်းသော် လည်း ပြည်နယ်ရနိုင်တယ်။ တခြားမကြည့်နဲ့ ကရင်နီပြည်နယ်ပဲကြည့်၊ ကရင်နီပြည်နယ် လူဦးရေက သိန်းဂဏန်း ပဲရှိတယ်။ သန်းတောင်မပြည့်ဘူး၊ ဒါပေမယ့် ပြည်နယ်တစ်ခု ဖြစ်နေတာပဲလေ။
လောလောဆယ် အဲဒါက ဘယ်လိုလုပ် ၁၀ ပုံ ၁ ပုံ ဖြစ်မှာလဲ။ မြန်မာပြည်ရဲ့ ၁၀ ပုံ ၁ ပုံဆိုတဲ့ သတ်မှတ်ချက်ကတော့ များလွန်းအားကြီး ပါတယ်။ ပြီးတော့ လူမျိုးတစ်မျိုးထဲက ပြည်နယ်နှစ်ခု သွားဖြစ်နေတာလဲ၊ မဖြစ်သင့်ဘူး။ လူမျိုးမတူတဲ့ဟာ ဘာသာစကားမတူတဲ့ဟာ လူမျိုးလည်းသတ်မှတ်လို့ရတဲ့ နောက်ခံ အချက်အလက်တွေ မတူတဲ့လူမျိုးတွေပဲ ဖြစ်သင့်တယ်။ လူမျိုးတူ တစ်မျိုးထဲကနေပြီးတော့မှ ပြည်နယ် နှစ်ခုဆိုတာ မဖြစ်သင့်ဘူး။ အဲဒီတော့ သေချာတယ် ပြည်နယ်ရသင့်တဲ့ လူမျိုးလို့ပြောရင်တော့ မတူတဲ့လူမျိုး မတူတဲ့ဘာသာစကား မတူတဲ့ယဉ်ကျေးမှုရှိတဲ့ လူမျိုး ဖြစ်သင့်တယ်။
ပထဝီအနေအထားအရ တဆက်တည်း ဖြစ်သင့်တယ်။ အဲဒီတော့ လူမျိုးတစ်မျိုးက တနေရာစီ ရှိတာကို အဲဒီနေရာကို သွားစုပြီးတော့မှ ပြည်နယ်လုပ်လို့ မရဘူး။ ပြည်နယ်လို့ ပြောမယ်ဆိုရင် အဲဒီပြည်နယ် ထဲမှာ တဆက်တည်း နေထိုင်တဲ့လူမျိုး ဖြစ်ဖို့လိုတယ်။ မတူညီတဲ့ဘာသာစကား ယဉ်ကျေးမှုတွေရှိဖို့ လိုတယ်။ လူဦးရေသတ်မှတ်ချက်ဆိုတာကတော့ ပြောဖို့ခက်ပါတယ်။ ၅ ရာခိုင်နှုန်း ၁၀ ရာခိုင်နှုန်းဆိုပြီး သတ်မှတ်ဖို့ ခက်ပါတယ်။
မေး။ ။ မြန်မာနိုင်ငံရဲ့အနေအထားအရ ဖက်ဒရယ်စနစ်ကိုသွားတဲ့အခါမှာ ပထဝီနယ်မြေဒေသကိုအခြေခံပြီး သွားရင်ကောင်းလား၊ လူမျိုးကိုအခြေခံပြီးသွားရင်ကောင်းလား၊ ဘယ်ဟာက ပိုပြီးသင့်လျော်လဲခင်ဗျ။
ဖြေ။ ။ အမေရိကန်မှာဆိုရင်တော့ ပထဝီအနေအထားကို အခြေခံပြီးတော့လုပ်ကြတာ။ လူမျိုးကို အခြေမခံဘူး။ ဒါပေမယ့် မြန်မာနိုင်ငံမှာကြတော့ လူမျိုးကိုအခြေခံပြီးတော့မှ ပြည်နယ်ကို ဖွဲ့မှကိုရမယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းရင်းသားလူမျိုးတွေ ဟိုးအရင်ကတည်းက သီးခြားနေခဲ့တယ်။ သီးခြား ဘာသာစကားတွေနဲ့ နေခဲ့ကြတယ်။ အဲဒီတော့ လွတ်လပ်ရေးယူဖို့ ဖြစ်လာတဲ့အချိန်ကြတော့ ဗမာပြည်မနဲ့ တောင်တန်းတွဲယူကြမယ် ဆိုပြီးတော့မှ ကတိကဝတ်တွေပြုပြီးတော့မှ ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့ကြတာ။
လွတ်လပ်ရေးအလွန်ခေတ်မှာ ဗမာနိုင်ငံမှာ ဗမာပြည်မနဲ့ တနည်းအားဖြင့် ဗမာနဲ့တောင်တန်းဒေသတွေမှာ နေထိုင်ခဲ့တဲ့ တိုင်းရင်းသားတွေ တန်းတူရည်တူရှိပြီး နေကြမယ်ဆိုပြီးတော့မှ ကတိကဝတ်ပြုပြီးတော့မှ ပင်လုံ စာချုပ် ဖြစ်လာတာ။ ဒါပေမယ့် ဒီဘက်လွတ်လပ်ရေးရပြီးခေတ်မှာ ကျင့်သုံးခဲ့တဲ့ ၁၉၄၇ အခြေခံဥပဒေက အဲဒါမျိုးတွေကို မကာကွယ်နိုင်ဘူး။ တိုင်းရင်းသားတွေက ဖက်ဒရယ်ရအောင် ပြောလာတဲ့နေရာမှာ သူတို့က ခွဲနှိမ်ခံရတယ်။ ခွဲခြားဆက်ဆံခံရတယ် ဆိုပြီးတော့မှ တကယ်လည်း အဲဒီလိုတွေဖြစ်ခဲ့လို့ တော်လှန်ရေးတွေ လုပ်ခဲ့ကြတယ်။ ပထမကတော့ ငြိမ်းချမ်းစွာ လုပ်ခဲ့ကြတယ်။
ပြီးတော့မှ ဖက်ဒရယ်က တိုင်းပြည်ပြိုကွဲရေးပါဆိုပြီးတော့ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အချိန်မှာ တော်တော် များများသည် လက်နက်ကိုင်တော်လှန်ရေးဘက်ကို ရောက်ကုန်ကြတယ်။ လက်နက်ကိုင်တော်လှန်ရေး လုပ်ရခြင်း အဓိက အကြောင်းပြချက်သည် တိုင်းရင်းသားလူမျိုးတွေ တန်းတူအခွင့်အရေး မရလို့၊ ဗမာတွေနဲ့ တန်းတူအခွင့်အရေး မရတာ။ အဲဒါမျိုး တိုင်းရင်းသားတွေတန်းတူရေးအတွက် တောင်းဆိုရင်းနဲ့ ဖြစ်လာတဲ့အတွက် ပြည်နယ်ဖွဲ့တဲ့အချိန်မှာ ဟာ.. မင်းတို့တိုင်းရင်းသားလူမျိုးကိစ္စ မပြောနဲ့တော့ identity မေ့လိုက်တော့။ ငါတို့ ပထဝီနဲ့လုပ်ကြမယ်ဆိုတဲ့ဟာမျိုးက သွားပြောင်းလို့က မရတော့ဘူး။ လူမျိုးကို အခြေခံတဲ့ပုံစံနဲ့ပဲ သွားရမယ်။ ဒါက ဗမာပြည်သမိုင်းကြောင်းရဲ့ အခြေအနေအရပဲ။
မေး။ ။ လက်ရှိ နိုင်ငံရေးအခင်းအကျင်းအရ ပင်လုံစာချုပ် ပင်လုံကတိကဝတ်ကရော အခုချိန်ထိ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေဆဲပဲလား။
ဖြေ။ ။ ပင်လုံစာချုပ် ကတိကဝတ်က လက်ရှိအချိန်ထိ အရေးကြီးတဲ့အခန်းကဏ္ဍမှာ ရှိတယ်။ ဘာကြောင့်လဲဆိုတော့ ဟိုတုန်းက လွတ်လပ်ရေးရခါနီးမှာ တောင်တန်းဒေသတွေနဲ့ ဗမာပြည်မလွတ်လပ်ရေး အတူတူ တွဲယူမလား မယူဘူးလားဆိုတဲ့စစ်တမ်းတွေ ကောက်ခံခဲ့ကြတယ်။ တောင်တန်းဒေသတွေက လွတ်လပ်ရေးအတူ တွဲယူမယ်။ ဒါပေမယ့် condition က ဗမာတွေနဲ့အတူ တန်းတူဖြစ်ရမယ်။ ဗမာလက်အောက်ခံ မဟုတ်ဘူး။
ဆိုတော့ အဲဒီဟာကို အကောင်အထည်မဖော်နိုင်ခဲ့တဲ့အတွက် တိုင်းရင်းသားလူမျိုးတွေ စုပေါင်းနေထိုင်တဲ့ မြန်မာနိုင်ငံမှာ ဗမာလွှမ်းမိုးတဲ့နိုင်ငံရေးစနစ် ဖြစ်သွားပြီးတော့မှ တိုင်းရင်းသားတွေက ခွဲခြားဆက်ဆံရတဲ့ အခြေအနေ ရောက်သွားတယ်။ အဲဒီဟာကို ပြန်အကောင်အထည်ဖော်ဖို့ လိုတယ်။ ဗမာပြည်တွင်းစစ်ရဲ့ အဓိက တရားခံကို ပြန်ပြောရင် ပင်လုံစာချုပ်ကို အကောင်အထည်မဖော်နိုင်လို့ အခု အဲဒီပြည်တွင်းစစ် ပြန်အဆုံးသတ် ဖို့ဆိုရင် ပင်လုံစာချုပ်မှာ ကတိကဝတ်ပြုခဲ့တဲ့ဟာကို ပြန်ပြီးခြေရာကောက်ပြီး ပြန်လုပ်ဖို့လိုအပ်တယ်။
မေး။ ။ အနာဂတ်မြန်မာပြည်မှာ ပေါ်ပေါက်လာနိုင်တဲ့ ဖက်ဒရယ်ပုံသဏ္ဍန်က ဘယ်လိုပုံစံဖြစ်နိုင်ပါလဲ။
ဖြေ။ ။ ပထမဆုံး ပြောခဲ့တဲ့ဟာကိုပဲ ပြန်ပြောချင်တယ်။ အခုဟာက မြန်မာနိုင်ငံက ဗဟိုအာဏာပိုင်တွေ ပြိုကျ နေတယ်။ ဗဟိုက အားကောင်းတဲ့စနစ်က မရှိတော့ဘူး၊ အခု စစ်တပ်တောင်မှ ပြိုကျနေပြီ။ ဗဟိုအာဏာပိုင်တွေ ပြိုကျနေပြီ။ တိုင်းရင်းသားပြည်နယ်တွေ တချို့က အခုပြောနေကြတယ်။ ဖက်ဒရယ်ယူနစ်တွေ သူ့ဘာသူ ပေါ်လာ ကြလိမ့်မယ်။ အခု အားကောင်းမောင်းသန်နဲ့ မပေါ်ပေမယ့် ပေါ်လာကြလိမ့်မယ်။ အဲဒီလမ်းကြောင်းကို သွားနေ ကြတာ။ ဆိုတော့ အဲဒီပေါ်လာတဲ့ယူနစ်တွေ ယူနစ်လို့ပြောတဲ့အခါမှာ အခုနက ဗမာတွေနေတဲ့ဒေသက ယူနစ်တွေ လည်း ဖြစ်နိုင်တယ်။ တိုင်းရင်းသားပြည်နယ်တွေလည်း ဖြစ်နိုင်တယ်။
အဲဒီဟာတွေ ကိုယ့်ဖာသာကိုယ် စီမံအုပ်ချုပ်ပြီးတော့မှ ကိုယ့်ကိစ္စကိုယ် အရင်လုပ်မယ်။ ပြီးတော့မှ အများနဲ့ ဆိုင်တဲ့ကိစ္စကို စုပေါင်းလုပ်ကြမယ်ဆိုတဲ့ပုံစံမျိုးနဲ့ ငါတို့ ဖက်ဒရယ်အစိုးရကို ပုံဖော်မယ်ဆိုတဲ့ပုံစံမျိုး ဖြစ်လာ နိုင်တယ်။ ဆိုလိုတာက ခုနကပြည်နယ်တွေ ယူနစ်တွေ က နေပြီးတော့ ဝိုင်းပြီးတော့ မွေးဖွားပေးလိုက်တဲ့ဟာမျိုး ဖြစ်လိမ့်မယ်။ အဲဒါကို bottom up လို့ ခေါ်တယ်။ Coming Together လို့ ခေါ်တယ်။ အမေရိကန်ပြည်ထောင်စု ပေါ်လာတာ အဲဒီလိုပုံစံမျိုးနဲ့ ပေါ်လာတာဖြစ်ပါတယ်။ စစချင်း လွတ်လပ်ရေး ရစမှာ ၁၃ ပြည်နယ်ရှိတယ်။ ၁၃ ပြည်နယ်မှာ ယာယီ မဟာမိတ်ပုံစံမျိုး Confederation လုပ်ပြီးနေကြတယ်။
Confederation ဆိုတာ လုပ်ပိုင်ခွင့်တွေအာဏာတွေကို ပြည်နယ်တွေက အဓိကယူထားတာ။ နောက်ပိုင်းမှာ သဘောပေါက်လာတာက ဗဟိုအစိုးရကို လုပ်ပိုင်ခွင့် ပိုပေးခြင်းအားဖြင့် အဲဒီအစိုးရကနေပြီးတော့ အားလုံးရဲ့ ကိစ္စကို လုပ်ပေးလို့ ပိုအကျိုးရှိတယ်လို့ မြင်လာတဲ့အခါမှာ ဖက်ဒရယ်အစိုးရကို သူတို့မွေးဖွားပေးလိုက်တယ်။ အဲဒီတော့ အမေရိကန်မှာ ဖက်ဒရယ်အစိုးက ပြည်နယ်တွေကို မွေးဖွားပေးတာ မဟုတ်ဘူး။ ပြည်နယ်တွေကနေ ဖက်ဒရယ်အစိုးရကို မွေးဖွားပေးလိုက်တာ။ မြန်မာပြည်မှာသွားနေတဲ့ အခင်းအကျင်းကတော့ ကျနော်မြင်တာ ကတော့ ယူနစ်တွေ တိုင်းရင်းသားပြည်နယ်တွေက အတူတကွ စုပေါင်းလာပြီးတော့မှ သူတို့ကနေပြီးတော့မှ ပြန်မွေးဖွားပေးလိုက်တဲ့ပုံစံမျိုးနဲ့ ပေါ်လာနိုင်တယ်လို့ ကျနော်မြင်ပါတယ်။
မေး။ ။ မြန်မာနိုင်ငံရဲ့ ဖက်ဒရယ်လမ်းစဉ် ပေါ်ပေါက်လာမှာကို အိမ်နီးချင်းနိုင်ငံတွေက စိုးရိမ်မှုတွေရှိနိုင်လား။
ဖြေ။ ။ ဘယ်အိမ်နီးချင်းနိုင်ငံကမှ မြန်မာနိုင်ငံဟာ ဖက်ဒရယ်ဖြစ်ရမယ်၊ တစ်ပြည်ထောင်စနစ် ဖြစ်ရမယ်လို့ သူတို့ ပြောလည်းမပြောဘူး။ သူတို့ စိတ်လည်းမဝင်စားဘူး။ အဲ့ဒါ မြန်မာပြည်ရဲ့ ပြည်တွင်းရေးကိစ္စ။ အာဆီယံ ထဲမှာ ဖက်ဒရယ်နိုင်ငံ မလေးရှားတစ်ခုတည်းရှိတယ်။ ကျန်တဲ့နိုင်ငံတွေက တစ်ပြည်ထောင်နိုင်ငံတွေ အဲဒီတော့ မလေးရှားနိုင်ငံ ဖက်ဒရယ်ဖြစ်လို့ ကျန်တဲ့နိုင်ငံ ဘာမှပြဿနာမရှိဘူး။
တစ်ခုပဲစိုးရိမ်တာက မြန်မာပြည်ရဲ့ပြဿနာတွေက အိမ်နီးချင်းနိုင်ငံတွေကို ရိုက်ခတ်ပြီးမှ ဒေသမတည်မငြိမ် ဖြစ်မှာကို သူတို့စိုးရိမ်တယ်။ မြန်မာပြည် ဖက်ဒရယ်ဖြစ်တာ၊ မဖြစ်တာ ထောက်ခံတာ၊ မထောက်ခံတာ သူတို့နဲ့ ဘာမှမဆိုင်ဘူး။ မြန်မာပြည်ရဲ့ ပြည်တွင်း Conflict တွေကြောင့်မလို့ သူတို့အပေါ် အကျိုးသက်ရောက်မှုရှိမှာကိုပဲ သူတို့စိုးရိမ်တယ်။ ထိုင်းဆိုရင် စိုးရိမ်တယ်၊ တရုတ်ဆိုရင် စိုးရိမ်တယ်၊ အိန္ဒိယ စိုးရိမ်တယ်၊ ဘင်္ဂလားဒေ့ရှ်ဆိုရင် စိုးရိမ်တယ်။ မြန်မာပြည်ရဲ့ဒုက္ခသည်တွေ ပဋိပက္ခတွေ သူတို့ဆီ ရောက်ရောက်သွားလို့ နယ်စပ်အကုန်လုံးကို ဒုက္ခသည်တွေရော စစ်ဘေးဒုက္ခသည်တွေရော ဒေသလုံခြုံရေးတွေရော အမျိုးစုံသွားပြီးတော့ ရိုက်ခတ်တဲ့အတွက် အဲ့ဒီစိုးရိမ်မှုတွေတော့ ရှိတယ်။
NMG ပေးပို့သည်။