တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်၏လူ့အခွင့်အရေးချိုးဖောက်မှု၊ တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်အကြား စစ်ရေးလှုပ်ရှားမှုအခြေအနေအပေါ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တိုင်းစစ်ဌာန စစ်ဆင်ရေးတာဝန်ခံ ရဲဘော်စတားနှင့် ဆက်သွယ်မေးမြန်းချက်။
တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်နှင့် ဒေသတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်လျက်ရှိပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်က စခန်းသိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့သည်ရှိသလို့ တဖက်တွင် လည်း စစ်ရေးရှုံးနိမ့်နေသည့် စစ်ကောင်စီတပ်က လူနေကျေးရွာထဲ စစ်ကြောင်းထိုးခြင်း၊ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးနှင့် ပစ်ခတ်မှုတို့ကို ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။
တနင်္သာရီတိုင်းသည် မြန်မာပြည်တောင်ပိုင်းဒေသတွင် စစ်ရေးအရအရေးပါမှု၊ တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်အကြား လက်ရှိစစ်ရေးလှုပ်ရှားမှု အခြေအနေနှင့် စစ်ကောင်စီတပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး တနင်္သာရီတိုင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တိုင်းစစ်ဌာနစစ်ဆင်ရေးတာဝန်ခံ ရဲဘော်စတားနှင့် ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ လက်ရှိ တနင်္သာရီတိုင်းအတွင်းက စစ်ရေးအခြေအနေ ဘယ်လိုရှိနေပါလဲ၊ အရင်ဦးဆုံး ပြောပြပေးပါလား။
ဖြေ။ ။ ဒီအာဏာသိမ်းခဲ့တဲ့ သုံးနှစ်ကျော်ပေါ့နော်၊ သုံးနှစ်ကျော်ကာလတစ်ခုကို ကျွန်တော်တို့ ရောက်လာပြီ ပေါ့လေ။ အဲ့တော့ အစကနဦးမှာကတော့ ကျွန်တော်တို့ NUG အောက်မှာရှိနေကြတဲ့ PDF တပ်ရင်းတပ်ဖွဲ့တွေ၊ ပကဖတွေကတော့ သိတဲ့အတိုင်းပါပဲ ကျွန်တော်တို့ လေ့ကျင့်မှုအပိုင်းတွေ၊ စုဖွဲ့မှုအပိုင်းတွေကို အချိန်အများကြီး ပေးပြီး တည်ဆောက်ခဲ့ရတာတွေရှိတယ်။ ဒီလက်နက်တပ်ဆင်မှု အပိုင်းတွေလည်း ကျွန်တော်တို့ တဖြည်းဖြည်းနဲ့ တည်ဆောက်ခဲ့ရတဲ့အပိုင်းတွေ ရှိတယ်။ ဒါကတော့ ဟိုငွေကြေးအားဖြင့်လည်း အများကြီး သုံးစွဲရတယ်ပေါ့နော်။ NUG အစိုးရဘက်ကလည်း တပ်ဆင်မှုတွေ လုပ်ပေးတယ်ဆိုပေမဲ့လည်း ကျွန်တော်တို့ ဒီအင်မတန်များတဲ့ ရဲဘော်တွေရဲ့ လိုအပ်ချက်ကို တပ်ဆင်နိုင်ဖို့ဆိုတာကတော့ ပြီးပြည့်စုံတယ်ဆိုတာကတော့ ကျွန်တော်တို့မှာ ရှိမနေခဲ့ဘူးလေနော်။ အခုချိန်ထိလည်း ကျွန်တော်တို့ စုဆောင်းတပ်ဆင်နေရဆဲပဲ ဖြစ်တယ်ပေါ့။
အဲ့တော့ ကိုယ့်ဘာသာကိုယ်ရှာဖွေပြီးတော့ ကျွန်တော်တို့တပ်ဆင်ရတဲ့အပိုင်းတွေလည်း ရှိတယ်။ လေ့ကျင့်မှုအပိုင်းမှာလည်း အလားတူပဲပေါ့နော်။ ကျွန်တော်တို့ တနင်္သာရီတိုင်းမှာဆိုလို့ရှိရင် မဟာမိတ်ဖြစ်တဲ့ KNLA တပ်မဟာ ၄ နဲ့ ချိတ်ဆက်ပြီးတော့ ကျွန်တော်တို့ PDF တပ်ရင်းတပ်ဖွဲ့တွေကို ကျွန်တော်တို့ လေ့ကျင့်မှုတွေ လုပ်ခဲ့ရတာရှိတယ်။ တည်ဆောက်မှု တပ်ရင်းပေါ်ပေါက်လာအောင် ကျွန်တော်တို့ တည်ဆောက်ခဲ့ရတာတွေ ရှိတယ်။ အဲ့တော့ ပကဖတွေဆိုတာကတော့ ဒါပြည်သူ့ကာကွယ်ရေးအဖွဲ့ပေါ့နော်။ ပကဖတွေကတော့ သူ့ရဲ့ သက်ဆိုင်ရာဒေသအသီးသီးမှာပဲ ဒေသပျောက်ကြားပုံစံမျိုးနဲ့ စပြီးတော့ ခုခံတော်လှန်စစ်ကို စခဲ့ကြတာပေါ့နော်။ အဲ့တော့ ကနဦးကာလမှာတော့ ကျွန်တော်တို့ရဲ့ လေ့ကျင့်မှုအပိုင်းတွေ မပြည့်စုံမှုတွေ ဒီလက်နက်ခဲယမ်း လိုအပ်ချက်တွေကြောင့် ကျွန်တော်တို့ ပျောက်ကြားစစ်နဲ့ပဲ တလျှောက်လုံး ခုခံကာကွယ်ခဲ့ရတယ်။
ပျောက်ကြားစစ်နဲ့ပဲ ကျွန်တော်တို့ တိုက်ခိုက်ခဲ့ရတဲ့ အခြေအနေတွေ ရှိတယ်။ နောက်ပိုင်းမှာကြတော့ ကျွန်တော်တို့ တပ်ရင်းတပ်ဖွဲ့တွေ၊ ပကဖအဖွဲ့တွေ ပိုပြီးတော့ အားကောင်းလာတယ်။ စနစ်တကျ လေ့ကျင့်မှုတွေ လုပ်လာနိုင်တယ်။ စနစ်တကျ စုဖွဲ့မှုတွေ လုပ်လာနိုင်တယ်။ အဲဒီအပေါ်မှာ ဗျူဟာကျတဲ့ စစ်ဆင်ရေးတွေကိုလည်း ကျွန်တော်တို့ တဖြည်းဖြည်းနဲ့ ပုံဖော်လာနိုင်ခဲ့တယ်ပေါ့လေ။ ဒါကြောင့်မလို့ အခု နောက်ပိုင်းမှာဆိုလို့ရှိရင် ကျွန်တော်တို့ မဟာမိတ်တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်မှု ပိုပြီးတော့ အားကောင်းလာတယ်။ အားကောင်း လာတာနဲ့အမျှ စစ်ရေးဖော်ဆောင်မှုအပိုင်းမှာလည်း ပိုပြီးတော့အားကောင်းလာတယ်ပေါ့နော်။ ဒါကြောင့် မလို့လည်း အခုနောက်ပိုင်းမှာဆိုလို့ရှိရင်တော့ ကျွန်တော်တို့ စခန်းသိမ်းတဲ့တိုက်ပွဲတွေကို အကောင်အထည်ဖော် ဆောင်ရွက်လာနိုင်တာလို့ ပြောလို့ရတယ်ဗျ။
မေး။ ။ လက်ရှိမှာ တနင်္သာရီတိုင်းက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အခြေအနေတွေကရော ဘယ်လိုရှိလဲဗျ။
ဖြေ။ ။ အဲ့တော့ အခုနောက်ပိုင်းကတော့ ကျွန်တော်က တနင်္သာရီတိုင်းကိုပဲ အဓိက တာဝန်ယူထားတာ ဆိုတော့ အဲဒီအပိုင်းကိုပဲ အဓိက ဆွေးနွေးချင်ပါတယ်။ တနင်္သာရီတိုင်းမှာကတော့ အခုနောက်ပိုင်းမှာ စစ်ရေး အရှိန်ပိုပြီးတော့ မြင့်လာပါလိမ့်မယ်။ အဲ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ဒီတော်လှန်ရေးအဖွဲ့တွေက တဖြည်းဖြည်းနဲ့ စုစည်းမှုတွေ ကျွန်တော်တို့ လုပ်လာနိုင်ပြီပေါ့နော်။
လုပ်လာနိုင်ပြီ၊ ပြီးတော့ ဒီစစ်ရေးမဟာဗျူဟာအပိုင်းကိုလည်း ကျွန်တော်တို့ ဘာတွေလုပ်ရမယ်ဆိုတဲ့ အပိုင်းတွေကိုလည်း တဖြည်းဖြည်းနဲ့ ကျွန်တော်တို့ နားလည်လာကြပြီ။ သဘောပေါက် လာကြပြီ။ သဘောတူညီမှုတွေ ရရှိလာကြပြီ ဖြစ်တဲ့အတွက်ကို ဒီနောက်ပိုင်း ကာလတွေသည် တနင်္သာရီတိုင်းမှာ စစ်ရေးအရှိန် ပိုပြီးတော့ မြင့်လာနိုင်တဲ့ အနေအထားဖြစ်လာမယ်လို့ ကျွန်တော်တို့ ပြောနိုင်တယ်။
မေး။ ။ တောင်ပိုင်းတိုင်းမှာ စစ်ရေးဖော်ဆောင်ရတဲ့အခါ အဓိက ဘယ်လိုစိန်ခေါ်မှုမျိုးတွေရှိနေလဲဗျ။
ဖြေ။ ။ ကျွန်တော်တို့ တောင်ပိုင်းကကြတော့ အထက်မြန်မာပြည်အထက်ပိုင်းနဲ့တော့ ကွာခြားမှုတော့ ရှိတယ်ပေါ့နော်။ ဟိုမှာ ၁၀၂၇ စစ်ဆင်ရေးတို့လို ကျွန်တော်တို့ တပြိုင်တည်းလုပ်တဲ့ပုံစံမျိုးတော့ မဟုတ်ဘူး။ သို့သော်လည်း အာဏာသိမ်းခဲ့ကတည်းက ကျွန်တော်တို့ရတဲ့ပုံစံနဲ့ ခုခံစစ်၊ ပျောက်ကြားစစ်၊ အဲဒီကမှတဆင့် ကျွန်တော်တို့ စခန်းသိမ်း၊ မြို့သိမ်းဆိုတဲ့ အခြေအနေတွေကို လုပ်ခဲ့တာ။
ဆိုလိုတာက ဘာလည်းဆိုတော့ အာဏာသိမ်းကတည်းက တလျောက်လုံး ကျွန်တော်တို့ တော်လှန်ရေးကို ဘက်ပေါင်းစုံနဲ့ ကျွန်တော်တို့ လုပ်ခဲ့တာဖြစ်တယ်။ ဟို ဟန်ချက်ညီတဲ့ ပုံစံမျိုးတော့မဟုတ်ဘူး။ ဒါကလည်း ကျွန်တော်တို့ ဒီဘက်ရဲ့ ပထဝီအနေအထားအရ အခြေအနေအရပ်ရပ်ကြောင့်လို့တော့ ကျွန်တော်တို့ ပြောလို့ ရတယ်ပေါ့နော်။ အဲဒီပုံစံမျိုးနဲ့ပဲ ကျွန်တော်တို့ ဒီတော်လှန်ရေးကို တောက်လျှောက်လုပ်လာခဲ့တာ ဖြစ်တယ်ဗျ။
မေး။ ။ စစ်ရေးပဋိပက္ခကြောင့် ဒေသတွင်းက လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေ ဘယ်လိုရှိနေပါလဲ။
ဖြေ။ ။ တိုက်ပွဲဖြစ်နေတဲ့ အခုဆိုရင် တိုက်ပွဲဖြစ်နေတဲ့ နေရာတိုင်းလို့တောင် ကျွန်တော်တို့ ပြောလို့ရတယ် ပေါ့နော်။ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကတော့ ကျွန်တော်တို့ကတော့ စစ်ရေးအပိုင်းကိုပဲ အဓိက သွားနေတဲ့အခါကြတော့ မှတ်တမ်းမှတ်ရာတော့ ကျွန်တော်တို့မှာ အစုံအလင်အပြည့်အစုံ ကျွန်တော်တို့မှာ မရှိနေဘူး။ သို့သော်လည်း စစ်ရေးပဋိပက္ခကြားမှာ ပြည်သူလူထုသည် လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ အပိုင်းတွေက တော်တော်လေးကို အခုနောက်ပိုင်းမှာ ဆိုးဆိုးဝါးဝါး ကြုံလာရတဲ့ဟာတွေ ရှိတယ်။
စစ်ကောင်စီ စစ်ကြောင်းထိုးဝင်လာပြီဆိုလို့ရှိရင် ပြည်သူလူထုကို အကာအကွယ်ယူပြီးတော့ လူသားဒိုင်း လုပ်ခဲ့တာတွေ ကျွန်တော်တို့ အများကြီးကြုံရတယ်။ အလားတူပဲ ပြည်သူလူထုရဲ့နေအိမ်တွေ မီးရှို့ဖျက်ဆီး ခံရတဲ့ဟာတွေ ကျွန်တော်တို့တွေ့ရတယ်။ နောက်တစ်ခုက အရပ်သားပြည်သူတွေကို လက်နက်ကိုင်အဖွဲ့တွေလို သဘောထားပြီးတော့ ရပ်ရွာလူနေအိမ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဗုံးကြဲတဲ့ဟာတွေ လက်နက်ကြီးနဲ့ ပစ်တဲ့ဟာတွေ ဒါတွေကတော့ ကျွန်တော်တို့နေရာတိုင်းမှာ ဆိုးဆိုးဝါးဝါးခံနေရတယ်လို့ ကျွန်တော်တို့ ပြောလို့ ရတယ်။ ဒီတိုင်းပဲ ကျွန်တော်တို့မြင်နေရတယ်ပေါ့နော်။
မေး။ ။ ဒီဒေသက စစ်ရေးအရ ဘယ်လိုအရေးပါတဲ့ဒေသလို့ ပြောလို့ရမလဲခင်ဗျ။
ဖြေ။ ။ တနင်္သာရီတိုင်းဆိုတာကတော့ ဒါစီးပွားရေးအရလည်း အချက်အချာကျတယ်လို့ ပြောလို့ရတာပေါ့နော်။ တဘက်မှာလည်း ပင်လယ်ထွက်ပေါက်ရှိတယ်။ အရှေ့ဘက်မှာဆိုရင်လည်း အိမ်နီးချင်းထိုင်းနိုင်ငံရှိတယ်။ အဲ့တော့ နယ်စပ်ကုန်သွယ်ရေးဇုံတွေလည်း ရှိတယ်။ အဲ့တော့ ပင်လယ်မှာဆိုရင်လည်း ရေထွက်ပစ္စည်းနဲ့ ပတ်သက်တဲ့ အခွန်အကောက်တွေ စစ်ကောင်စီဆီကို စီးဝင်နေတာတွေ အများကြီးရှိတယ်။
သယံဇာတသတ္တုတွေလည်း ထွက်ရှိရာဒေသဖြစ်တယ်။ အဲ့တော့ စစ်ရေးဘက်မှာဆိုရင်လည်း ကြည်း၊ ရေ၊ လေ ပေါ့နော်။ စစ်ကောင်စီအနေနဲ့ ကြည့်မယ်ဆိုလို့ရှိရင် ကြည်း၊ ရေ၊ လေ သေသေချာချာ ပြင်ဆင်အခြေစိုက်ထားတဲ့ တပ်ရင်းတပ်ဖွဲ့တွေရဲ့ စုံချက်လည်းဖြစ်တယ်။ ဖြစ်တဲ့အခါကြတော့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးအရ အင်မတန် သူတို့အတွက် အရေးပါတဲ့ တိုင်းတစ်တိုင်းဖြစ်တယ်လို့ ကျွန်တော်တို့ပြောလို့ရတယ်။
မေး။ ။ နောက်ဆုံးအနေနဲ့ လာမယ့်ပွင့်လင်းရာသီမှာ တနင်္သာရီရဲ့စစ်ရေးအခြေအနေက ဘာတွေဖြစ်လာနိုင်မလဲ။
ဖြေ။ ။ ပွင့်လင်းရာသီဆိုတော့ အများမျှော်လင့်ထားကြသလိုပဲ စစ်ရေးကတော့ ပိုပြီးတင်းမာလာမှာပေါ့နော်။ အခု ဒီမိုးတွင်းကာလမှာတောင်မှ ကျွန်တော်တို့ တပ်ရင်းတပ်ဖွဲ့တွေရှိနေတဲ့ နေရာတိုင်းသည် နည်းမယ်၊ များမယ်ပဲ ရှိမယ်။ အကုန်လုံးကတော့ ဒီကာလမှာလည်း တောက်လျှောက်တိုက်ပွဲတွေ ထိတွေ့မှုတွေ တလျှောက်လုံး ဖြစ်နေခဲ့တာပါပဲ။ ပွင့်လင်းရာသီဆိုရင်တော့ ဒါ စစ်ရေးအရှိန်ကပိုပြီးတော့ အားကောင်းလာမယ်လို့ ကျွန်တော်တို့ ပြောလို့ရတာပေါ့။ အထူးသဖြင့်ကတော့ အရင်ကလို ပျောက်ကြားပုံစံမျိုးနဲ့ မဟုတ်တော့ပဲနဲ့ စခန်းသိမ်းတဲ့ တိုက်ပွဲတွေ ပိုပြီးတော့ တွေ့မြင်လာရဖို့ရှိတယ်။ တချို့နေရာတွေမှာ ဆိုလို့ရှိရင် ဒီမြို့သိမ်းတိုက်ပွဲတွေ မြင်လာရဖို့ရှိပါတယ်။
ဘာကြောင့်ဆို ကျွန်တော်တို့ ဒီတော်လှန်ရေးရဲ့ အဆုံးသတ်ပေါ့နော်၊ အဆုံးသတ်ကို သွားမယ်ဆိုရင် ကျွန်တော်တို့တိုင်းထဲမှာ အခုဆိုလို့ရှိရင်တော့ ရှေ့တန်းစခန်းတွေပေါ့။ စစ်ကောင်စီရဲ့ ရှေ့တန်းစခန်းတွေ နယ်စပ်တွေမှာအခြေစိုက်ထားတဲ့ စခန်းတွေ တော်တော်များများသည် သူတို့ဘက်က နေပြီးတော့ ပြန်ပြီးတော့စွန့်ခွာလိုက်တယ်။ တချို့စခန်းတော်တော်များများ အသိမ်းခံလိုက်ရတယ်။ အဲ့တော့ သူတို့ရဲ့ အင်အားတွေကို မြို့ပြတွေ သူတို့ရဲ့တပ်ရင်းတပ်ဖွဲ့တွေ အခြေစိုက်ထားတဲ့ နောက်တန်းစခန်းတွေမှာ ပိုပြီးတော့စုစည်းမှုတွေ ပြန်လုပ်လာတယ်။
တနည်းအားဖြင့် ပြောမယ်ဆိုရင် သူတို့ဘက်ကနေပြီးတော့ ခုခံစစ် အတွက်ကို ပြင်ဆင်လာတဲ့အပိုင်းတွေကို ကျွန်တော်တို့ တွေ့လာရတာပေါ့နော်။ ကျွန်တော်တို့အပိုင်းကတော့ တော်ကြာကပြောသလိုပါပဲ သူတို့ရဲ့ အခြေစိုက်ထားတဲ့ တပ်ရင်းတပ်ဖွဲ့တွေကို ကျွန်တော်တို့သိမ်းဖို့ စခန်းသိမ်း တိုက်ပွဲတွေ ကျွန်တော်တို့ ပိုလုပ်လာဖို့ရှိတယ်။ မြို့ပြတွေကို ရယူနိုင်ဖို့ ကျွန်တော်တို့ လုပ်လာဖို့ရှိတယ်။ တနင်္သာရီတိုင်းထဲမှာ စစ်ကောင်စီရှိနေတဲ့ ဘယ်နေရာမှာမဆို တိုက်ပွဲတွေ ကျွန်တော်တို့ဖော်မယ်ပေါ့နော်။ စစ်ကောင်စီတိုင်းထဲမှာ လုံးဝအမြစ်ပြတ်သွားတဲ့အထိ ကျွန်တော်တို့တိုးမြှင့်ပြီးတော့ လုပ်ဆောင်သွားဖို့ရှိပါတယ်။
IMNA ပေးပို့သည်။