27 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“….ပါဝင်တဲ့အဖွဲ့တွေတစ်ဖွဲ့ချင်းစီက ကျစ်လျစ်တဲ့စည်းကမ်းရှိတဲ့ တပ်ဖွဲ့တွေဖြစ်လာအောင် တည်ဆောက်ရင်းနဲ့ မှပေါ့နော၊ အဲဒီကနေမှပဲ တဖြေးဖြေးပူးပေါင်းလာကြဖို့ပေါ့။ အဲဒီ ၆ ဖွဲ့လုံး တစ်ဖွဲ့ဖြစ်လာအောင် ပူးပေါင်းလာဖို့...

“….ပါဝင်တဲ့အဖွဲ့တွေတစ်ဖွဲ့ချင်းစီက ကျစ်လျစ်တဲ့စည်းကမ်းရှိတဲ့ တပ်ဖွဲ့တွေဖြစ်လာအောင် တည်ဆောက်ရင်းနဲ့ မှပေါ့နော၊ အဲဒီကနေမှပဲ တဖြေးဖြေးပူးပေါင်းလာကြဖို့ပေါ့။ အဲဒီ ၆ ဖွဲ့လုံး တစ်ဖွဲ့ဖြစ်လာအောင် ပူးပေါင်းလာဖို့ ပေါ့လေ အဲလိုမျိုးပါ” ဆလိုင်းယောမန် / ပြောရေးဆိုခွင့်ရှိသူ – ချင်းညီနောင်အဖွဲ့(CB)

ချင်းညီနောင်ကဖွဲ့စည်းမည့် ကျစ်လျစ်ခိုင်မာသည့်တပ်မတော်တရပ်ဖွဲ့စည်းရေးအပါအဝင် ရှေ့ဆက်လုပ်ဆောင်မည့်ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး ချင်းညီနောင်အဖွဲ့ – CB ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်နှင့် ဆက်သွယ်မေးမြန်းချက်။

ချင်းညီနောင်အဖွဲ့ဝင်တပ်ဖွဲ့များက ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ မြေပြင်အစည်းအဝေးတစ်ခုကို ချင်းပြည်နယ်လွတ်မြောက်နယ်မြေတစ်နေရာတွင် ပြုလုပ်ခဲ့ကြသည်။ အဆိုပါ အစည်းအဝေးကို ချင်းညီနောင်အဖွဲ့ဝင် ၆ ဖွဲ့မှ ကိုယ်စားလှယ် ၃၉ ဦး တက်ရောက်ခဲ့ကြသည်။

ထိုအစည်းအဝေးတွင် ချင်းတမျိုးသားလုံးကို အကာအကွယ်ပေးနိုင်သည့် ပိုမိုကျစ်လစ်ခိုင်မာသော တပ်မတော် တရပ် (Standard Army) အဖြစ် တိုးမြှင့်ဖွဲ့စည်းနိုင်ရန် အခြေခံမူများချမှတ်ခဲ့သည်ဟု ချင်းညီနောင်အဖွဲ့ CB က မေလ ၁၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ချင်းအမျိုးသားစည်းလုံးညီညွတ်ရေးနှင့် အနာဂတ်တွင် ချင်းပြည်သူလူထုတရပ်လုံးကို ကိုယ်စားပြုသည့် ချင်းပြည်အစိုးရပေါ်ပေါက်နိုင်ရေးအတွက် တန်းတူညီမျှခြင်း၊ တရားမျှတခြင်း၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခြင်း၊ အစရှိသော ဒီမိုကရေစီစံနှုန်းထားများ ပါဝင်သည့် ချင်းညီနောင်၏ Terms of Reference (ToR) အတိုင်း ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန် သဘောတူခဲ့ကြသည်ဟု ဆိုသည်။

ချင်းညီနောင်အဖွဲ့ဝင်များသည် ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/ PDF- Zoland)၊ ချင်းအမျိုးသားကောင်စီ – မင်းတပ် (CNC/ CDF – Mindat)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/ CNDF) ၊ မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ (MTC/ MDF) ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ – ကန်ပက်လက် (CDF- Kampetlet)၊ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ/ CDF-Matupi တပ်မဟာ (၁) တို့ ဖြစ်သည်။

ချင်းညီနောင်အဖွဲ့ – CB က ဖွဲ့စည်းမည့် ကျစ်လျစ်ခိုင်မာသည့်တပ်မတော်ဆိုတာ ဘာပါလဲ။ ဘယ်လိုလုပ်ဆောင် သွားမှာပါလဲ။ ကျစ်လျစ်ခိုင်မာသည့်တပ်မတော်တရပ် ဖွဲ့စည်းရေးအပါအဝင် ရှေ့ဆက်လုပ်ဆောင်မည့် ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ချင်းညီနောင်အဖွဲ့ – CB ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်ကို ဆက်သွယ်မေးမြန်းထားပါသည်။

Photo – CB

မေး။ ။ ချင်းညီနောင်အဖွဲ့တွေအနေနဲ့ ဒီမြေပြင်ဆွေးနွေးပွဲကနေ ဘယ်လိုရှေ့လုပ်ငန်းစဉ်တွေကို ချမှတ်နိုင်ခဲ့ ကြပါလဲ။ ဘာတွေ ဆက်လုပ်သွားဖို့ရှိပါလဲ။

ဖြေ။ ။ ကျနော်တို့ရှေ့လုပ်ငန်းစဉ်တွေမှာတော့ ကျနော်တို့ ဒီချင်းညီနောင်အဖွဲ့တွေ ချင်းညီနောင် ထိန်းချုပ်နယ်မြေတွေကနေပေါ့နော၊ စစ်ကောင်စီ လုံးဝကင်းစင်သွားအောင်လို့ ဥပမာ- တီးတိန်တစ်မြို့ပဲ ကျန်တော့တာပေါ့။ ကျနော်တို့ ဒီချင်းညီနောင်အဖွဲ့ဝင် ၆ ဖွဲ့ထဲမှာပေါ့နော၊ စစ်ကောင်စီကင်းစင်ဖို့က တီးတိန်တစ်မြို့ပဲ ကျန်တော့တယ်။ အဲဒါကို ကျနော်တို့လုပ်သွားမယ်။ ပြီးတဲ့နောက်မှာမှ တခြားအများကြီးပါပဲ။ ဆွေးနွေးဖြစ်ကြတာကတော့ ကျနော်တို့ သုံးရက်လေးရက်လောက်တွေ့ပြီးမှ ဆွေးနွေးတယ်ဆိုတော့နော် ဆွေးနွေးတာတော့ အများကြီးရှိပါတယ်။

မေး။ ။ ပြီးတော့ ထုတ်ပြန်ချက်ထဲမှာက ကျစ်လျစ်ခိုင်မာတဲ့ တပ်မတော်တရပ် ဖွဲ့စည်းသွားမယ်ဆိုပြီး ​တွေ့ရတယ်။ ဆို​တော့ ကျစ်လျစ်ခိုင်မာတဲ့ တပ်မတော်ဆိုတာ ဘာကိုပြောတာပါလဲ။ လက်ရှိပုံစံနဲ့ ဘာကွာပါလဲ။

ဖြေ။ ။ ဒီကျစ်လစ်ခိုင်မာတဲ့တပ်မတော်တရပ်ဆိုတာက ဥပမာ- ကျနော်တို့ ဒီ ၆ ဖွဲ့ကို ၁ ဖွဲ့ ပေါင်းလိုက်လို့ရပါတယ်။ အဖြစ်သဘောပေါ့နော၊ အပေါ်ယံပဲ လုပ်ကြစတမ်းဆိုရင်ပေါ့လေ။ ကျနော်တို့ အခုစဉ်းစားထားတာ​တော့ တစ်ဖွဲ့ချင်းစီ တစ်ဖွဲ့ချင်း ဒီထက်ပိုကျစ်လျစ်ခိုင်မာအောင် ကျနော်တို့လုပ်ရမယ်။ အဖွဲ့တခုချင်းစီက ကျစ်လျစ်ခိုင်မာတဲ့ အဲလိုဖြစ်လာပြီဆိုမှ ဒါကိုကျနော်တို့ ပြန်ပေါင်းမယ်ဆိုတော့ တစ်ဖွဲ့တွင်းချင်းစီမှာပဲ တကယ့် chain of command တွေ ethics တွေ discipling ကောင်းတဲ့ဟာဖြစ်အောင် ကျနော်တို့ ဝိုင်းဝန်းတည်ဆောက်ကြမယ်ပေါ့နော။ အဲဒါပြီးမှပဲ ကျနော်တို့ ပြန်ဝိုင်းဝန်းလုပ်ကြမယ်ပေါ့။ အဲလိုမျိုးပါ။

မေး။ ။ ကျစ်လျစ်ခိုင်မာတဲ့တပ်မတော်ဖြစ်အောင် ဘယ်လိုဆက်လုပ်သွားဖို့ရှိသလဲ။

ဖြေ။ ။ ဒီလိုမျိုး ပါဝင်တဲ့အဖွဲ့တွေတစ်ဖွဲ့ချင်းစီက ကျစ်လျစ်တဲ့စည်းကမ်းရှိတဲ့ တပ်ဖွဲ့တွေဖြစ်လာအောင် တည်ဆောက်ရင်းနဲ့မှပေါ့နော၊ အဲဒီကနေမှပဲ တဖြေးဖြေးပူးပေါင်းလာကြဖို့ပေါ့။ အဲဒီ ၆ ဖွဲ့လုံး တစ်ဖွဲ့ဖြစ်လာအောင် ပူးပေါင်းလာဖို့ပေါ့လေ အဲလိုမျိုးပါ။ ဒီမှာတော့ ကျစ်လျစ်ခိုင်မာတဲ့တပ်မတော်ဆိုတာ ပြောချင်တာကတော့ နစ်နာခံမှုကောင်းတယ်။ ဒီ ကျင့်ဝတ်သဘောပေါ့ ethics တွေ ကောင်းကောင်းနားလည်တယ်။ ဒီ Geneva Convention သဘောတွေကအစပေါ့၊ ပြီးတော့မှ တိုက်ရည်ခိုက်ရည်ရှိရမယ်ပေါ့နော။

စစ်တပ်ဆိုကတည်းက ယူနီဖောင်းဘယ်လောက်ကောင်းကောင်း လက်နက်ဘယ်လောက်ကောင်းကောင်း အမိန့်နာခံမှု ဘယ်လောက်ရှိရှိ တိုက်ရည်ခိုက်ရည်မရှိရင် အလကားပဲ။ အဲလိုမျိုးပေါ့ဆိုတော့ စည်းကမ်းရှိရမယ်။ အမိန့်နာခံမှု ကောင်းရမယ်။ ကျင့်ဝတ် သဘောသဘာဝလုံးဝနားလည်ရမယ်။ လေးစားလိုက်နာရမယ်။ တိုက်ရည်ခိုက်ရည်ကောင်းရမယ်။ ပြီးတော့မှ အင်အားရှိလာမယ်ဆိုတာမျိုးတစ်ခုပေါ့နော။ ကျနော်တို့ ပြည်သူတွေကိုကာကွယ်ဖို့ ကျနော်တို့ရဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးဖို့ ကောင်းကောင်းအာမခံနိုင်တဲ့ တပ်တစ်တပ် ဖြစ်လာအောင် ကျနော်တို့အဲလိုမျိုးပေါ့၊ အဲဒီတပ်မတော်ဘက်ကိုပေါ့နော အဲလိုမျိုးကို ကျနော်တို့ဆိုလိုချင်တာပါ။

NMG ပေးပို့သည်။