“နိုင်ငံတစ်ခုရဲ့ စည်းကမ်းတွေကို လေးစားရမယ့် အပိုင်းလည်းရှိတော့ နယ်စပ်ဖြတ်ကျော်တဲ့ အကူအညီပေးဖို့က ချင့်ချိန်လုပ်ဆောင်ရတဲ့ အတွက်ကြောင့် လိုအပ်သလောက် မကူညီနိုင်တာလည်း ရှိတာပေါ့” ပြည်တွင်းနေရပ်စွန့်ခွာရသူ ကရင်ပြည်သူများဆိုင်ရာကော်မတီ-CIDKP ဒုတာဝန်ခံ စောခဲလေ

0
363
ပုံစာ - စစ်ဘေးရှောင်ပြည်သူတချို့အား ဆန်ထောက်ပံပေးနေစဉ်။ (Photo – KNU)

ပြည်တွင်းနေရပ်စွန့်ခွာရသူ ကရင်ပြည်သူများဆိုင်ရာကော်မတီ-CIDKP ၏ ဒု-တာဝန်ခံ စောခဲလေနှင့် အမေးအဖြေ

စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံတကာ အလှူရှင်များ၊ အဖွဲ့အစည်းများ အနေဖြင့် မြန်မာပြည်တွင်းရှိ လူသားချင်းစာနာမှု အထောက်အပံ့များ လိုအပ်နေသည့် စစ်ဘေးရှောင်များနှင့် ဒေသခံပြည်သူလူထုအတွက် အကူအညီများ ပေးရာတွင် စစ်ကောင်စီ၏ စီမံခန့်ခွဲမှုအောက်ကနေ သွားနေရခြင်းမျိုး ရှိနေသည်။ ထို့အခြေအနေများကြောင့် လိုအပ်သည့် နေရာများသို့ ထိရောက်သောအကူအညီပေးနိုင်ခြင်း မရှိဘဲ အချည်းအနှီး ဖြစ်နေရဟု ကူညီပေးနေသူများက ပြောသည်။

အလားတူ ကရင်ပြည်နယ် (ကော်သူးလေဒေသ)သည် ကရင်စစ်ဘေးရှောင် အများအပြား ရှိနေရာ ယင်းစစ်ဘေးရှောင်တို့ အတွက် နိုင်ငံတကာ၏ အထောက်အပံ့ ရရှိနိုင်မှု အခြေအနေများနှင့် နယ်စပ်ဖြတ်ကျော် အကူညီပေးရေးနှင့် ပတ်သတ်ပြီး ပြည်တွင်းနေရပ် စွန့်ခွာရသူ ကရင်ပြည်သူများ ဆိုင်ရာကော်မတီ-CIDKP ၏ ဒုတာဝန်ခံ စောခဲလေနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။

မေး။ ။ လက်ရှိမှာ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ မြန်မာနိုင်ငံကို ထောက်ပံ့ကူညီနေတာတွေ ရှိတယ်။ ဒီအကူအညီတွေက ကရင်စစ်ဘေးရှောင်တွေ အတွက်ရော လုံလောက်တဲ့ထိရောက်မှု ရှိပါလား။ ဘာတွေ လိုအပ်နေလဲဆိုတာ ပြောပြပေးပါဦး။

ဖြေ။ ။ နိုင်ငံတကာက ပြောသလောက်တော့ ကျနော်တို့ဆီမှာ အကူအညီမရဘူးတာ သေချာတယ်။ နိုင်ငံတကာက မြန်မာပြည်ကြီးအတွက် အကူအညီတွေ ဘယ်လောက် ပေးပါတယ်ဆိုပြီး ပြောလာပေမယ့် ကျနော်တို့ ကရင်နယ်နိမိတ်ထဲမှာ ရောက်လာတဲ့ အကူအညီဆိုတာ လိုအပ်သလောက်တော့ ရောက်မလာတာ သေချာတယ်။

စစ်ကိုင်းတို့ ရခိုင်တို့ဘက်ကို သွားတာမျိုး၊ မြန်မာပြည် မြောက်ပိုင်းခြမ်းကို သွားတာတော့ ရှိမှာပေါ့။ နောက်ကွယ်မှာ သူတို့ လုပ်နည်းလုပ်ထုံးတွေကို ရှောင်ရှားရတာမျိုးတော့ ရှိမှာပေါ့။ အများအားဖြင့် ကရင်နီ၊ ကရင်ပြည်နယ်ဘက်ကို နယ်စပ်ဖြတ်ကျော် အကူအညီပေးဖို့ဆိုတာ အဖွဲ့အစည်းကြီးတွေအတွက် သိပ်အဆင်မပြေတာမျိုး ဖြစ်မယ် ထင်တယ်။

မြန်မာပြည်ထဲက အကူအညီလာမယ် ဆိုတော့လည်း စစ်ကောင်စီက ခွင့်မပေးတာတွေ ရှိတယ်ဆိုတော့ ကျနော်တို့အနေနဲ့က ရသင့်ရထိုက်တဲ့ အကူအညီ မရရှိဘူး။ ဒီလို ရဖို့လည်း အများကြီး စကားပြောရမှာ ဖြစ်တယ်။ နိုင်ငံတစ်ခုရဲ့ စည်းကမ်းတွေကို လေးစားရမယ့် အပိုင်းလည်းရှိတော့ နယ်စပ်ဖြတ်ကျော်တဲ့ အကူအညီပေးဖို့က ချင့်ချိန်လုပ်ဆောင်ရတဲ့ အတွက်ကြောင့် လိုအပ်သလောက် မကူညီနိုင်တာလည်း ရှိတာပေါ့။

မေး။ ။ လက်ရှိ ကေအဲန်ယူအုပ်ချုပ်နယ်မြေတွေမှာ စစ်ဘေးရှောင်ဦးရေ ဘယ်လောက်ထိကို CIDKP အနေနဲ့ထောက်ပံ့ပေးနိုင်မှု ရှိထားလဲ။

ဖြေ။ ။ ကျနော်တို့ ကေအဲန်ယူအုပ်ချုပ်နယ်မြေမှာ IDPs အရေအတွက်က စာရင်းအမျိုးမျိုး ရှိတဲ့အထဲမှာ ခြောက်သိန်း ပတ်ဝန်းကျင်လောက်တော့ ရှိနေတယ်။ ခြောက်သိန်း ဆိုတာ အမြဲတမ်း စစ်ရှောင်နေရတဲ့သူတွေ သွားလိုက်ပြန်လိုက် လုပ်နေရတဲ့လူတွေ၊ ကျည်ဆန်ရှောင်လိုက်၊ တိုက်ပွဲဖြစ်လိုက် ပြန်လာနေလိုက်ဆိုတဲ့ စစ်ရှောင်ပုံစံ အမျိုးမျိုး အားလုံး ပါတယ်ပေါ့။ အဲဒီထဲက တစ်ဝက်သာသာလောက်ပဲ ကျနော်တို့ ထောက်ပံ့ နိုင်တယ်။ တစ်ဝက်တောင်မှ အမြဲတမ်း မဟုတ်ဘူး လိုအပ်ရင် လိုအပ်သလောက်ပဲ ကျနော်တို့ ထောက်ပံ့ နိုင်တယ်။ အဲဒီတော့ ကျနော်တို့ ထောက်ပံ့နိုင်တဲ့ အရည်အချင်းက ရာခိုင်နှုန်းအားဖြင့်ကတော့ အင်မတန် နည်းနေသေးတယ်။

မေး။ ။ နယ်စပ်ဖြတ်ကျော် အကူအညီ ရရှိဖို့အတွက် ဘာတွေစိန်ခေါ်မှုရှိနေနိုင်မလဲ။

ဖြေ။ ။ ကျနော်တို့နယ်စပ်ဘက်ကနေ ဖြတ်ကျော်ကူညီရမယ်ဆိုရင် ထိုင်းဘက်ကနေ လည်းကောင်း တရုတ်ဘက်ကနေ လည်းကောင်း၊ အိန္ဒိယဘက်ကသော် လည်းကောင်း သူတို့နိုင်ငံအလိုက် စည်းကမ်းတွေ ရှိတယ်။ ကျနော်တို့က စစ်ရှောင် သုံးသိန်းကို ထောက်ပံ့တယ်ပဲ ထားပါဦး Risk တွေ အများကြီး ယူရတဲ့အပိုင်း ရှိတယ်။ နောက်ကွယ်မှာလည်း အလှူရှင်တွေက နိုင်ငံတစ်ခုရဲ့ ဥပဒေကို လေးစားလိုက်နာရတာမျိုး ရှိနေတော့ ကျနော်တို့အတွက်က ထောက်ပံ့မှု ရရှိဖို့ အခက်အခဲ ရှိတယ်။

မေး။ ။ လက်ရှိအနေအထားမှာ CIDKP အနေနဲ့ ဘာတွေထောက်ပံ့မှု ရရှိဖို့ လိုအပ်နေပါလဲ။

ဖြေ။ ။ ကျနော်တို့မှာသာ အကယ်၍ Resources တွေ ရမယ်ဆိုရင် ကျနော်တို့ ဒီထက်မက ကူညီနိုင်တဲ့ အနေအထားတွေ အများကြီးရှိတယ်။ ကျနော်တို့မှာ လုပ်သား အယောက်တစ်ရာကျော် နှစ်ရာလောက် ရှိတယ်။ ဒါထက် ပိုများမယ်ဆိုရင်လည်း ကိုင်တွယ်နိုင်တယ်။ ကျနော်တို့အဖွဲ့က လူတွေကို မြို့နယ်နဲ့ ခရိုင်တွေမှာ ဖြန့်ကျက်ထားတာ ရှိတယ်။ သူတို့က အခြေအနေကို သုံးသပ်တယ်၊ ပြီးရင် ကျနော်တို့ဆီ လိုအပ်ချက်တွေ တင်ပြတယ်။ ကယ်ဆယ်ရေးအပိုင်းမှာ Transportation ကနေ စပြီး ဝေငှတဲ့ Distribution လုပ်ငန်း စတာတွေ ရှိတယ်။ အဓိက ကျနော်တို့မှာ ငွေကြေးအရင်းအမြစ်နဲ့ အခြားအထောက်အပံ့တွေ လိုအပ်တယ်ပေါ့။ ဒါတွေသာ ရခဲ့မယ်ဆိုရင် ကျနော်တို့က ဒါထက်အများကြီး ကူညီလုပ်ဆောင်နိုင်ပါတယ်။

ကေအိုင်စီ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here