မြို့သိမ်းတိုက်ပွဲ၊ စခန်းသိမ်းတိုက်ပွဲစတဲ့စစ်ဆင်ရေးတွေနဲ့ပတ်သတ်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးနဲ့ ဆက်သွယ်မေးမြန်းချက်။
ရှမ်းပြည်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေက စစ်ဆင်ရေးလုပ်ဆောင်နေသလို ရခိုင်၊ ကယား၊ ချင်း၊ စစ်ကိုင်း၊ မွန် အစရှိတဲ့ ဒေသတွေမှာလည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ PDF တွေပူးပေါင်းပြီး မြို့သိမ်းတိုက်ပွဲတွေ စခန်းသိမ်းတိုက်ပွဲတွေ ဖော်ဆောင်နေလို့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
ညီနောင်မဟာတပ်ဖွဲ့တွေ၊ အခြားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ PDF တွေ ဖော်ဆောင်နေတဲ့ စစ်ဆင်ရေးအတွင်းမှာ မြို့တွေကို သိမ်းပိုက်နိုင်ခဲ့တာရှိသလို စစ်ကောင်စီ တပ်စခန်းတွေနဲ့ ရဲစခန်းအများအပြား ကိုလည်း သိမ်းပိုက်နိုင်တာ ရှိနေပါတယ်။
တဖက်မှာလည်း တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေဟာ ထွက်ပြေးတိမ်းရှောင် နေရတာတွေလည်း များပြားလာသလို အခက်အခဲမျိုးစုံလည်း ကြုံတွေ့နေရပါတယ်။ လက်ရှိ ညီနောင်မဟာတပ်ဖွဲ့တွေ၊ အခြားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ PDF တွေ ပူးပေါင်းဖော်ဆောင်နေတဲ့ စစ်ဆင်ရေး တိုက်ပွဲတွေနဲ့ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။
မေး ။ ။ ညီနောင်မဟာတပ်ဖွဲ့တွေ၊ အခြားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ PDF တွေ ပူးပေါင်း ဖော်ဆောင်နေတဲ့ မြို့သိမ်းတိုက်ပွဲနဲ့ ပတ်သက်ပြီး ဒေါက်တာစိုင်းကြည်ဇင်စိုးအနေနဲ့ ဘယ်လိုသုံးသပ်မိပါလဲ။
ဖြေ ။ ။ မြို့သိမ်းတိုက်ပွဲက အခုလောလောဆယ် မြောက်ပိုင်းတပ်ဖွဲ့နဲ့ အခြားလက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းမှု အားကောင်းပြီးတော့ စနစ်တကျ သိမ်းလာနိုင်တယ်။ ပြီးတော့ နယ်မြေနယ်ချဲ့ထွင် လာနိုင်တယ်။ အဲ့တာ ကျွန်တော်တို့အကုန်လက်တွေ့မြင်နေရတယ်ပေါ့။ ပြီးတော့ သိမ်းတာနဲ့ ထိန်းတာနဲ့ကတော့ မတူဘူးပေါ့။ သိမ်းတာက ဟိုးလွန်ခဲ့သော နှစ်၇၀ ကျော် တော်လှန်ရေး လုပ်လာကတည်းက လူမျိုးစုတွေကို အခြေပြုတဲ့ KNU တို့ အခြားတော်လှန်ရေးစုတွေက နယ်မြေတွေကို သိမ်းလိုက်၊ ပြန်ပါလိုက် အဲလိုမျိုးဖြစ်ခဲ့တဲ့ သာဓကတွေ ရှိခဲ့တာပေါ့နော်။ အဲလိုသာဓကတွေ ရှိခဲ့တာကြောင့် သိမ်းရုံကသိမ်းနိုင်ပြီး ဒါပေမဲ့ ဘယ်လို အုပ်ချုပ်ရေးနဲ့ ပြည်သူလူထုကို ကာကွယ်ရမလဲ၊ ဘယ်လို ယန္တရားစနစ်ကို ဘယ်လိုပြန်လည်ထူထောင်မလဲ၊ ဘယ်လို လည်ပတ်ရမလဲဆိုတာက အများကြီး ကြိုးစားရမယ်လို့ ကျွန်တော်မြင်တယ်ဗျ။
မေး ။ ။ ရှမ်းမြောက်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး တရုတ်ဘက်က အသံတိတ်နေတဲ့အပေါ်မှာရော ဘယ်လိုမြင်ပါလဲ။
ဖြေ ။ ။ ဟုတ်၊ အဓိကတော့ ကျွန်တော်တို့က တရုတ်တွေရဲ့ ကြော်ငြာချက်တွေ မိန့်ခွန်းတွေအရ သူတို့ မီဒီယာမှာ တင်ပြခဲ့ပုံအရတော့ ဒီတိုက်ပွဲမစခင်က နယ်စပ်ဖြတ်ကျော်ပြီးတော့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေရှိတယ်။ ပြီးတော့ အဲဒီရာဇဝတ်မှုတွေက အစုအဖွဲ့တွေရှိတယ်။ အဲဒီအစုအဖွဲ့တွေနဲ့ ပတ်သက် ဆက်နွယ်မှုတွေ ရှိတယ်။ အဲဒီရာဇဝတ်မှုတွေက ထိထိရောက်ရောက် အရေးမယူနိုင်သေးဘူး။ နောက်တစ်ခုကတော့ လက်ရှိ ကိုဗစ်လွန်ကာလ စီးပွားရေး ပြန်လည်ထူထောင်ရေးမှာ တရုတ်ရဲ့အဓိက စီမံချက်ဖြစ်တဲ့ ပိုးလမ်းမစီမံကိန်းဆိုင်ရာ ဆောင်ရွက်ရမယ့်ကိစ္စတွေ အဲဒီဟာတွေရှိနေတယ်ဆိုတော့ တရုတ်ရဲ့ အကျိုးအမြတ် အခြေပြုစဉ်းစားတဲ့ စဉ်းစားမှုတွေကြောင့်ပါမယ်လို့ ကျနော်တို့ယူဆကြတယ်။
အဲဒီလိုပဲ အခုပါဝင်ပတ်သက်နေတဲ့ ညီနောင် ၃ ဖွဲ့ဆိုရင်လည်း ဒီနှစ်ဆန်းပိုင်းမှာပေါ့နော် ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးတဲ့ကိစ္စတွေမှာ တရုတ်ရဲ့ဦးဆောင်မှုနဲ့ ငြိမ်းချမ်းရေး အကောင်အထည်ဖော်လာအောင် သူတို့ ကြိုဆိုတယ် ဆိုတဲ့ဟာ သူတို့ထုတ်ပြန်ကြေညာခဲ့တာမျိုး ရှိတယ်။ အဲဒီလိုမျိုးနဲ့ တခြားထုတ်ပြန်ကြေညာချက်တွေ တခြား သတင်းအချက်အလက်တွေ အရရော ကြည့်မယ်ဆိုရင် ဒီညီနောင် ၃ ဖော်ကတော့ တရုတ်နဲ့ အနည်းနဲ့အများ အကျိုးစီးပွားဆိုင်ရာ ချိတ်ဆက်ပတ်သက်မှုတွေ ရှိနေတယ်ဆိုတာ တွေ့ရတယ်။ အဲလိုပဲ တစ်ဖက်မှာလည်း တရုတ်နဲ့ စစ်ကောင်စီရဲ့ပတ်သက်တွေလည်း ရှိသေးတယ်။
အဲတာတွေ အကုန်လုံးက တရုတ်ရဲ့လွမ်းမိုးမှု တစိတ်တပိုင်းအောက်မှာ ရှိနေတဲ့အတွက်ကြောင့် တရုတ်ဘက် ကနေ အပြစ်အခတ်ရပ်စဲဖို့ တောင်းဆိုတာရှိသလို၊ စစ်ကောင်စီနဲ့တွေ့ဆုံပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေရှိတယ်။ ဒါပေမဲ့ ဘယ်လိုဆွေးနွေးမှုတွေရှိနေလဲ၊ ဘယ်လိုအပေးယူတွေရှိနေလဲ၊ အဲ့တာကိုတော့ ကျွန်တော်တို့ စောင့်ကြည့်ရမယ့် အနေထားပါ။ ဒါပေမဲ့ အခုအနေထားက တရုတ်ဘက်က လက်ခံနိုင်တဲ့အနေအထား ရှိတဲ့အတွက်ကြောင့် သူတို့ဘက်က အခြေအနေတည်ငြိမ်နေတယ်လို့ ကျွန်တော်တို့ ယူဆတယ်။ အထူးသဖြင့် သူတို့အကျိုးစီးပွားနဲ့ ပတ်သက်ပြီး အကျိုးသက်ရောက်မှု ရှိတဲ့အနေအထား ဖြစ်နေတယ်လို့ ကျွန်တော်မြင်တယ်။
မေး ။ ။ အခုဆို နိုင်ငံအနှံ့မှာ တိုက်ပွဲတွေဖြစ်နေတယ်။ မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်နေတာရှိတယ်။ NUG ဘက်ကလည်း ၂၀၂၃ မှာ အဆုံးသတ်ပေးမယ်လို့ ပြောထားတာရှိတယ်။ အခုက ၂၀၂၃ ကုန်ဖို့လည်း မကြာတော့ဘူးဆိုတော့ တိုက်ပွဲတွေ ဘယ်လိုပြင်းထန်လာနိုင်မလဲ။ အဆုံးအဖြတ်နှစ်က ဖြစ်လာနိုင်လား။
ဖြေ ။ ။ တိုက်ပွဲက အခုတစ်ဘက်နဲ့ တစ်ဘက် ထိုးစစ်တိုက်နေတာတွေ ရှိတာကြောင့် တစ်ဘက်ဘက်နဲ့ တန်ပြန် တိုက်ခိုက်မှုတွေ ရှိတယ်။ တိုက်ပွဲတွေက ဒီထက်ပိုမိုပြင်းထန်တဲ့ တိုက်ပွဲတွေ ရှိလာနိုင်တယ်လို့ ကျွန်တော် ယူဆတယ်။ အထူးသဖြင့် အခုက ရုရှားနဲ့ပူးပေါင်းပြီး ရေတပ်ပိုင်းဆိုင်ရာ ပူးပေါင်းမှုတွေ လုပ်နေတယ်။ အဲလိုမျိုး လက်နက်အင်အားအရ သာလွန်နေတဲ့အချိန်မှာ တစ်ဘက်နဲ့တစ်ဘက် တန်ပြန်တိုက်ခိုက်မှုတွေကြောင့် မလုပ်သင့်မလုပ်ထိုက်တဲ့ဟာ၊ မသုံးသင့်မသုံးထိုက်သည့် အချိန်မှာ တိုက်ပြန်တိုက်ခိုက်မှုမှာ လက်နက် အင်အားတွေသုံးပြီး ထိခိုက်နစ်နာသွားမှာကို အဲလိုစိုးရိမ်စိတ်မျိုး ကျွန်တော်တို့မှာ ရှိတယ်။ အဲလိုတိုက်ခိုက်မှု တွေကြောင့် ဒီ ၂၀၂၃ မှာ အပြီးသတ် အဆုံးသတ်ဖို့အတွက် ယူဆဖို့က ခက်နေသေးတယ်လို့ ကျွန်တော်မြင်တယ်။ ရေရှည်တိုက်ပွဲပဲ ဆက်လက်ဖြစ်ပွားနိုင်တယ်လို့ ကျွန်တော်မြင်တယ်။
မေး ။ ။ အခုဆို တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်ရှောင်နေရတဲ့ ပြည်သူတွေများလာတယ်။ သူတို့အတွက် စားနပ်ရိက္ခာ၊ ဆေးဝါး စသဖြင့် အခက်ခဲတွေ ရှိလာတယ်။ ဒီလိုပြည်သူလူထုတွေရဲ့ အခက်အခဲကို ဘယ်လို ဖြေရှင်းသင့်ပါလဲ။
ဖြေ ။ ။ အဓိက နားလည်ထားရမှာက သိမ်းလိုက်ပြီဆိုတာက သိမ်းလိုက်တဲ့နေရာမှာ ပြည်သူတွေ ဆက်နေဖို့အတွက် ခက်တယ်။ ဘာကြောင့်လဲဆိုတော့ တစ်ဖက်က စစ်ကောင်စီက သိမ်းခံလိုက်ပြီး ပါသွားပြီဆိုရင် များသောအားဖြင့် တန်ပြန်ထိုးစစ်လုပ်တယ်။ အဓိကတော့ လေကြောင်းထိုးစစ်တွေ ပြန်လုပ်လာတာ ကျွန်တော်တို့တွေ့နေရတယ်။ အဲကြောင့် ကျွန်တော်တို့ ပြည်သူလူထုတွေက ရှောင်ရတယ်။ အဲလိုမျိုး ရှောင်ရရှားရချိန်မှာ သူတို့ရဲ့လိုအပ်ချက် အသက်ရှင်ရပ်တည်ဖို့အတွက် လိုအပ်တာတွေ အသက်အန္တရယ်ကာကွယ်ဖို့အတွက် ကျွန်တော်တို့ ဖြည့်ဆည်းဖို့ လိုတယ်ပေါ့နော်။ ဒါပေမဲ့ အချိန်အတိုင်းတာအတွင်းမှာ မဖြည့်ဆည်းပေးနိုင်တဲ့အတွက် ပြည်သူတွေ အသက်ပေးရတာတွေလည်း ရှိတယ်။ အဲလိုဟာတွေက ကျွန်တော်တို့အားလုံး ပူးပေါင်းပြီးတော့ ဆောင်ရွက်ဖို့လိုတယ်။
ရန်သူမိတ်ဆွေ၊ ကြောသားရင်သား မခွဲခြားဘဲနဲ့ ကူညီကယ်ဆယ်ရေးတွေ ကျွန်တော်တို့ ဆောင်ရွက်ဖို့လိုတယ်။ အထူးသဖြင့် ဒီလိုကိစ္စမျိုးကို ဆောင်ရွက်နေတဲ့ UN အဖွဲ့စည်းတွေ၊ နိုင်ငံတကာ အဖွဲ့စည်းတွေ၊ ဘက်မလိုက်တဲ့ အဖွဲ့စည်းတွေက လျင်မြန်တဲ့ ကူညီပေးမှုတွေ ဆက်တိုက် ကူညီပေးဖို့လိုတယ်။ ပြီးတော့ တစ်ဖက်မှာလည်း စစ်ရှောင်စခန်းတွေ၊ ကော့သူလေးဘက်မှာတို့ ပြီးတော့ ကယားပြည်နယ်ဘက်မှာတို့ ရှောင်နေတဲ့ စစ်ရှောင် စခန်းတွေက တိုက်ခိုက်ရေးနဲ့ ဘာမှမပတ်သက်တော့ဘူး။ ဒါပေမဲ့ စစ်ရှောင်စခန်းပေါ်မှာ ဗုံးကြဲတိုက်ခိုက်လို့ စခန်းတွေ ပျက်သွားတာတို့ ရှိတယ်ပေါ့နော်။ အဲလိုမျိုး တိုက်ခိုက်တာက နှစ်ဖက်စလုံး ရှောင်ရှားဖို့လို့တယ်။ အထူးသဖြင့် ကူညီကယ်ဆယ်အသင်းတွေက ပူးပေါင်းပြီးတော့ ကူညီကယ်ဆယ်ရေးတွေ အလျင်အမြန် ကူညီကယ်ဆယ်ဖို့ပဲ ကျွန်တော်မြင်တယ်။
မေး ။ ။ တိုက်ပွဲတွေ၊ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ပြည်သူတွေနဲ့ပတ်သက်ပြီး ဘာများဖြည့်စွက် ပြောချင်တာရှိပါလဲ။
ဖြေ ။ ။ ကျွန်တော်က တိုက်ပွဲနဲ့ပတ်သက်ပြီး ပြောစရာတော့ မရှိတော့ပါဘူး။ စစ်ရှောင်ကိစ္စပဲ ပြောချင်တာ။ အခုက စစ်ဘေးရှောင်တဲ့လူဦးရေက ပိုများလာတယ်။ အဲ့တာကြောင့် သူတို့ရဲ့လိုအပ်ချက်တွေ ရှိတယ်။ သူတို့ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ပူးပေါင်းလုပ်ဆောင်လို့ရတဲ့ အရာတွေရှိတယ်။ အဲ့တာကို ပူးပေါင်းလုပ်ဆောင်ပြီးတော့ အမြဲတမ်း ကူညီပံ့ပိုးပေးဖို့ တိုက်တွန်းချင်ပါတယ်။
IMNA ပေးပို့သည်။