စစ်ရေးအရအချက်အချာကျသည့် အမ်း – ပဒါန်းလမ်းပေါ်က လက်ရှိတိုက်ပွဲများနှင့်ပတ်သက်ပြီး PRA မကွေး စစ်ရေးတာဝန်ခံ နောင်သူရိန်နှင့် ဆက်သွယ်မေးမြန်းချက်။
မကွေးတိုင်း၊ ငဖဲမြို့နယ်နှင့် စေတုတ္တရာမြို့နယ်အခြေစိုက် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) တပ်ဖွဲ့သည် စစ်ကောင်စီအတွက် စစ်ရေးအရအရေးပါသည့် မကွေးတိုင်း၊ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် သုံးခုအဆုံ အမ်း – ပဒါန်းလမ်းပိုင်းကို ထိန်းချုပ်နိုင်ရေး ကြိုးစားနေသည့် တပ်ဖွဲ့တစ်ဖွဲ့ဖြစ်သည်။
PRA မကွေးတပ်ဖွဲ့သည် အာရက္ခတပ်တော် (AA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ ကျောင်းသား လက်ရုံးတပ်တော် (SAF)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ ယောကာကွယ်ရေးတပ် (YDF)၊ ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) ၊ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF) စသည့် တပ်ဖွဲ့များနှင့်လည်း မဟာမိတ်အဖြစ် ပူးပေါင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေသည်။
အမ်း – ပဒါန်း လမ်းမကြီးသည် ရခိုင်ကမ်းမြောင်ဒေသ ဘင်္ဂလားပင်လယ်အော်ကနေ ပြည်မအထိဝင်ရောက်နိုင်ရန် အနီးဆုံးဖြတ်လမ်း ဖြစ်သည့်အတွက် စစ်ရေးအရ အချက်အချာကျသည့် နေရာလည်းဖြစ်သောကြောင့် အမ်း -ပဒါန်းလမ်းပေါ်က လက်ရှိတိုက်ပွဲများနှင့်ပတ်သက်ပြီး PRA မကွေး စစ်ရေးတာဝန်ခံ နောင်သူရိန်ကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ PRA မကွေးအနေနဲ့ နိုဝင်ဘာ ၂၀ ရက်နေ့က တိုက်ခဲ့တဲ့ အမ်း – ပဒါန်းလမ်းပိုင်းက ခြုံခိုတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဘက်က သေဆုံးမှုရှိတယ်၊ အဲ့ဒီစစ်ကြောင်းမှာလည်း ပေါ်တာဆွဲခံရတဲ့ စစ်မှုထမ်းသင်တန်းဆင်း တွေပါဝင်တယ်ဆိုတာနဲ့ပတ်သက်ပြီး ပြောပေးပါဦး။
ဖြေ။ ။ ဟုတ်ကဲ့ခင်ဗျ။ ဒီအင်အားလေးဆယ်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းက ကျနော်တို့ခြုံခိုတဲ့နေရာကို ရောက်လာတယ်။ ၂၅ ယောက်လောက်က သတ်ကွင်းထဲဝင်တဲ့အချိန်မှာ ကျနော်တို့ စတင်ပြီးတော့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်။
ဒီတိုက်ခိုက်မှုထဲမှာ စစ်ကောင်စီဘက်က တပ်ကြပ်ကြီးတစ်ယောက်အပါအဝင် ၉ ယောက် ကျသွားတယ်လို့ တိုက်ပွဲထဲမှာမြင်ခဲ့ရတယ်။ ၁၀ ယောက်လောက် ဒဏ်ရာရတယ်လို့ မြေပြင်သတင်းပို့ချက်တွေ အရ ကျနော်တို့ သိရပါတယ်။ ပေါ်တာဆွဲခံရတဲ့တပ်သားသစ်တွေ ပါတယ်ဆိုတာကတော့ ကျနော်တို့ ကြိုတင်ပြီးတော့ သတင်းရတာပါခင်ဗျ။
မေး။ ။ လက်ရှိမှာ အမ်း – ပဒါမ်း လမ်းပိုင်းအခြေအနေကရော ဘယ်လိုရှိပါလဲ။
ဖြေ။ ။ လက်ရှိ အမ်း – ပဒါန်း လမ်းအခြေအနေကတော့ စစ်ကောင်စီတပ်ဘက်က လုံခြုံရေးကို ပိုပြီး တိုးနေတာမျိုးတွေ ရှိတယ်။ ပြီးတဲ့အခါမှာ ရန်သူ့ဘက်ကလည်း ကြိုကြားကြိုကြား လှုပ်ရှားမှုတွေရှိတယ်။ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေဘက်ကလည်း ဖြတ်တောက်တိုက်ခိုက်နေတာတွေ ရှိပါတယ်။

မေး။ ။ အမ်း – ပဒါမ်းလမ်းပိုင်းကို ထိန်းချုပ်နိုင်ရေးက PRA ရဲ့ စစ်ရေးရည်မှန်းချက်တစ်ခုလို့ ထုတ်ပြန် ထားတော့ လက်ရှိမှာရော ထိန်းချုပ်သွားနိုင်ရေးက နီးစပ်မှုတွေရှိနေပါြပီလား။
ဖြေ။ ။ ဒီလမ်းပိုင်းကို ထိန်းချုပ်နိုင်ရေးက ကျနော်တို့ရဲ့စစ်ရေးရည်မှန်းချက်တွေထဲက တစ်ခုဖြစ်တယ်။ လက်ရှိမှာလည်း ဒီလှုပ်ရှားမှုတွေလို့ ကျနော်တို့ထုတ်ပြန်ချက်ထဲမှာလည်း ပါတယ်။ ဒီလမ်းပိုင်းတစ်ခုလုံးကြီးကို အလုံးစုံ ထိန်းချုပ်သွားနိုင်အောင်တော့ ကျနော်တို့ကြိုးစားနေတယ်ပေါ့။ အတိုင်းအတာတစ်ခုအထိတော့ ရောက်ပြီလို့ ကျနော်တို့ပြောလို့ရတယ်ခင်ဗျ။
မေး။ ။ ဒီလမ်းပိုင်းက စစ်ကောင်စီအတွက် ဘယ်လောက်ထိအရေးပါတဲ့နေရာလို့ PRA က သုံးသပ်ထားပါလဲ။
ဖြေ။ ။ ဒီ အမ်း – ပဒါန်းလမ်းပိုင်းက စစ်ကောင်စီအတွက်ကို တော်တော်လေးအရေးပါတဲ့ လမ်းပိုင်းဖြစ်တယ်လို့ ပြောလို့ ရတယ်ပေါ့နော်။ အဓိက က နပခ (အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်) ရဲ့ အသက်သွေးကြောလို့ ပြောလို့ ရတယ်။ နပခအတွက် သေရေးရှင်ရေးလောက် အရေးပါတဲ့လမ်းကြောင်းလို့ ကျနော်တို့ပြောလို့ရတယ်။ ဒီလမ်းပိုင်းကို ထိန်းချုပ်နိုင်ရင် စစ်ကောင်စီရဲ့လက်နက်ပစ္စည်းစက်ရုံတွေနဲ့ အရမ်းနီးကပ်သွားပြီ။ နောက်တခုက ပုသိမ် – မုံရွာလမ်းပိုင်း ထိန်းချုပ်ရေးကို ဆက်လက်လုပ်ဆောင်လို့ ရပြီလို့ ပြောရတယ်။ အဓိကတော့ ရန်သူ့ အသက်သွေးကြောဖြစ်တဲ့ ကပစ (ကာကွယ်ရေးပစ္စည်း) စက်ရုံတွေကို ကျနော်တို့ ဖြတ်တောက်တာ တိုက်ခိုက် တာတွေမလုပ်လို့ရပြီပေါ့။

မေး။ ။ မကွေးတိုင်းဟာ တခြားဒေသတွေထက် တိုက်ပွဲဖော်ဆောင်မှု အားနည်းနေတယ်ဆိုပြီး ဝေဖန်မှု၊ အားမရမှုတွေလည်း ရှိနေကြတော့ ဒေသတွင်းစစ်ရေးအခြေအနေနဲ့ အားနည်းချက်အားသာချက်တွေကို မကွေးအခြေစိုက်တပ်ဖွဲ့တစ်ခုအနေနဲ့ သုံးသပ်ပေးပါဦး။
ဖြေ။ ။ ဟုတ်ကဲ့ဗျ။ ကျနော်တို့လှုပ်ရှားရတဲ့ဒေသက တောတောင်ထူထပ်တယ်၊ ရာသီဥတုကြမ်းတယ်လို့ ပြောလို့ရတယ်။ တခါတရံမှာ စစ်ချီရတာတွေက တပါတ်လောက်ကြာတာမျိုးတွေရှိတယ်။ ရိက္ခာနဲ့ ထောက်ပို့ လမ်းကြောင်းခက်ခဲတာမျိုး ရှိတယ်လို့ ပြောလို့ရတယ်။ အဲတော့ ကျနော်လှုပ်ရှားရတာတွေက မမြန်ဆန်ဘူးလို့ ပြောလို့ရတယ်ဗျ။
မေး။ ။ ဟုတ်ကဲ့ လက်ရှိဒေသတွင်းအခြေအနေတွေနဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောချင်တာများ ရှိပါသေးလား။
ဖြေ။ ။ လက်ရှိဒေသတွင်းမှာတော့ ရန်သူကလမ်းကြောင်းတွေ ပိတ်ဆို့ထားတာရှိတယ်။ စစ်ရှောင်နေရတဲ့ ဒေသခံပြည်သူတွေ ရှိတယ်။ အဲဒီမှာ စားဝတ်နေရေး ကျန်မာရေးစတဲ့ လိုအပ်ချက်တွေလည်း ရှိနေတယ်ပေါ့လေ။
ရှမ်းနီအသံ ပေးပို့သည်။