“ဒီအချိန်မှာ ရခိုင်က AA ၏ အောင်မြင်မှုဆိုတာ မြန်မာနိုင်ငံအတွင်းက တခြားလက်နက်ကိုင်တွေ အတွက်လည်း ခွန်အားဖြစ်တယ်။ သူတို့တွေအတွက်လည်း လက်နက်ကိုင်တော်လှန်ရေးက အောင်မြင်တဲ့ လမ်းကြောင်း ဖြစ်တယ်ဆိုတာကို ယုံကြည်မှုတွေနဲ့ အများကြီး ခွန်အားရစေတယ်လို့ ကျနော်မြင်တယ်” ဦးထွန်းဝင်း / ကျောက်တော်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း

0
176
ပုံစာ - ဦးထွန်းဝင်း / ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း

၂၀၂၅ တွင် တွေ့မြင်ကြရမည့် ရခိုင့်နိုင်ငံရေး၊ မြန်မာနိုင်ငံရေး အပြောင်းအလဲအခြေအနေအပေါ် ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးထွန်းဝင်းနှင့် တွေ့ဆုံမေးမြန်းချက်။

ရခိုင်ပြည်အတွင်း အပြောင်းအလဲများစွာကို ၂၀၂၄ ခုနှစ်အတွင်း၌ တွေ့မြင်ကြရသည် ဖြစ်ပါသည်။ အထူးသဖြင့် ဒီဇင်ဘာလအတွင်း မောင်တောမြို့က နယ်စပ်ခံစစ်စခန်းကြီးတစ်ခုဖြစ်သည့် နခခ (၅)၊ အမ်းမြို့က ပြည်ပရန်ကာကွယ်နိုင်ရေး စစ်ဗျူဟာမြောက်တည်ဆောက်ထားသည့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ)၊ ရခိုင်တောင်ဘက်ပိုင်း ဒေသတစ်ခုလုံးအတွက် စစ်ရေးဩဇာဖြန့်ကျက်ထားသော တောင်ကုတ်မြို့က စစ်ဗျူဟာကွပ်ကဲမှုဌာနချုပ် စကခ (၅) နှင့် ဧရာ၀တီတိုင်းအတွက်ပါ စစ်ရေးသေနင်္ဂ ဗျူဟာအရပါ အရေးပါသော ဂွမြို့က စစ်အခြေစိုက်စခန်းများဖြစ်သည့် ခမရ (၅၆၂) နှင့် (၅၆၃) တပ်ရင်း တို့ကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ယခုလို အာရက္ခတပ်တော် (AA) က စစ်ရေးအရ အောင်မြင်မှုရရှိနေမှုနှင့်ပတ်သက်ပြီး အာရက္ခတပ်တော်၏ ရှေ့စစ်ရေးအလားအလာ၊ ရခိုင်လူထုအနေအထား၊ အနာဂတ်မြန်မာနိုင်ငံရေး အပြောင်းအလဲ၊ ၂၀၂၅ ခုနှစ်တွင် ပြောင်းလဲလာနိုင်သည့် စစ်ရေး၊ နိုင်ငံရေး အသွင်အပြင်များကို မြေပြင်တွင် အနီးကပ်စောင့်ကြည့်နေသည့် ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးထွန်းဝင်းကို တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ ၂၀၂၄ ခုနှစ် နှစ်ကုန်ဒီဇင်ဘာလအတွင်းမှာ စစ်ရေးအရအရေးပါတဲ့ မောင်တော၊ တောင်ကုတ်၊ အမ်းနဲ့ ဂွ တို့ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်မှုအပေါ် ဘယ်လိုမြင်ပါလဲ။

ဖြေ။ ။ အားလုံးသိကြတဲ့အတိုင်း ဒီဇင်ဘာလဟာ ရခိုင်သမိုင်းအတွက် ထူးခြားတဲ့လလို့ ပြောလို့ရတယ်။ ရခိုင်ပြည်မှာ တချို့အခြေအနေတွေမှာ ဖြစ်နိုင်ဖို့မလွယ်ကူဘူးလို့ သုံးသပ်ခဲ့ကြတဲ့၊ အလွန်တရာခက်ခဲတဲ့ နှစ်ပေါင်းများစွာ အခိုင်အမာတည်ဆောက်ခဲ့တဲ့ အဆောက်အဦးကြီးတွေဟာ မျက်စိရှေ့မှာတင် ပြိုကျပျက်စီး သွားတာကို မြင်လိုက်ရတယ်။ နပခဌာနချုပ်လိုမျိုး မြန်မာတစ်နိုင်ငံအခြေအနေနဲ့ပြောရင်လည်း အကြီးကျယ်ဆုံး စစ်စခန်းကြီးတွေ ဖြစ်တယ်။

ဒါတွေဟာ မျက်စိရှေ့မှာတင် ပြိုကျပျက်စီးပြီး မြန်မာ စစ်သမိုင်းမှာ အကြီးကျယ်ဆုံး ဗိုလ်မှူးကြီးတွေ၊ အကြီးဆုံးပုဂ္ဂိုလ်ထဲမှာပါတဲ့ ဗိုလ်မှူးချုပ်လို ပုဂ္ဂိုလ်တွေဟာ ကြက်ကလေး၊ ငှက်ကလေးတွေလို အဖမ်းခံရတဲ့ အဆင့်ကို ရောက်သွားခဲ့တယ်။ ဒါကတော့ မြန်မာတစ်နိုင်ငံလုံး တော်လှန်ရေးအင်အားစုတွေ ကြားမှာပါ ကမ္ဘာကပါစောင့်ကြည့်ပြီး ရခိုင်စစ်သည်တော်တွေရဲ့ ရဲစွမ်း သတ္တိရှိမှု၊ စွန့်လွှတ်အနစ်နာခံမှု၊ တိုင်းပြည်နဲ့ လူမျိုးအပေါ်ထားတဲ့ ရဲစိတ်ရဲမာန်တွေကို ထင်ထင်ရှားရှား ပြလိုက်တာဖြစ်တယ်။

မေး။ ။ ဒီလိုအာရက္ခတပ်တော်ရဲ့ အောင်မြင်မှုရနေတဲ့အပေါ် ရခိုင်လူထုအနေအထားအပေါ် ဘယ်လို သုံးသပ်ပါလဲ။

ဖြေ။ ။ ပြည်သူတွေကလည်း အရင်ကထက်ပိုပြီး AA က တပ်စခန်းတစ်ခု၊ မြို့တစ်မြို့ကိုသိမ်းပြီးဆိုရင် နိုင်မလားရှုံးမလားကို ဘယ်သူမှမတွေးဘူး။ ဘယ်နေ့ရမလဲ၊ ရပြီလားကိုပဲတွေးတယ်။ ဆိုလိုတာက ပြည်သူတွေအားလုံးကလည်း အောင်စိတ်နဲ့ သွားနေကြတာဖြစ်တယ်။ အောင်မြင်ပြီးသား၊ ရပြီးသား မဝေးတဲ့ကာလမှာ ကိုယ့်တိုင်းပြည် ကိုယ့်ရေကိုယ့်မြေကို ရမယ်ဆိုတဲ့မျှော်လင့်ချက်တွေနဲ့ တက်ကြွ နေကြတယ်။ တော်လှန်ရေးတစ်ခု ဖြတ်သန်းတယ်ဆိုတာကတော့ တော်လှန်ရေးလောကဓံကိုခံရတယ် ဆိုတာက ရခိုင်တစ်ခုတည်းမဟုတ်ဘူး။

ကမ္ဘာမှာဆင်နွှဲတဲ့ တော်လှန်ရေးတိုင်း၊ စစ်ပွဲတိုင်း တော်လှန်ရေး လောကဓံကို ခံကြရတယ်။ သို့သော်ရခိုင်တွေ ဟာ လက်ရှိအခြေအနေမှာ တော်လှန်ရေးအခြေအနေမှာ မြို့ပျက်၊ရွာပျက် အခြေအနေကို ခံကြရတယ် ဆိုရင်တောင်မှ အာရက္ခစစ်သည်တော်တွေရဲ့ ရဲစွမ်းသတ္တိနဲ့ အောင်ပွဲတွေယူလာပေးတဲ့အတွက် အနာဂတ်မှာ ဖြစ်လာမယ့် တိုင်းသစ်၊ ပြည်သစ်ကို လူ့ဘောင်သစ်ကိုမျှော်မှန်းပြီး မကြာခင်ဖြစ်လာမယ့် အခင်းအကျင်း တွေကို မျှော်မှန်းပြီး တက်ကြွနေတာတွေကို မြင်တွေ့နေရတယ်။ မကြာခင် ၂၀၂၅ အတွင်းမှာ ကျနော်တို့တွေ အပြောင်းအလဲတွေနဲ့ ပိုကောင်းတဲ့ အခင်းအကျင်းအသစ်တစ်ခုကို မြင်လာရလိမ့်မယ်လို့ အပြည့်အဝ ယုံကြည်ပါတယ်။

မေး။ ။ အမ်း၊ မောင်တော၊ တောင်ကုတ်နဲ့ ဂွ တို့ဆိုတာက တကယ့်ကိုအရေးပါတဲ့မြို့တွေ ဖြစ်တယ်။ အရင်ကလည်း ​မြို့နယ် ၁၁ ခုအထိ၊ အခုဆိုရင် ၁၅ ခုအထိကို AA က သိမ်းထားတယ်။ ဒီလို စစ်ရေးအရ အောင်မြင်မှုရနေတော့  ၂၀၂၅ မှာ ရခိုင့်နိုင်ငံရေး၊ မြန်မာနိုင်ငံရေးအပြောင်းအလဲ အရွှေ့တစ်ခုကို ဖြစ်လာစေမလား။

ဖြေ။ ။ ၂၀၂၄ ခုနှစ် ရခိုင်ပြည်က တော်လှန်ရေးအောင်ပွဲဟာ လာမယ့် ၂၀၂၅ ခုနှစ် မြန်မာတော်လှန်ရေး နိုင်ငံရေးကို အနည်းနဲ့အများတော့ သက်ရောက်မှု ရှိမှာပါပဲ။ အနည်းနဲ့အများ ဆိုတာထက် မြန်မာတစ်နိုင်ငံလုံး ကလည်း တော်လှန်ရေးဆင်နွှဲနေကြတယ်။ စစ်ကောင်စီပြုတ်ကျရေးကို လှည်း​နေလှေအောင်း မြင်းစောင်း မကျန် အခုနေရာတိုင်းမှာ တိုက်ပွဲတွေ ဆင်နွှဲနေကြတယ်။ ရရာလက်နက်နဲ့ ရသလို တော်လှန်နေကြတယ်။ ဒီအချိန်မှာ ရခိုင်က AA ၏ အောင်မြင်မှုဆိုတာ မြန်မာနိုင်ငံအတွင်းက တခြားလက်နက်ကိုင်တွေ အတွက်လည်း ခွန်အားဖြစ်တယ်။

သူတို့တွေအတွက်လည်း လက်နက်ကိုင်တော်လှန်ရေးက အောင်မြင်တဲ့ လမ်းကြောင်း ဖြစ်တယ်ဆိုတာကို ယုံကြည်မှုတွေနဲ့ အများကြီး ခွန်အားရစေတယ်လို့ ကျနော်မြင်တယ်။ အဲဒီစိတ်ဓာတ်တွေဟာ ခုနကပြောခဲ့တဲ့ ကျနော်တို့ရခိုင်တွေရဲ့ အောင်စိတ်တွေ၊ ရဲစိတ်တွေဟာ အခြားတော်လှန်ရေးတွေဘက်မှာလည်း အများကြီး ကူးစက်ပြီး မြန်မာတစ်နိုင်ငံလုံး မကြာခင်မှာ တော်လှန်ရေး အောင်မြင်မယ်။ စစ်အာဏာရှင် ပြုတ်ကျမယ်လို့ ယုံကြည်ချက်တွေ ပိုပြီးခိုင်မာလာစေတယ်လို့ (မီဒီယာတွေကနေတဆင့်) မြင်လာရတယ်။ ဒါတွေဟာ တစ်နိုင်ငံလုံးအပြောင်းအလဲအတွက် ကြီးမားတဲ့ ရိုက်ခတ်မှုလို့ ကျနော်မြင်တယ်။ ဒါ့ကြောင့် ရခိုင်ပြည်က အပြောင်းအလဲတွေကနေတဆင့် မြန်မာ့နိုင်ငံရေး အပြောင်းအလဲကို မြင်လာရလိမ့်မယ်လို့ ကျနော်မြင်တယ်။

မေး။ ။ အာရက္ခပြည်သူတွေကိုရော ဘယ်လိုသတင်းစကား ပြောချင်ပါလဲ။

ဖြေ။ ။ အခုကတော့ ကျနော်တို့ အာရက္ခတိုင်းပြည်ဟာ အရင်ကလောင်းရိပ်မိနေတဲ့ အခြေအနေတွေမှာ ကိုယ့်တိုင်းပြည်၊ ကိုယ့်မြေ ၊ ကိုယ့်ရေကို ကိုယ့်စိတ်နဲ့ တည်ဆောက်ခွင့် မရရှိခဲ့ကြဘူး။ တည်ဆောက်ခွင့်ရမယ့် အခွင့်အရေးတွေကို ကျနော်တို့လွှတ်တော်လမ်းကြောင်းကနေ မျှော်မှန်းခဲ့ကြတယ်။ အဲဒီအချိန်မှာ ကျနော်တို့ မျှော်မှန်းချက်တွေ အိမ်မက်တွေကို လက်တွေ့ကျကျ အကောင်အထည်ဖော်လို့မရအောင်ထိ တားဆီးပိတ်ပင် ခံခဲ့ရတယ်။ ဒီအချိန်မှာတော့ ကိုယ့်လက်ကိုယ့်ခြေနဲ့ တည်ဆောက်မယ့် ဒီမြေဒီရေကို ကျနော်တို့ရဲ့ သွေးရင်းသားရင်း အာဇာနည်သူရဲကောင်းတွေက အသွေးအသားတွေနဲ့ ခန္ဓာကိုယ်တွေရင်းပြီး ယူပေးနေတဲ့ အချိန်ဖြစ်တယ်။

ကျနော်တို့ သိမ်းပိုက်လို့ရထားတဲ့ဒီမြေတွေကို ကျနော်တို့ ရခိုင်လူမျိုးတွေ အာရက္ခတိုင်းပြည် မှာရှိနေတဲ့ ကာလပတ်လုံး ကျနော်တို့တွေတည်တံ့နိုင်အောင် ထိန်းသိမ်းနိုင်အောင်၊ ပိုပြီးအားကောင်းတဲ့ လူ့အဖွဲ့အစည်းတစ်ခုဖြစ်အောင် အားလုံးဝိုင်းဝန်းပြီး ကြိုးစားရမယ့်အချိန်လို့ ကျနော်ထင်တယ်။ ရတဲ့နေရာ ကနေပြီး တော်လှန်ရေးလုပ်ငန်းစဉ်မှာ တိုက်ရိုက်မပါဝင်ရင်တောင်မှ တည်ဆောက်ရေးလုပ်ငန်းစဉ်တွေပေါ့၊ ကျနော်တို့မှာအစိုးရဆိုင်ရာ တည်ဆောက်ရေးလုပ်ငန်းစဉ်တွေရှိမယ်။ ပြည်သူနဲ့တိုက်ရိုက်တည်ဆောက်ရတဲ့ လုပ်ငန်းစဉ်တွေ အများကြီးရှိပါတယ်။ ဒီနေရာတွေမှာ နိုင်တဲ့ဘက်ကနေ ပါဝင်ပူးပေါင်းလို့ အလုပ်လုပ်ရမယ့် အချိန်လို့ထင်တယ်။

ဗိုလ်ချုပ်(ထွန်းမြတ်နိုင်) ပြောထားတာတစ်ခုရှိတယ်။ ကျနော်ကတော့ ဒါကိုနှလုံးသွင်းထားတယ်။ အရိပ်လိုရင် နေပူကထိုင်စောင့်ရတယ်ဆိုတဲ့ ခေါက်ရိုးကျိုးနည်းတွေနဲ့သွား လို့မရဘူး။ အရိပ်လိုရင် နေပူကထိုင်စောင့် ရတာမျိုး မဟုတ်ဘူး။ နေပူကအလုပ်​လုပ်ပြီး စောင့်ကြရမယ်။ ကျနော်တို့တွေဟာ အခက်အခဲတွေလည်း အများကြီး ဖြတ်သန်းပြီးပြီ။ ပေးဆပ်ရပေါင်း များနေပါပြီ။ ကျနော်တို့တွေဟာ ဆိုးဝါးတဲ့အတိတ်က ကံကြမ္မာ ဆိုးတွေနဲ့လည်း ရင်ဆိုင်ပြီးပြီ။ ရှေ့ဆက်ပြီး ကျနော်တို့တွေ ပိုကောင်းလာဖို့ပဲရှိတယ်။ ဒါကြောင့် အကောင်းကို ထိုင်စောင့်နေရမယ့် အခြေအနေမျိုးမဟုတ်ဘဲ နိုင်ရာဘက်ကနေပူးပေါင်းပါဝင်ပြီး ဒီတိုင်းပြည်ကို အလှဆုံး ပုံဖော်ထုဆစ်ရကြအောင်လို့ ကျနော်တို့ ပြည်သူတွေကို သတင်းကောင်းပါးချင်ပါတယ်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here