S&C မီးဘေး၊ စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ခံနှင့် အမေးအဖြေ
စစ်ကိုင်းတိုင်းဟာ အာဏာသိမ်းစစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခံရမှု အများဆုံးဒေသ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့လို့ ဒုက္ခရောက်နေကြတဲ့ အရာတော်၊ ယင်းမာပင်၊ ဒီပဲယင်း၊ ရေဦး၊ တည့်ဆည်၊ ဆားလင်းကြီး၊ ရွှေဘိုမြို့နယ်တွေထဲက မီးဘေးသင့်နဲ့ စစ်ဘေးရှောင်ပြည်သူတွေကို S&C မီးဘေး၊ စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က နေအိမ်ပြန်ဆောက်ပေးတာတွေနဲ့ အခြားသော လိုအပ်တဲ့ အကူအညီတွေ လုပ်ဆောင်ပေးလျက် ရှိပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက လက်ရှိစစ်ဘေးရှောင်တွေရဲ့ အခြေအနေတွေ၊ အဖွဲ့ရဲ့ထောက်ပံ့ကူညီမှု လုပ်ဆောင်နေတာတွေ၊ နယ်မြေအတွင်း လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး S&C မီးဘေး၊ စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ခံ ကိုစိုးမိုးအောင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ S&C အဖွဲ့က စစ်ကိုင်းတိုင်းမှာ လက်ရှိ ကူညီဖြစ်နေတာတွေကို အရင်ဆုံးပြောပြပေးပါဦး။
ဖြေ။ ။ စစ်ကိုင်းတိုင်းအတွင်းမှာ ကျနော်တို့ မီးဘေး၊ စစ်ဘေး၊ ပညာရေးအပြင် အခုနောက်ပိုင်းမှာ ကျန်းမာရေးပါ ပါလာပြီပေါ့ဗျာ။ အခုနောက်ပိုင်းမှာ အဲ့ဒါတွေကို အဓိကထား ကူညီတယ်။ အခုလက်ရှိကတော့ ကျနော်တို့ မိုးကာတွေကို ဝေမျှပေးနေတယ်။ ပညာရေးအတွက်ဆိုလည်း စာသင်ခုံတွေ လှူဒါန်းနေတယ်။ နောက် မီးရှို့ခံရတဲ့ ကျောင်းတွေမှာ စာသင်ခုံတွေ မရှိတော့တဲ့အတွက် စာသင်ခုံတွေ၊ ကျောင်းဆောင်တွေ ပြန်ဆောက် ပေးနေတယ်။ ကျန်းမာရေးနဲ့ ပတ်သက်လာရင်တော့ အခုလက်ရှိ ကျနော်တို့ အခမဲ့ဆေးခန်း ဖွင့်ပေးထားတယ်။ တရက်တရက်ကို လူနာကတော်တော်များတယ်။ ၁၅ ယောက် ကနေပြီးတော့ အယောက် ၅၀၊ ၆၀ အထိ ရှိတယ်ပေါ့လေ။ နောက်ပြီး အော်ဂဲနစ်စိုက်ခင်းတွေလည်း ကျနော်တို့ စိုက်ပျိုးပေးနေတယ်။ ရိုးရိုးစိုက်ခင်းလည်း ပါတယ်။ ဒါတွေကို ကျနော်တို့ လုပ်ပေးနေပါတယ်။
မေး။ ။ စစ်ကိုင်းမှာ လက်ရှိစစ်ဘေးရှောင်ဦးရေနဲ့ ပတ်သက်ပြီး အဖွဲ့အနေနဲ့ အချက်အလက်ကောက်ယူထား တာများ ရှိပါလား။ ဒေသတွင်း စစ်ရှောင်တွေအနေနဲ့ရော လျော့သွားတာမျိုးရှိလား၊ တိုးလာတာပဲ ရှိတာလား။
ဖြေ။ ။ အခုအခြေအနေကတော့ စာရင်းအချက်အလက်ကတော့ တချို့နေရာလောက်ပဲ ရှိတယ်။ များလွန်း တော့လည်း တချို့နေရာတွေက မမှီဘူးဗျ။ အခုကတော့ ဆားလင်းကြီးနဲ့ ယင်းမာပင်မှာ စစ်ရှောင်တိုးလာတယ်။ ဒီပဲယင်းနဲ့ ရွှေဘိုထဲမှာကတော့ စစ်ရှောင်ဦးရေက ပြန်လျော့ကျသွားပါတယ်။ ကာလတို စစ်ရှောင်လျော့ကျ သွားတာပေါ့။ အခုဖြစ်နေတာက စစ်ကြောင်းက ယင်းမာပင်နဲ့ ဆားလင်းကြီးဆိုတော့ အဲ့နေရာတွေမှာ ပြန်တိုး လာပါတယ်။

မေး။ ။ စစ်ကောင်စီဗုံးကြဲတိုက်ခိုက်လို့ လူဦးရေ ရာကျော်သေဆုံးခဲ့ရတဲ့ ပဇီကြီးရွာဘက်ကို အဖွဲ့အနေနဲ့ အရင်လတွေတုန်းက သွားကူခဲ့တယ်ဆိုတော့ ပဇီကြီးရွာ ပြန်လည်ထူထောင်ရေးအခြေအနေကရော လက်ရှိမှာ ဘယ်လိုရှိနေပါလဲ။
ဖြေ။ ။ ပဇီကြီးအခြေအနေကတော့ အခုကတော့ ငြိမ်သက်နေဆဲလို့ပဲ ပြောရမှာပေါ့။ ငြိမ်သက်နေဆဲဆိုတာက အကောင်းဘက်ကိုတော့ ပြန်မရောက်သေးဘူးဗျ။ လက်ရှိကတော့ ရွာကို ပြန်ကပ်လို့မရတော့ဘူး။ ရွာကို စွန့်ခွာ ပြီးတော့ပဲ နေ,နေရတဲ့ အနေအထားပေါ့။ စားသောက်တာ၊ ဘာညာကတော့ အရင်လိုတော့ မခက်ခဲတော့ဘူး။ အားလုံး အဆင်ပြေသွားပြီ။ ဒါပေမယ့် နေရတာကတော့ တောထဲပေါ့။ စိုးရိမ်ရတာက အခုအခြေအနေဆိုရင် ရာသီတုပ်ကွေးတွေ ဝင်နိုင်တယ်။ နောက် ပိုးထိပြီးဆုံးတာတွေ အများကြီးပဲဗျ။ အဲ့ဒီအန္တရာယ်နဲ့ အခုကျန်းမာရေးအရဆိုရင် တောထဲမှာနေရတာက ဒါစိုးရိမ်ရတဲ့အနေအထားမှာ ရှိတယ်။
ကျန်တဲ့အနေအထားက ပြောရမယ်ဆိုရင် နေသားကျနေပြီလို့တောင် ပြောလို့ရနေပြီပေါ့လေ။ ရွာတော့ ပြန်မနေရဘူး တောထဲမှာ ဖြစ်သလိုပဲ အိပ်နေရတယ်။ ဗုံးကြဲမှုကြောင့် သေဆုံးခဲ့ရတဲ့ မိသားစုတွေရဲ့ ကျန်တဲ့ကလေးတွေ ကျတော့လည်း နီးစပ်ရာဆွေမျိုးဆီပေါ့ ဦးလေး၊ အဒေါ်၊ အဖိုးတွေအဖွားတွေဆီမှာ ရောက်သွားကြပြီ။ မိမဲ့ဖမဲ့ကလေးတွေကတော့ မရှိတော့ဘူးဗျ။ စိတ်ချရတဲ့သူ မွေးစားမယ့် ဆွေးမျိုးနီးစပ် တွေဆီမှာ သူ့နေရာနဲ့သူ ရောက်သွားကြပါပြီ။
မေး။ ။ လက်ရှိ စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီတပ်အခြေအနေနဲ့ ဒေသခံတွေရဲ့ အခြေအနေကို ပြောပြပေးပါဦး။
ဖြေ။ ။ ဒီကောင်တွေ (စစ်ကောင်စီအဖွဲ့) လာရင်တော့ ပြေးရတာပဲဗျ။ သူတို့နဲ့နီးစပ်ရာမှာ ဘယ်သူမှ မနေကြဘူး။ လာရင် အိုးပစ်အိမ်ပစ် ပြေးကြတာပဲ။ အတူယှဉ်တွဲနေထိုင်တဲ့ အနေအထားမျိုးကတော့ ကျနော်တို့ အညာဘက်မှာ မရှိသလောက်ကို ဖြစ်သွားပြီ။ ဘာလို့ဆို တခုမဟုတ်တခု လုပ်သွားကြတာ။ နောက်ပိုင်း လူသတ်တာတွေပါ တောက်လျောက်လုပ်တာတော့ သူတို့ဝင်ပြီဆို ပြေးကြတာပဲ။ အခုဖြစ်နေတာက စစ်ကြောင်းထိုး ဝင်ရောက်မှုက ယင်းမာပင်နဲ့ ဆားလင်းကြီးဘက်ကို ဖြစ်နေတယ်၊ များနေတယ်။ ရွှေဘိုနဲ့ ဒီပဲယင်းဘက်ကို သိပ်မရှိဘူး။ ခင်ဦးဘက်တော့ နည်းနည်းရှိမယ်။ တလှည့်စီပေါ့ဗျာ အဲ့လိုဖြစ်နေတာ။
မေး။ ။ မိုးတွင်းလည်း ရောက်ပြီဆိုတော့ စစ်ကိုင်းတိုင်းထဲက စစ်ဘေးရှောင်တွေ နေထိုင်စားသောက်မှု အတွက်ရော အခြေအနေ ဘယ်လိုရှိပါလဲ။ မိုးတွင်းအတွက် အရေးပေါ် လိုအပ်နေတာမျိုးရော ရှိပါလား။
ဖြေ။ ။ မိုးတွင်းဆိုတော့ ကျနော်တို့ ကြိုတင်ပြီးတော့ လုပ်ရမှာက စားသောက်ကုန်၊ မိုးကာ၊ ဆေးဝါးတွေ အဓိက အဲ့ဒါတွေကို ကြိုတင်ပြီးမှ လုပ်မှရမယ်။ နေရေးထိုင်ရေးကတော့ ကျနော်တို့လုပ်နေတဲ့နယ်တွေမှာ ရွှေဘိုနဲ့ ဒီပဲယင်းက အိမ်ခြေအလုံး ၈၀၀ ကျော်ပြီး သွားပြီ။ (ပြန်တည်ဆောက်ပေးထား) ဆိုတော့ နေရေးထိုင်ရေး အတွက်က သိပ်ပူစရာ မလိုတော့ဘူး။ ရေရှည်စားသောက်ရေးအတွက်ပဲ လိုတော့တယ်။ ဆားလင်းကြီးတို့ ညောင်ပင်ကြီးတို့ ဘက်ကတော့ အားလုံးလိုအပ်ပါသေးတယ်။

မေး။ ။ စစ်ကောင်စီ မီးရှို့သွားတဲ့ရွာတွေအတွက် အိမ်ခြေ ၈၀၀ ကို အဖွဲ့က ပြန်တည်ဆောက်ပေးထားတယ် ဆိုတော့ အဲ့ဒီပြန်တည်ဆောက်ပေးထားတဲ့ အိမ်တွေကိုရော စစ်တပ်က နောက်ထပ် လာဖျက်တာမျိုး ကြုံတွေ့ရ သေးလားရှင့်။
ဖြေ။ ။ အဲ့လိုတော့ မကြုံရသေးဘူးဗျ။ ကျနော်တို့ Target ထားတာ အိမ်အလုံး ၁၀၀၀၊ အခု ၈၀၀ ကျော်ပြီး ၉၀၀ ကို ပြည့်တော့မယ်။ အိမ်တွေကုန်ကျစားရိတ်က တလုံးမှ ၂ သိန်း ကျော် ဆိုတော့ တဲသာသာပါပဲ။ အဲ့တော့ ဒီကောင်တွေက အိမ်ကြီးအိမ်ကောင်းမှသာ သူတို့ ခိုးလို့ရမယ်၊ နှိုက်လို့ရမယ်ဆိုတဲ့ ဟာမျိုးပေါ့။ သူတို့ ရပေါက်ရလမ်းရှိတဲ့ အိမ်တွေကိုသာ သူတို့ မီးရှို့တာ။ နောက်တခေါက် ဝင်လာရင်လည်း ကျန်ခဲ့တဲ့ အိမ်ကြီး အိမ်ကောင်းတွေကို နောက်တခေါက် ထပ်ရှို့တယ်။ သူတို့က ရှို့ရင်လည်း ရွာလုံးကျွတ်တွေ ရှို့ခဲ့တာဆိုတော့ ရှို့ပြီးရင်လည်း ပြန်မဝင်တာ များပါတယ်။ ဒါကြောင့် တဲအိမ်လေးတွေကို ဘာမှတော့ လုပ်သွားတာ မရှိဘူးဗျ။
မေး။ ။ စစ်ကိုင်းတိုင်းအတွက် ပြည်သူတွေရဲ့ ထောက်ပံ့ကူညီမှုကရော ဘယ်လိုရှိနေပါလဲ။
ဖြေ။ ။ လူထုပါဝင်မှုက ကျနော်တို့အတိုင်းအတာနဲ့ ဆိုရင်တော့ မဆိုးဘူး ပြောရမှာပဲဗျ။ လူထုပါဝင်မှု အားကောင်းကြတယ်။ ဒီဘက်မှာကျတော့ ကျနော်တို့အဖွဲ့အစည်းက သီးသန့်လို ဖြစ်နေတာဆိုတော့ NUG ရဲ့ လူသားချင်းစာနာ အကူအညီတွေမှာတော့ ပိုပါဝင်ကြတယ်။ ဒါပေမယ့် NUG အစိုးရအနေနဲ့ မြေပြင်မှာ လုပ်နေတာကြတော့ ထိရောက်မှုအားက နဲနဲနည်းနေသေးတယ်။ ထိရောက်မှု နည်းတယ်ဆိုတာက သူတို့ ခန့်အပ်ထားတဲ့ မြို့နယ်၊ ခရိုင်၊ တိုင်း တာဝန်ခံအသီးသီးရဲ့ အားစိုက်မှုတွေတော့ နည်းနည်းလိုနေသေးတယ်။ အဲ့ဒါလေး အားစိုက်လုပ်နိုင်မယ်ဆိုရင်တော့ စစ်ကိုင်းတိုင်းက တော်တော်လေးကို ပြန်ပြီးတော့ ထူထောင် လာနိုင်မှာပါဗျ။
မေး။ ။ စစ်ကိုင်းတိုင်းအတွင်း အခြေအနေတွေနဲ့ပတ်သက်ပြီး ဘာများဖြည့်စွက်ပြောချင်ပါသေးလဲ။
ဖြေ။ ။ စစ်ကိုင်းတိုင်း ပြန်လည်ထူထောင်ရေးအတွက် ပြည်သူတွေအားလုံး ပါဝင်မှသာရမယ်။ NUG ဘက်က လူတွေကလည်း တိုက်ခိုက်ရေး အပြင်ကို ဒီလူသားစာနာတွေဘက်ကိုပါ သေချာမြေပြင်ကွင်းဆင်းပြီးတော့ ကြည့်စေချင်ပါတယ်။ လိုအပ်မှုတွေကို လိုအပ်တဲ့နေရာမှာ သေချာလေး ဖြည့်ဆည်းပေးဖို့တော့ ကျနော်တို့ အကြံပြုချင်ပါတယ်။
ရှမ်းနီအသံ ပေးပို့သည်။