နိုင်ငံတစ်ဝန်းကအကျဉ်းထောင်များထဲ အကျဉ်းသားများကြုံတွေ့နေရသည့် ဖိနှိပ်ခံရမှု၊ ထောင်တွင်းကန့်သတ် ချက်များနှင့် အကျဉ်းစံသက်ကြီးထောင်သားများ၏ အခြေအနေနှင့်ပတ်သက်ပြီး PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးနှင့် တွေ့ဆုံမေးမြန်းချက်။
လက်ရှိ မြန်မာနိုင်ငံကအကျဉ်းထောင်များထဲတွင် အကျဉ်းသားများ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားများသည် ဖိနှိပ်မှုများ၊ ခွဲခြားဆက်ဆံရမှုမျိုးစုံနှင့် ရင်ဆိုင်နေရကြောင်း သတင်းမီဒီယာများတွင် ဖော်ပြလျက်ရှိသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြောင်းအမျိုးမျိုးနှင့် ဖမ်းဆီးထောင်ချခံထားရသူများထဲတွင် နိုင်ငံရေး အကျဉ်းသားများအပေါ် ထောင်အာဏာပိုင်များ ယုတ်မာမှု၊ ဖိနှိပ်မှုများက အဆိုးဆုံးအနေအထား ရောက်နေသည်ဟု ဆိုရမည်ဖြစ်သည်။
လက်ရှိတွင်လည်း နိုင်ငံတစ်ဝန်းက အကျဉ်းထောင်များထဲတွင် အကျဉ်းသားများ ကြုံတွေ့နေရသည့် ဖိနှိပ်ခံရမှု အခြေအနေ၊ ထောင်တွင်းကန့်သတ်ချက်များနှင့် အကျဉ်းစံသက်ကြီးထောင်သားများ၏ အခြေအနေတို့ကို မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးနှင့် ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ လက်ရှိနိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေမှာ အကျဉ်းသားတွေကို ဖိနှိပ်တဲ့အခြေအနေ ဘယ်လိုရှိလဲ ပြောပြပေးပါ။
ဖြေ။ ။ ဒီနှစ်ထဲမှာ အမျိုးသား နိုင်ငံရေးအကျဉ်းသားတွေကို အဓမ္မပြုကျင့်တာတွေ၊ LGBT နိုင်ငံရေးအကျဉ်းသားတွေကို လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်တာတွေ၊ လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်တာတွေ၊ အကျဉ်းဦးစီးဌာနက ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ဆောင်ရွက်နေတာ တွေ့ရပါတယ်။ နိုင်ငံရေးအကျဉ်းသူအမျိုးသမီးတွေ အပေါ်မှာလည်း ဆိုးဆိုးဝါးဝါးဖိနှိပ်တဲ့နှစ်လည်းဖြစ်တယ်။
နေထိုင်စားသောက်ရာမှာလည်း လုံလောက်တဲ့အာဟာရ မရရှိတဲ့အတွက် ကိုယ်ခံအားကျဆင်းတာတွေ နေမကောင်း ဖြစ်တာတွေ နောက်မိသားစုကပေးပို့တဲ့ဆေးဝါးတွေကို ပို့လို့မရတာတွေ ဒီလိုပုံစံမျိုးနဲ့ ဖိနှိပ်နေတယ်လို့ ဆိုးဝါးလာတာဖြစ်တယ်လို့ ပြောလို့ရပါတယ်။
မေး။ ။ အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားအပါအဝင် အကျဉ်းသားတွေဟာ ဘယ်လိုမျိုး ဖိနှိပ်မှုတွေကို ရင်ဆိုင်ကြုံတွေ့နေရလဲ။
ဖြေ။ ။ ထောင်ထဲမှာ ချိုးရေ ကန့်သတ်ချက်တွေပေါ့။ ရေ ဝဝလင်လင် မချိုးရဘူး။ ပုံစံအနေနဲ့ ချိုးရတာတွေ။ နောက် အသားဟင်းကျွေးရမယ့်ရက်တွေမှာ အသားဟင်းမကျွေးဘူး။ ဈေးသက်သာတဲ့ ကြက်ဥလိုဟာတွေ ကျွေးတာ၊ အသားတုံးတွေကိုလည်း ကျွေးရမယ့်ပမာဏမကျွေးဘူး၊ လျော့ကျွေးတာ။ ဒီလိုတွေလည်းရှိတဲ့အပြင် အကျဉ်းသားတွေအားလုံးကို ထောင်အာဏာပိုင်တွေက အပြင်လုပ်ငန်းတွေကို ကန်ထရိုက်ယူပြီး မြေပဲခွံခွာတာတို့ ငရုပ်သီးအညှာချွေတာစတဲ့လုပ်ငန်းတွေ လုပ်ခိုင်းတဲ့ကိစ္စတွေကလည်း အကျဉ်းသားအတော်များများ ရင်ဆိုင် နေရတဲ့ဖိနှိပ်မှု ဖြစ်ပါတယ်။ ထောင်အာဏာပိုင်တွေရဲ့ အကျိုးစီးပွားအရ ခိုင်းစေခံနေရတဲ့ အခြေအနေမျိုးလည်း အကျဉ်းသားအားလုံး ရင်ဆိုင်နေရတယ်လို့ ပြောပြချင်ပါတယ်။
မေး။ ။ ထောင်တွင်းမှာ နေထိုင်စားသောက်ရေးနဲ့ ပတ်သက်တဲ့လို့ ရေမလုံလောက်တာအပြင် ဆေးဝါး ကန့်သတ်ချက်တွေကြောင့် ဘယ်လိုအခက်အခဲတွေ ရှိနေကြပါလဲ။
ဖြေ။ ။ အာဏာသိမ်းပြီးနောက် သတ်မှတ်အရေအတွက်ထက် ကျော်လွန်တဲ့ပြည်သူတွေကို ဖမ်းပြီးထားတယ်။ နိုင်ငံရေးအကျဉ်းသားအနေနဲ့ မှတ်တမ်းတင်ထားတာတောင် နှစ်သောင်းခွဲကျော်နေပြီ။ စာရင်းမတင်ရသေး တာလည်း ရှိနိုင်သေးတယ်။ လူဦးရေ ၅၀ လောက်ထားရတဲ့အခန်းမှာ လူဦးရေ ၁၀၀ ကျော်လောက်ထားတယ်။ အိပ်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ပူးကပ် ကြပ်ညပ် အိပ်နေကြတဲ့အဖြစ်တွေရှိတယ်။ ဒါကြောင့် ပွေး၊ ဝဲ၊ ယားနာ ကူးစက်မှုတွေ ထောင်တွေမှာပိုပြီးများလာတယ်။ ရေကိုကန့်သတ်မှုတွေ အလုံအလောက်ချိုးဖို့ ခွင့်မပြုတော့ ပွေးဝဲယားနာတွေ ဖြစ်လာတော့ ထောင်အာဏာပိုင် တွေက ဆေးဝါးတွေမပေးတော့ ထောင်နဲ့ပွေး၊ ဝဲ၊ ယားနာက ဒွန်တွဲပြီး ဖြစ်လာတယ်လို့ ပြောချင်ပါတယ်။ ဒါတွေက ထောင်တွင်းဆေးဝါးကန့်သတ်ချက်တွေကြောင့် ဖြစ်ရတာလို့ ပိုပြီးမြင်နိုင်မယ့်အရာ ဖြစ်ပါတယ်။ စနစ်တကျနဲ့ ဆေးဝါးစောင့်ရှောက်မှုပေးမယ်ဆို ဒီလိုရောဂါတွေ လျော့ကျသွားမယ်လို့ မြင်ပါတယ်။
မေး။ ။ ထောင်ဝင်စာပေးပို့မှုနဲ့ ဆေးဝါးကန့်သတ်ချက်တွေကြောင့် ဒေါက်တာဇော်မြင့်မောင်တို့လို ဝန်ကြီးတွေ အသက်ဆုံးရှုံးခဲ့ရတာနဲ့ပတ်သက်ပြီး PPNM အနေနဲ့ ဘယ်လိုမြင်ပါလဲ။
ဖြေ။ ။ ဒီနေ့ကြားရတဲ့သတင်းမှာ နိုင်ကျဉ်းတစ်ဦးဆုံးတယ်လို့ သိရတယ်။ ထောင်ထဲမှာ သောက်သုံးရေ သန့်ရှင်းမှု မရှိတာတွေကြောင့် ကျောက်ကပ်ပျက်စီးတာတွေရှိတယ်။ နာတာရှည်ရောဂါသမားတွေလည်း ထောင်တွင်းစောင့်ရှောက်မှု အပြည့်မရတဲ့အတွက် ထောင်ထဲမှာကျန်းမာရေးဆိုးဝါးလာပြီး သေဆုံးတာတွေ ရှိသလို ရောဂါအရေးပေါ်ဖြစ်ရင် အချိန်နဲ့တပြေးညီကုသမှုမရှိတာ အပြင်ဆေးရုံမှာ ပို့ဆောင်မှုမရှိတာတွေ ကြောင့်လည်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေက အသက်တွေပေးနေကြရပါတယ်။
ဒီပုံစံအတိုင်းသာဆက်ပြီးသွားရင် တော်လှန်ရေးအောင်မယ့်အချိန်မှာ နိုင်ကျဉ်းတွေ ထောင်ထဲမှာသေဆုံးသွားတဲ့ အတွက် မိသားစုဝင်တွေဆီ ပြန်မရောက်နိုင်မယ့်သူတွေ ထွက်လာမယ့်သားသမီးကို စောင့်မျှော်နေမယ့်သူတွေ အတွက် စဉ်းစားကြည့်ရင် ဝမ်းနည်းဖွယ်ကောင်းတဲ့ဖြစ်ရပ်တစ်ခု ဖြစ်နေပါတယ်။ ထောင်ထဲဆေးဝါး စောင့်ရှောက် မှုပေးဖို့ ကျွန်တော်တို့တောင်းဆိုနေတဲ့အချက်ကို အကျဉ်းဦးစီးဌာနအနေနဲ့ အမြန်ဆုံးလုပ်ဆောင်ပေးဖို့ လိုအပ် တယ်လို့ ပြောချင်ပါတယ်။ အပြုသဘောဆောင်တဲ့ လုပ်ဆောင်မှုတွေကို အကျဉ်းဉီးစီးဌာနက မလုပ်သ၍တော့ ထောင်တွင်းသေဆုံးမှုတွေ ဒီထက်ပိုမြင့်တက်လာဖို့ပဲရှိတယ်လို့ ပြောချင်ပါတယ်။
မေး။ ။ အခုလို ကန့်သတ်မှုတွေနဲ့ ဖိနှိပ်မှုတွေကြောင့် သက်ကြီးပိုင်းနိုင်ငံရေးအကျဉ်းသားတွေရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေရော ဘယ်လိုရှိပါလဲ။
ဖြေ။ ။ လူငယ်၊လူလတ်ပိုင်းတွေတောင် ထောင်ထဲကျန်းမာရေးလုံလောက်စွာမရလို့ သေဆုံးနေကြရတာ ဖြစ်တယ်။ ထောင်ထဲက သက်ကြီးရွယ်အိုတွေ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လိုမျိုး သက်ကြီးနိုင်ကျဉ်းတွေ များစွာရှိပါတယ်။ ငယ်ရွယ်သူတွေတောင် ထောင်ထဲကျန်းမာရေးစောင့်ရှောက်မှု မရလို့ ကိုယ်ခံအားကျသေဆုံးရတဲ့ အခြေအနေမျိုးမှာ သက်ကြီးနိုင်ကျဉ်းတွေအတွက်တော့ စိုးရိမ်ဖွယ်ကောင်းတဲ့ နှစ်တစ်နှစ် ဖြစ်တယ်။
မေး။ ။ နောက်ဆုံးအနေနဲ့ အကျဉ်းသားတွေနည်းတူ ဖိနှိပ်ခံနေရတဲ့ နိုင်ငံရေးအကျဉ်းသူတွေရဲ့အခြေအနေရော ဘယ်လိုရှိပါလဲ။
ဖြေ။ ။ တော်လှန်ရေးကာလကြာလာတာနဲ့အမျှ နိုင်ကျဉ်းတွေ အထူးသဖြင့် သက်ကြီးနိုင်ကျဉ်းတွေ ထောင်တွင်းသေဆုံးမှုတွေ ပိုမိုများပြားလာတဲ့ အခြေအနေတစ်ခုနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောချင်ပါတယ်။
သံလွင်တိုင်းမ် ပေးပို့သည်။