“တောင်သူလယ်သမားတွေဘက်က စိုက်ပျိုးရေ မျိုးစေ့တွေ ပါသွားတာရှိတယ်။ မျိုးစေ့တွေ မုန်တိုင်းမှာ ပါသွားတဲ့ အခါ တောင်သူလယ်သမားတွေမှာ မျိုးစေ့ ဘယ်လိုရနိုင်မလဲ။ တောင်သူလယ်သမားတွေ စပါးစိုက်နိုင်မှ အဆင်ပြေမယ်” ဦးခိုင်ပြည်စိုး

0
325
Photo - DMG

မုန်တိုင်းဒဏ်သင့် ပြန်လည်ထူထောင်ရေး လက်ရှိအခြေအနေအပေါ် ကူညီပေးသူများ၏ မြေပြင်အတွေ့အကြုံများ

မိုခါမုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူတို့မှာ စားနပ်ရိက္ခာ၊ အမိုးအကာနှင့် အခြားပစ္စည်းများ အရေးပေါ် လိုအပ်မှုကို စစ်ကောင်စီ၊ ULA/AA နှင့် ဒေသတွင်းအရပ်ဖက်အဖွဲ့အစည်းများက ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသော်လည်း လိုအပ်ချက်များစွာ ရှိနေသည်။

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်မြောက်ပိုင်း စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော စသည့် မြို့နယ်များရှိ ကျေးရွာများတွင် အိမ်ခြေ စုစုပေါင်း ၂၁၆, ၆၈၁ ဆောင် ပျက်စီးသွားပြီး ဒေသခံပြည်သူ ၁, ၂၀၀, ၀၀၀ (တစ်သန်း နှစ်သိန်း) ကျော် ထိခိုက်နစ်နာခဲ့ကြသည်။

မုန်တိုင်းဒဏ်သင့်ပြည်သူ့ဘဝ လတ်တလော ပြန်လည်ထူထောင်နေမှုနှင့် ပတ်သက်ပြီး ရခိုင်ဒေသ အရပ်ဘက် လူမှုကူညီရေးအဖွဲ့များ နှင့် တပိုင်တနိုင် ကူညီပေးနေသူများ၏ မြေပြင်အတွေ့အကြုံများ ကို DMG က မေးမြန်းဖော်ပြလိုက်သည်။

ဦးခိုင်ပြည်စိုး ( ထိပ်ပိုင်းခေါင်းဆောင် – ရခိုင်အမျိုးသား ပါတီ/ ANP)

အဓိကက ကျေးလက်ဒေသတွေကို ကျနော်တို့မေးကြည့်တဲ့အခါ အစိုးရ (စစ်ကောင်စီ) ပိုင်းက ထိထိ ရောက်ရောက်ဆိုတာထက် ပြည်သူကို အာရုံစိုက်မှု လိုအပ်သေးတယ်လို့ မြင်တယ်။ နောက်တစ်ခုက အမိုးအကာအပိုင်းမှာဆိုရင် သူတို့ဘာသာ ကြံဖန်ပြီးလုပ်နေ ကြရတယ်။ နိုင်ငံတော် အစိုးရဘက်က ကျေးလက်မပြောနဲ့ အထူးသဖြင့် စစ်တွေမြို့ ပေါ်မှာတောင် ဘာမှ ထိထိရောက်ရောက် မလုပ်နိုင်တဲ့အခါမှာ အစိုးရ(စစ်ကောင်စီ) အုပ်ချုပ်ရေးနဲ့ အလှမ်းဝေးတဲ့ ကျေးလက်မှာဆို ပိုဆိုးတာပေါ့။ အဲဒါတွေကို မြေပြင်ကွင်းဆင်းတဲ့အခါ ကျနော်တို့ တွေ့ရတယ်။

နံပါတ် ၁ အချက်က မကြာခင်မှာ မိုးရွာတော့မယ်။ အဲတော့ တချို့ ပိုက်ဆံရှိတဲ့ လူတွေမှာ တာပေါ်လင်စ ဖြစ်ဖြစ် လုံလုံခြုံခြုံ မိုးနိုင်တာပေါ့။ ကျေးလက်မှာ လက်လုပ်လက်စားတွေ ရှိတယ်။ သူတို့မှာ အိမ်အဆောင်လိုက် ပါသွား တာ။ ဒီလို လက်လုပ်လက်စားတွေ၊ တကယ်အခက်အခဲရှိတဲ့ လူတွေကို တိုင်လေးတွေနဲ့ အမိုးအကာလေး တစ်ခု လောက်လုပ်ပေးနိုင်ရင် ကောင်းမယ်။ နံပါတ် ၂ အချက်က အရပ်ဘက်လည်း မနိုင်တာတွေရှိတယ်။ ဒီဟာက နိုင်ငံတော်နဲ့ အဖွဲ့အစည်းတွေနဲ့ တကယ့်ကို ပူးပေါင်းပြီးတော့ လုပ်ရမယ့် ကိစ္စတွေ။ ကျန်းမာရေး ကိစ္စဆိုရင် သောက်သုံး ရေအပေါ်မှာ အဓိက မူတည်တယ်။ တချို့ရွာတွေမှာ ရေကန်ထဲက ရေတွေကို စက်နဲ့စုတ်ထုတ် လိုက်တဲ့အခါမှာ လတ်တလော သုံးဖို့ရေတောင် မရှိတော့တဲ့ အနေအထား။ မိုးကလည်း မရွာတော့ ပိုပြီးအခက်အခဲ ရှိသွားတာ။ ဒါကြောင့် တကယ့်ကို အခက်အခဲရှိတဲ့ နေရာတွေမှာ သောက်ရေသုံးရေ ရရှိရေး ကိုလည်း အင်နဲ့အားနဲ့ လုပ်ဆောင်သင့်တယ်။

နံပါတ် ၃ ပြည်သူတွေရဲ့ဘဝ ပြန်လည်ထူထောင်ဖို့ အပိုင်းကျတော့ ပြည်သူလူထုတစ်ရပ်လုံးကို ပြန်လည်ထူထောင်ဖို့ဆိုတာကတော့ တော်တော်လေး အချိန်ယူရမယ် ထင်ပါတယ်။ အဲဒီဟာက တောင်သူလယ်သမားတွေဘက်က စိုက်ပျိုးရေ မျိုးစေ့တွေ ပါသွားတာရှိတယ်။ မျိုးစေ့တွေ မုန်တိုင်းမှာ ပါသွားတဲ့ အခါ တောင်သူလယ်သမားတွေမှာ မျိုးစေ့ ဘယ်လိုရနိုင်မလဲ။ တောင်သူလယ်သမားတွေ စပါးစိုက်နိုင်မှ အဆင်ပြေမယ်။ အရင်ကချေးထားတဲ့ ငွေတွေကို ပိုပြီးတော့ ထုတ်ချေးပေးဖို့ လိုမယ်လို့ ထင်ပါတယ်။ အဲဒီတော့ အဓိက ကျေးလက်ဒေသကလူတွေ အတည်တကျ ပြန်မဖြစ်နိုင်ရင်တောင် ဘဝကို နည်းနည်းပါးပါး ရပ်တည်လို့ရအောင် သက်ဆိုင်ရာပုဂ္ဂိုလ်တွေက တာဝန်ယူပြီး လုပ်ကိုင်ပေးဖို့ လိုတယ်။

မအေးမာမာ (လူမှုရေး တက်ကြွလှုပ်ရှားသူ)

အခုအချိန်မှာ အဓိက လိုအပ်ချက်တွေကတော့ ရေ၊ အစားအသောက်နဲ့ အမိုးအကာတွေ ဖြစ်တယ်။ ပျက်စီးသွားတဲ့ဟာက အကုန်လုံးဆိုတော့ ပြန်လည်ထူထောင်ဖို့ ဆိုရင်တော့ တတ်နိုင်တဲ့ဘက်က ကူညီပေးဖို့ လိုပါတယ်။ ဒါတွေကတော့ နေရာတစ်ခုနဲ့ တစ်နေရာ မတူဘူး။ ဥပမာ- လယ်ယာတွေ ပျက်စီးသွားတယ်။ တခြား မွေးမြူရေးနဲ့ ပတ်သက်ပြီး ကျွဲ၊ နွားတွေ သေဆုံးတာတွေ ရှိတယ်။ ကျမတို့ အနေနဲ့ကတော့ အဓိက အရေးပေါ် လိုအပ်နေတဲ့ သောက်ရေသန့်တွေကို အမှန်တကယ် လိုအပ်နေသူတွေဆီကို ပေးတာ ရှိပါတယ်။ နောက်ပြီး အစား အသောက်တွေ ပေးတယ်။ အမိုးအကာတွေ ပေးနိုင်တာ ပေးပါတယ်။ ကျမတို့ မြေပြင်ဆင်းပြီး သောက်ရေသန့်တွေ လှူတဲ့အခါ ပုဏ္ဏားကျွန်းဘက်က ဝေးလံပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ရွာတွေကို သွားဖြစ်ပါတယ်။

ကိုဝင်းလှိုင် (အဖွဲ့ဝင် – မြောက်ဦးလူငယ်များ အစည်းအရုံး/ MUYA)

ကျနော်တို့က ကွင်းဆင်းပြီးလှူတာရှိတယ်။ နောက်ထပ် ရေ အကူအညီလိုအပ်လို့ ရွာက ကိုယ်တိုင် ဖုန်းဆက်ပြီး ပြောလာတာရှိတယ်ဆိုရင် ကားနဲ့သွားလှူတာ ရှိပါတယ်။ ကျနော်တို့မှာကတော့ အဓိက အခက်အခဲကတော့ ငွေးကြေးပါ။ ကားစရိတ်တစ်မျိုး၊ ရေစရိတ်ကတစ်မျိုး အဲဒီလိုရှိပါတယ်။ မြေပြင်မှာ ပြည်သူတွေရဲ့ လိုအပ်ချက်ကတော့ အမိုးအကာ၊ ရေနဲ့ စားနပ်ရိက္ခာတွေ ဖြစ်ပါတယ်။ ရွာတိုင်းမှာကတော့ အခက်အခဲ တစ်ခုမဟုတ် တစ်ခုရှိနေပါတယ်။ ဒီအခက်အခဲတွေကို ဖြေရှင်းဖို့ဆိုရင် အချိန်တစ်ခုယူပြီး လုပ်ရပါမယ်။ ငွေအရင်းအမြစ်လည်း လိုသလို လူအရင်းအမြစ်လည်း လိုမှာဖြစ်ပါတယ်။ ဆုံးရှုံး နစ်နာမှုတွေက အများအပြားဖြစ်တဲ့အခါ လတ်တလော ဖြေရှင်းလို့ ရမယ်တော့ မထင်ပါဘူး။ အခုလက်ရှိမှာ အစိုးရကလည်း သေသေချာချာ ထိထိရောက်ရောက် ဘာတစ်ခုမှလုပ်တာ မမြင်ဘူး။ အဲဒီလို အခြေအနေတွေ ရှိပါတယ်။

စစ်တွေမြို့ခံအမျိုးသမီး ( အဖွဲ့ဝင် – ခိုင်ပြည်လုံးဆိုင်ရာ လူငယ်အဖွဲ့အစည်းများကွန်ရက်/ AAYON)

လက်ရှိ မုန်တိုင်းသင့်ဒေသတွေကို ကယ်ဆယ်ရေး သွားကြတဲ့အခါ အခက်အခဲက ဘာတွေရှိလဲဆိုတော့ ပစ္စည်းတွေကို အလုံးအရင်း မရနိုင်တာတွေ ရှိတယ်။ စားနပ်ရိက္ခာဝယ်ယူတဲ့အခါ ဈေးနှုန်းတွေ မြင့်တက်နေတာ၊ ပစ္စည်းတွေ သယ်ယူရတဲ့အခါ လမ်းခရီး စရိတ်တွေ အဆင်မပြေတဲ့ အခက်အခဲရှိတယ်။ နောက်တစ်ခုက မိုခါရဲ့ရိုက်ခတ်မှုကြောင့် အကုန်လုံး ထိခိုက်မှု ရှိတာပေါ့။ ဒါပေမယ့် ကျမတို့ စားနပ် ရိက္ခာတွေ အကူအညီပေးတဲ့အခါ လူတိုင်းကို မပေးနိုင်တဲ့ အနေအထားရှိတယ်။ လုံးဝထိခိုက်ခံစားရတဲ့ လူတွေကို ရွေးချယ်ပြီးတော့ ပေးရတာ။ အကုန်လုံးက လိုချင်ပေမယ့် လူတိုင်းကို မပေးနိုင်တဲ့အခါ တော်တော်လည်း စိတ်မကောင်းဖြစ်ရတဲ့ အနေအထား ရှိတယ်။ ဒေသခံတွေ လိုအပ်ချက်တွေက ပထမဆုံး အစားအသောက်နဲ့ အမိုးအကာတွေ နောက်တစ်ခုက သောက်သုံးရေတွေ ဖြစ်တယ်။

စစ်တွေမြို့ခံလူငယ်အမျိုးသမီး (တပိုင်တနိုင် လူမှုကူညီရေးလုပ်နေသူ)

ပေါက်တောမြို့နယ်ဘက်မှာ လိုအပ်ချက်တွေ ရှိတယ်ဆိုတဲ့အတွက် သွားဖြစ်တာပါ။ အဲဒီမှာ လူတစ်ယောက်ကို ဆန် ၅ ဘူး ကျနဲ့ တစ်အိမ်ထောင်မှာ လူ ၅ ယောက်ရှိရင် ၅ ယောက် အဲလို ပေးတာပါ။ ဆီကတော့ တစ်အိမ်ထောင်ကို ၁ လီတာကျစီ ပေးပါတယ်။ ရွာ ၃ ရွာမှာရှိတဲ့ လူပေါင်း ၁,၀၅၇ ယောက်ကို သွားပြီးလှူဖြစ်တာပါ။ ကျမတို့က လူငယ်တွေလည်းဖြစ်တော့ ကိုယ့်ရခိုင်ပြည်နယ်မှာ ဒုက္ခ ရောက်နေတာကို ကိုယ့်ရခိုင် အချင်းချင်းတောင် အကူအညီမပေးရင် ဘယ်သူကလာပြီး ကူညီပေးမလဲ ဆိုတဲ့ ခံယူချက်နဲ့သွားတာ။ ကျမတို့ အလှူက ရွာသူရွာသားတွေအတွက် သဲတစ်ပွင့်လောက်ပဲ တန်ဖိုးရှိရှိ ရွာသားတွေအတွက် အကျိုးရှိမယ်။ အမှန်တကယ် အသုံးဝင်မယ်ဆိုတဲ့ ရည်ရွယ်ပြီးတော့သွားတာပါ။ အဲဒီ ရွာတွေမှာကတော့ အိမ်တွေ အခေါင်မိုးပွင့်သွားတာ၊ စာသင်ကျောင်းတွေ အခေါင်မိုးပွင့်သွားတာတွေ မြင်ခဲ့ရပါတယ်။ သူတို့အဓိက လိုအပ်နေတာကတော့ စားနပ်ရိက္ခာနဲ့ အမိုးအကာတွေပါပဲ။

အောင်ထိန် (DMG) ပေးပို့သည်

LEAVE A REPLY

Please enter your comment!
Please enter your name here