28 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“တိုက်ပွဲတော့ တခြားမဖြစ်တော့ဘူး။ ကြိုတင်ပြီး အကုန်ဖွင့်ပေးလိုက်တာ။ ကျနော်တို့ သိထားကြတာက KIA နဲ့ စစ်တပ်ညှိလိုက်ကြတယ်လို့ ကြားပါတယ်။ အဲဒါကြောင့် လမ်းဖွင့်ပေးလိုက်တယ်။...

“တိုက်ပွဲတော့ တခြားမဖြစ်တော့ဘူး။ ကြိုတင်ပြီး အကုန်ဖွင့်ပေးလိုက်တာ။ ကျနော်တို့ သိထားကြတာက KIA နဲ့ စစ်တပ်ညှိလိုက်ကြတယ်လို့ ကြားပါတယ်။ အဲဒါကြောင့် လမ်းဖွင့်ပေးလိုက်တယ်။ ဘာတိုက်ပွဲမှ မရှိတော့ပါဘူး။ လမ်းကြောင်းမှာပိတ်ဆို့ထားတဲ့ ရဲဘော်တွေတောင် အကုန်ပြန်ဆုတ်သွားတယ်” ဖားကန့်ဒေသခံတစ်ဦး

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်စစ်ကြောင်း ဖားကန့်သို့ရောက်ရှိလာချိန် ဖြစ်ပွားခဲ့သည့် စစ်ရေးအခြေအနေများနှင့်ပတ်သက်ပြီး ဖားကန့်ဒေသခံတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။

ကချင်ပြည်၊ ဖားကန့်မြို့ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် တစ်လကျော်အကြာ မေလ ၂၉ ရက်နေ့ ညနေပိုင်းတွင် ဖားကန့်မြို့၊ ဗျူဟာကုန်းကို ရောက်ရှိလာခဲ့သည်။

စစ်အင်အား ၅၀၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ပြီးခဲ့သည့် ဧပြီ ၂၅ ရက်နေ့ကစတင်၍ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

ဖားကန့်မရောက်ခင်လမ်းတလျှောက် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့်ပူးပေါင်းတပ်တို့က ခုခံတိုက်ခိုက် ရာက နေ့စဉ်နီးပါးတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်းပစ်အကူအညီဖြင့် စစ်ကြောင်း ၃ ခု ခွဲပြီး ဖားကန့်မြို့ဘက်ကို ထိုးတက်လာနိုင်ခြင်းလည်း ဖြစ်သည်။

စစ်ကြောင်းထိုးတက်လာသည့် စစ်ကောင်စီတပ်သည် မေလ ၂၇ ရက်နေ့တွင် ဖားကန့်မြို့အဝင် ယမ်းချက်စက်ရုံ နှင့်လယ်ပြင်ကျေးရွာဘက် ဝင်ရောက်လာပြီးနောက် မေလ ၂၈ ရက်တွင် ယမ်းချက်စက်ရုံကနေ ဖားကန့်မြို့တွင်း ဗျူဟာကုန်းဘက်ကို ဝင်ရောက်လာခြင်းလည်း ဖြစ်သည်။

ယမ်းချက်စက်ရုံမှထွက်ခွာလာချိန် လုံးခင်းကျေးရွာအရောက် မှော်ဆီစာနှင့် လုံးခင်းကျေးရွာအကြား စစ်ကောင်စီတပ်စစ်ကြောင်း ထွက်လာလို့မရအောင် KIA နှင့် တော်လှန်ရေးပူးပေါင်းတပ်များက ပိတ်ဆို့ တိုက်ခိုက်ခဲ့သည့်အတွက် လုံးခင်းကျေးရွာထဲ စစ်ကြောင်းပိတ်မိနေခဲ့သည်။

ပိတ်မိနေသည့် စစ်ကောင်စီစစ်ကြောင်းသည် လုံးခင်းကျေးရွာထဲရှိ အရပ်သားပြည်သူ ၂၀ ခန့်ကိုဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုခဲ့တာကြောင့် လက်နက်ကြီးထိမှန်ပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ယင်းအပြင် လုံးခင်းကျေးရွာ လမ်းမပေါ်သွားလာနေသည့် ဒေသခံပြည်သူတို့ကို စစ်ကောင်စီစစ်ကြောင်းက သေနတ်နှင့် ပစ်ခတ်ခဲ့ရာ ဒေသခံ ၅ ဦးထိ သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။

မေလ ၂၉ ရက်နေ့တွင် စစ်ကောင်စီစစ်ကြောင်းက ဖားကန့်ဗျူဟာကုန်းဘက်ကို ပြန်လည်ထွက်ခွာလိုသည့် အတွက် လုံးခင်းကျေးရွာရှိ ရပ်မိရပ်ဖတို့ကို ခြိမ်းခြောက်ပြောဆိုမှုရှိခဲ့သည်ဟု ဖားကန့်ဒေသခံတို့ကပြောသည်။ ဖားကန့်လုံးခင်းကျေးရွာထဲဖြစ်ပွားခဲ့သည့် စစ်ရေးအခြေအနေများနှင့်ပတ်သက်ပြီး လက်ရှိမြေပြင်တွင်ရှိနေသည့် ဖားကန့်ဒေသခံတစ်ဦးကို ဆက်သွယ်မေးမြန်းထားပါသည်။

ပုံစာ – ဖားကန့်၊ ဗျူဟာတပ်ထဲရောက်ရှိလာသည့် စစ်ကောင်စီတပ်စစ်ကြောင်း။

မေး။ ။ လုံးခင်းကျေးရွာထဲမှာ ဖြစ်သွားခဲ့တဲ့နောက်ဆုံးအခြေအနေလည်း ပြောပြပေးပါဦး။

ဖြေ။ ။ စစ်ကြောင်းက ဖားကန့်မြို့ထဲကိုရောက်သွားပြီ။ ဖားကန့်မြို့ထဲမှာ စစ်ကြောင်းခွဲဝေတာရှိတယ်။ စုပေါင်းရုံးထဲမှာရော ဖားကန့်မြို့ဝင်ဝင်ချင်း မြို့ဦးစေတီဘက်မှာလည်း ရှိတယ်။ နောက်ဆုံး အင်အားအများဆုံး ကတော့ ဗျူဟာကုန်းထဲကိုရောက်သွားပြီ။ အဲ့လိုပေါ့ သူ့ဟာနဲ့သူခွဲပြီးဝင်သွားကြပြီ။

မေး။ ။ ဖားကန့်ဗျူဟာကုန်းအထိ စစ်ကောင်စီတပ်စစ်အင်အား ဘယ်လောက်ထိပါသွားတာတွေ့ရပါလဲ။

ဖြေ။ ။ ကျွန်တော်တို့ခန့်မှန်းရသလောက်က အနည်းဆုံး ၁၀၀ ကျော်လောက်ရှိတယ်။ ကားတွေနဲ့လည်း ပါတယ် ဆိုတော့လေ။ ကားကတော့ ၄ စီး၊ ၅ စီးလောက်ရှိတယ်။ ၂၀၀ ဝန်းကျင်တောင်ရှိမလားမသိ။

မေး။ ။ လုံးခင်းကနေ ဖားကန့်ဗျူဟာကုန်းအထိ တက်သွားတဲ့လမ်းကြောင်းတလျှောက်မှာ တိုက်ပွဲဖြစ်ပွားတာမျိုးရှိသေးလား။

ဖြေ။ ။ တိုက်ပွဲတော့ တခြားမဖြစ်တော့ဘူး။ ကြိုတင်ပြီး အကုန်ဖွင့်ပေးလိုက်တာ။ ကျနော်တို့ သိထားကြတာက KIA နဲ့ စစ်တပ်ညှိလိုက်ကြတယ်လို့ ကြားပါတယ်။ အဲဒါကြောင့် လမ်းဖွင့်ပေးလိုက်တယ်။ ဘာတိုက်ပွဲမှ မရှိတော့ ပါဘူး။ လမ်းကြောင်းမှာပိတ်ဆို့ထားတဲ့ ရဲဘော်တွေတောင် အကုန်ပြန်ဆုတ်သွားတယ်။ အေးဆေးရောက်သွား တယ်ပေါ့။

မေး။ ။ လုံးခင်းမှာ စစ်ကြောင်းထွက်သွားတုန်းက လူသားဒိုင်းနဲ့ ဖမ်းဆီးသွားတဲ့သူတွေလည်းရှိတယ်လို့ ကြားတယ်။ ဘယ်လိုအခြေနေရှိပါလဲ။

ဖြေ။ ။ ဖမ်းဆီးခံရတဲ့သူတွေတော့ မရှိတော့ဘူး။ စစ်ကြောင်းအကုန်ထွက်သွားတဲ့အချိန်မှာ အားလုံးကိုပြန်လွှတ် လိုက်တယ်။ ထိခိုက်ဒဏ်ရာရရှိသွားတဲ့သူတွေတော့ ရှိပါတယ်။

မေး။ ။ အရပ်သားပြည်သူတွေက ဘယ်လိုအခြေအနေကိုကြုံတွေ့ခဲ့ရလဲ။ သေဆုံးသူရော ဘယ်လောက်ထိရှိပါလဲ။

ဖြေ။ ။ ကြုံတွေ့ခဲ့ရတာကတော့ အများကြီးပေါ့လေ။ ကျေးရွာထဲမှာပဲ ပစ်ကြခတ်ကြဆိုတော့ အရပ်သားတွေ ကြီးပဲ ပစ်သတ်ခံရလို့သေဆုံးတာ ၅ ဦးရှိပါတယ်။ ဒဏ်ရာရရှိသူက ၇ ဦးရှိပါတယ်။ သေဆုံးတဲ့ ၅ ဦးထဲမှာ အမျိုးသမီးတစ်ဦး ပါဝင်ပါတယ်။

မေး။ ။ စစ်ကောင်စီစစ်ကြောင်းတွေက ဖားကန့်မြို့ထဲကိုရောက်သွားကြပြီဆိုတော့ စိုးရိမ်ရတဲ့အခြေအနေရော ရှိသေးလား။

ဖြေ။ ။ ဒီလိုမျိုးအချိန် အခြေအနေထိတောင် ကြုံတွေ့ခဲ့ကြပြီးဆိုတော့ စိုးရိမ်ရတဲ့အခြေအနေ မမြင်တော့ပါဘူး။ ပြောရမယ်ဆိုရင် ညှိနှိုင်းမှုတွေလည်းရှိသွားတော့ ရာသီဥတုကောင်းသွားတယ်လို့မြင်တယ်။ ပြည်သူတွေကလည်း စိတ်ထဲမှာ တခြားဖိအားတွေတော့မရှိကြတော့ပါဘူး။ အဲလိုပဲမြင်ပါတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ ဖားကန့်ရဲ့အခြေအနေနဲ့ပတ်သက်ပြီး ဘာပြောပြချင်တာရှိပါသေးလဲ။

ဖြေ။ ။ စစ်ကြောင်းတွေက ဖားကန့်ဗျူဟာကုန်းထဲကို ရောက်သွားကြပြီဖြစ်တဲ့အတွက် ဘယ်လိုဆက်ဖြစ်လာမလဲ။ ဒီတိုင်းပဲ ငြိမ်သွားမှာလား၊ ပြည်သူလူထုအားလုံးက စောင့်ကြည့်ရတဲ့အနေအထားမှာ ရှိနေပါတယ်။

KNG ပေးပို့သည်။