ထိုင်း-မြန်မာ နယ်စပ်က ကျားဖြန့်လုပ်ငန်းများအပေါ် တရုတ်နိုင်ငံက ဖိအားပေးပါဝင်လာမှုနှင့်ပတ်သက်ပြီး မြန်မာ-တရုတ်အရေး ကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောနှင့် ဆက်သွယ်မေးမြန်းချက်။
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့၊ ရွှေကုက္ကိုရှိ ကျားဖြန့်လုပ်ငန်းမှ တရုတ်နိုင်ငံသား သရုပ်ဆောင်တစ်ဦးကို လိမ်လည် ခေါ်ယူဖမ်းဆီးရာက စတင်ပြီး ကျားဖြန့်လုပ်ငန်းနှင့် လူကုန်ကူးခေါ်ယူမှုသည် လူသိများထွက်ပေါ်လာခဲ့သည်။ တရုတ်နိုင်ငံကလည်း မြန်မာနှင့်ထိုင်းကို ဖိအားပေးမှုတချို့ ရှိလာခဲ့သည်။
အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရေးစင်တာ (NCCC) ၏ တာဝန်ခံဖြစ်သည့် ထိုင်းဗိုလ်ချုပ်ကြီး ဒီရတ်ဘွန်ခရမ် ဦးဆောင်သည့်အဖွဲ့သည် ဇန်နဝါရီ ၂၁ ရက်နေ့က အာဏာသိမ်းစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ယင်းနောက် ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် လူကုန်ကူးမှုများပပျောက်ရန်အတွက် မြန်မာနှင့် ထိုင်းစစ်တပ် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၂ ရက်ထုတ် စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။
ထို့အတူ ကျားဖြန့်လုပ်ငန်းများတိုက်ဖျက်ရန် လန်ချန်းမဲခေါင် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှု စင်တာ (LMLECC) သည် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ “ဇင်ယော်” ပူးပေါင်းလှုပ်ရှားမှု ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးကိုကျင်းပခဲ့ကြောင်း သိရသည်။
ထိုသို့ ထိုင်း-မြန်မာ နယ်စပ်က ကျားဖြန့်လုပ်ငန်းများအပေါ် တရုတ်နိုင်ငံကပါ ဖိအားပေးပါဝင်လာမှုနှင့်ပတ်သက်ပြီး မြန်မာ-တရုတ်အရေးကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ မြန်မာနိုင်ငံမှာကျားဖြန့်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အခုတလောနာမည်ကြီးလာတဲ့ မြ၀တီမြို့အနီးက ရွှေကုက္ကိုနဲ့ပတ်သက်ပြီး တရုတ်ရဲ့ဖိအားပေးမှုက ပိုများလာတဲ့ အနေအထားမှာရှိနေပါတယ်။ ဒါနဲ့ပတ်သက်ပြီး တရုတ်ဘက်က လုပ်ဆောင်လာနိုင်တဲ့အနေအထားက ဘယ်လိုရှိလာနိုင်ပါလဲ။
ဖြေ။ ။ ကျားဖြန့်က မြန်မာပြည်မြောက်ပိုင်းနဲ့ တောင်ပိုင်းကမတူဘူး။ ကျားဖြန့်ကတော့ မြန်မာပြည် တောင်ပိုင်းမှာထက် မြန်မာပြည်မြောက်ပိုင်းမှာ ဖြစ်တာလည်းရှိတယ်။ MNDAA မသိမ်းခင်ကတည်းက တရုတ်က အစောကြီးကတည်းက သတိပေးနေတယ်။ ကျားဖြန့်လုပ်ငန်း ငါတို့နိုင်ငံအတွက် ထိခိုက်နေ တယ်။ ဖြေရှင်းပေးပါဆိုပြီး ပြောတယ်။ သူတို့လည်း ဖြေရှင်းမပေးဘူး။ ဒါ့အပြင် စစ်ကောင်စီနေပြည်တော် ကိုလည်း ပြောတယ်။ နေပြည်တော်လည်း ဖြေရှင်းမပေးဘူး။ ဒီကြားထဲမှာ မိသားစုလေးခုထဲက (မြီ) မိသားစု ဆိုတာရှိတယ်။ အဲ့မိသားစုကို ဝိုင်းဖမ်းတဲ့အခါ သူဟာသူသတ်သေသွားပါရောလား။
တရုတ်က အဲ့ဒီကျားဖြန့်လုပ်ငန်းတွေကို ပိုက်စိတ်တိုက်လိုက်နေတာ။ အဲ့အထဲမှာ ပုလိပ်ကလေးတွေ ထည့်ထားတာ။ မြီမိသားစုက တရုတ်ပုလိပ် လူငယ်ခြောက်ယောက်ကို သတ်ပစ်တယ်ဗျ။ အဲဒါတရုတ်က သိပ်စိတ်ဆိုးသွားတာ။ ပြီးတော့ ကိုးကန့်က ခေါင်းဆောင်တွေအားလုံးကလည်း တရုတ်မှတ်ပုံတင်ရှိတယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ၁၉၉၀ တို့မှာ မန်စီတို့ဘာတို့မှာ ဒေသဖွံ့ဖြိုးရေးအတွက် တိုက်တွေရောင်းတယ်။ တစ်သန်းတန်တိုက်ကို ဝယ်နိုင်လို့ ရှိရင် မိသားစုအားလုံးကို တရုတ်မှတ်ပုံတင်ထုတ်ပေးတယ်။ အဲ့ဒါကြောင့် အဲ့လူတွေအားလုံးက တရုတ် မှတ်ပုံတင်ရှိတယ်။ နောက်ကိုးကန့်ဆိုတာကလည်း သိတဲ့အတိုင်း တရုတ်စပ် တွေ။ အဲ့ဒါကြောင့်မို့လို့လည်း တရုတ်က မြန်မာစစ်အစိုးရဆီက တောင်းလို့ရတာ။ တရုတ်မှတ်ပုံတင် ကိုင်ထားတဲ့သူတွေမို့လို့ မြန်မာဘက်ကနေ တောင်းလို့ရတာ။
မေး။ ။ အခုကိစ္စက ထိုင်းနဲ့ကပ်နေတဲ့ မြဝတီ၊ ရွှေကုက္ကိုဆိုတော့ တရုတ်ကထိုင်းကို ဖိအားပေးနိုင်တဲ့ အနေအထားရှိပါလား။
ဖြေ။ ။ ဒီဖက်ကြတော့ ဖိအားပေးရင် တရုတ်ကထိုင်းကိုပဲ ဖိအားပေးမှာပဲ။ ထိုင်းကလည်း မလုပ်လို့ မရဘူး။ လုပ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ထိုင်းမှာက သူ့ရဲ့ နိုင်ငံခြားဝင်ငွေဟာ တိုးရစ်ဇင်က အရေးကြီးတယ်။ အဓိက ကျတာကိုး။ အခု ဒီလိုဖြစ်တဲ့အတွက် တော်တော်ထိခိုက်သွားတယ်။
အခါတိုင်း အခုလို အချိန်ဆို တရုတ်နှစ်သစ်ကူးတို့ ဘာတို့ဆို ထိုင်းကို တရုတ်ပြည်ကသွားတာ လေယာဉ်ပျံ စင်းလုံးငှားပြီးတော့တောင် သွားတာ။ မြို့တွေ၊ နယ်တွေ၊ ခရိုင်တွေ၊ သူတို့မှာ ဘုံအဖွဲ့တွေ ရှိတယ်လေ။ ရွာတွေက ထွက်ကြပြီဟေ့ဆိုရင် စင်းလုံးငှားပြီး ထွက်တာ သန်းနဲ့ချီပြီးတော့ ထိုင်းကိုသွားလည်ကြတာ။ အခုကြတော့ စီးပွားရေးအရ ထိုင်းက တော်တော်ထိသွားတာကိုး။ ဒီကျားဖြန့်ကိစ္စ၊ လုပ်စရာရှိရင် ထိုင်းကပဲ ပိုပြီးတော့ ကြိုးစားပြီးလုပ်လိမ့်မယ်ထင်တယ်။
မေး။ ။ ဒီထိုင်းနယ်စပ်က ကျားဖြန့်ကိစ္စက ထိုင်းရော၊ မြန်မာရော နှစ်နိုင်ငံလုံးနဲ့သက်ဆိုင်နေတယ်။ ဒီနိုင်ငံ၂ ခုနဲ့ တရုတ်နဲ့နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်ပါလဲ။
ဖြေ။ ။ တရုတ်က အစောကြီးကတည်းက ပြောထားတာ။ ထိုင်းကိုသွားတဲ့အခါ ဒီလိုဒီလိုတွေဖြစ်တယ်။ အခုမှဖြစ်တာ မဟုတ်ဘူး။ ဒီဖမ်းခံရတဲ့ မင်းသားကြောင့် နာမည်ကြီးလာတာ။ အစောကြီးကတည်းက ဖြစ်နေ တာ။ ဒီမင်းသားဖြစ်ပြီးမှ ပြောနေတာက အဲဒီမှာအလိမ်ခံနေရတဲ့ တရုတ်လေးငါးခြောက်ထောင်လောက် ရှိတယ်တဲ့။ သူတို့က ဖမ်းခေါ်သွားပြီးတော့ ဟိုကနေမိဘတွေကို လှမ်းပြီးတော့ ပြန်ပေးငွေတောင်းတာပေါ့။
ငွေတောင်းပြီးတော့မှ ပြန်လွတ်တာတွေ။ အစောကြီးကတည်းက ဗမာပြည်ကနေလုပ်နေတာ။ တရုတ်မသိဘူး မဟုတ်၊ သိတယ်။ ဒါပေမယ့် ကျားဖြန့်လုပ်ငန်းက တရုတ်ပြည်တွင်းမှာလည်း တပုံကြီးလေ။ မြန်မာပြည် မြောက်ပိုင်းမှာ ဖြစ်သွားတာကတော့ တရုတ်ပုလိပ်ကလေး ၆ ယောက် သေသွားလို့ စိတ်ဆိုးသွားတာ။ အခုလည်း တရုတ်က ထိုင်းရော၊ မြန်မာကိုရော ဖိအားပေးပြီး ကိုင်တွယ်ပါလိမ့်မယ်။
မေး။ ။ အခုကျားဖြန့်လုပ်ငန်းအပါအဝင် လူကုန်ကူးမှုတွေက ထိုင်း- မြန်မာနယ်စပ် မြဝတီဖက်က ကရင်နယ်ခြားစောင့်တပ် (BGF) လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့နယ်မြေတွေ ဖြစ်နေတာဆိုတော့ တရုတ်က သူ့စစ်တပ်ဖြစ်ဖြစ်၊ တခြားတရုတ်လုံခြုံရေး တပ်ဖွဲ့တွေ စေလွှတ်ပြီး နှိမ်နှင်းတာမျိုး၊ တစ်ခုခု လုပ်နိုင်လား။
ဖြေ။ ။ အဲ့မှာဘယ်လိုလုပ် တရုတ်စစ်တပ်က ဝင်ဖမ်းလို့ရမလဲ။ တရုတ်နယ်စပ်နဲ့က ကပ်နေတာ မဟုတ်ဘူး။ မြောက်ပိုင်းတုန်းကလည်း တရုတ်က ဝင်ဖမ်းတာမဟုတ်ဘူး။ MNDAA က တိုက်တဲ့အခါမှာ အဲ့ဒီလူတွေအားလုံးက နေပြည်တော်ကို ထွက်ပြေးကြတာ။ နေပြည်တော်စစ်ကောင်စီတပ်က ဖမ်းပြီးတော့ တရုတ်လက်ကို အပ်တာ။ တရုတ်က သူ့အချက်အလက်ပြည့်စုံလို့ နေပြည်တော်ကိုတောင်းဆိုရင်တော့ နေပြည်တော်က ဖမ်းပေးရင်တမျိုးပေါ့ဗျာ။
ထိုင်းပြောလည်း ထိုင်းကဝင်ဖမ်းလို့ရတာ မဟုတ်ဘူးလေ။ သူမြေကိုယ့်မြေ ရှိတယ်။ စောချစ်သူက တရုတ်ကုန်သည်တွေကို ဖိတ်ပြီးတော့ ရှင်းပြတာရှိတယ်။ သူတို့ဘက်ကလည်း လယ်လယ်ဝယ်ဝယ် လုပ်တတ်ကိုင်တတ်ပါလိမ့်မယ်ထင်တယ်။ တရုတ်ရုပ်ရှင် မင်းသားလေး ပြန်လွတ်လာတော့ပြောတယ်။ သူနဲ့အတူအဖမ်းခံရတာ နိုင်ငံခြားသားတွေထောင်နဲ့ချီပြီး ရှိတယ်လို့ပြောတယ်။
မေး။ ။ တရုတ်ကမြန်မာကို ကျားဖြန့်နဲ့ပတ်သက်ပြီး တင်းတင်းကြပ်ကြပ် ကိုင်တွယ်လာနိုင်လား။
ဖြေ။ ။ ကိုင်တော့ ကိုင်မှာပဲ။ အားလုံးကြားတဲ့အတိုင်း ဝမ်ယိကိုယ်တိုင် ပြောပြီးပြီလေ။ အခုတောင် နိုင်ငံ ၆ နိုင်ငံနဲ့ ထင်တယ်။ တရုတ်ရယ်။ ထိုင်းရယ်၊ မြန်မာရယ်၊ လာအိုရယ်၊ ကမ္ဘောဒီးယားရယ်၊ ဗီယက်နမ်ရယ် ပေါင်းပြီး ကျားဖြန့်လုပ်ငန်း တိုက်ဖျက်ရေးလုပ်နေပြီ။
နိရဉ္စရာ ပေးပို့သည်။