30 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“စားသောက်ဖို့ကတော့ လက်ရှိမှာရွာခံတွေဆီ စပါးတစ်တင်းချေးတယ်၊ ကျနော်တို့ ရွာပြန်လို့ရတဲ့အချိန်ကြရင် ပြန်ဆပ်မယ်ပြောပြီး ချေးငှားစားနေကြတာ။ အဓိကတော့ ကြားကအသိတွေ အာမခံပေးတယ်။ ဆန်တစ်ပြည် ဆိုလည်း...

“စားသောက်ဖို့ကတော့ လက်ရှိမှာရွာခံတွေဆီ စပါးတစ်တင်းချေးတယ်၊ ကျနော်တို့ ရွာပြန်လို့ရတဲ့အချိန်ကြရင် ပြန်ဆပ်မယ်ပြောပြီး ချေးငှားစားနေကြတာ။ အဓိကတော့ ကြားကအသိတွေ အာမခံပေးတယ်။ ဆန်တစ်ပြည် ဆိုလည်း တစ်ပြည်တော့ပြန်ပေးရမှာ” ပင်လောင်းစစ်ဘေးရှောင် ကိုချမ်းအေး

ပင်လောင်းမြို့နယ် ဗန်းမောက်၊ ကုန်းပေါ၊ လွယ်ဝိုးရွာကနေ ညောင်ရွှေမြို့နယ်စပ်တွင် စစ်ဘေးတိမ်းရှောင် နေသော စစ်ဘေးရှောင်များကြုံနေရသော အခက်အခဲများနှင့်ပတ်သက်ပြီး ပင်လောင်းစစ်ဘေးရှောင် ကိုချမ်းအေးနှင့် ဆက်သွယ်မေးမြန်းချက်။

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO နှင့် ကရင်နီ တော်လှန်ရေးတပ်ပေါင်းစုတို့အကြား စက်တင်ဘာလနောက်ဆုံးပတ်မှ စတင်ပြီးတိုက်ပွဲများ ပြင်းထန်လာမှုကြောင့် ဒေသခံပြည်သူ ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

တိုက်ပွဲများကြောင့် ပင်လောင်းမြို့နယ် ကျေးရွာများမှ ဒေသခံ ထောင်နှင့်ချီသည် ညောင်ရွှေမြို့နယ်နှင့် ပင်လောင်းမြို့နယ်အတွင်း ဘေးလွတ်ကင်းရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

လက်ရှိတွင် တိုက်ပွဲများ ငြိမ်သက်နေသော်လည်း ဒေသခံများသည် မိမိတို့နေရပ်ကို ပြန်လည်နေထိုင်လို့ မရသေးသလို စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့က နေရပ်ပြန်သွားကြသည့် အမျိုးသားများကို စစ်သင်တန်းပေးပြီး ရွာအတွင်း၌ ကင်းစောင့်ခိုင်းနေသည်ဟု ဒေသခံတို့က ပြောဆိုသည်။

ပင်လောင်းမြို့နယ် ဗန်းမောက်၊ ကုန်းပေါ၊ နောင်ဝိုး ကျေးရွာများတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ညောင်ရွှေမြို့နယ်စပ်ကို ထွက်ပြေးတိမ်းရှောင်လာသော စစ်ဘေးရှောင် ၁ ထောင်ဝန်းကျင်သည် စစ်ရှောင်နေထိုင် ကြသည်မှာ ၁ လ ကျော်ကြာရှိလာပြီဟု သိရသည်။

ထိုသို့စစ်ရှောင်ကာလ ၁ လကျော်ကြာ တိမ်းရှောင်ခိုလှုံနေကြသည့် စစ်ဘေးရှောင်များသည် လက်ရှိ၌ ဘယ်လို နေထိုင်စားသောက်နေရပါလဲ၊ စစ်ရှောင်နေထိုင်စဉ် ရင်ဆိုင်ကြုံနေရသည့် အခက်အခဲများနှင့်ပတ်သက်ပြီး စစ်ဘေးရှောင်ကူညီသူလည်းဖြစ်၊ ကိုယ်တိုင်လည်း စစ်ဘေးရှောင်တစ်ဦးဖြစ်သည့် ကိုချမ်းအေးကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။ ။ ကိုချမ်းအေးတို့က လက်ရှိ ဘယ်မြို့နယ်မှာ စစ်ဘေးရှောင်နေထိုင်ကြပါလဲ။ ဘယ်ကနေ တိမ်းရှောင်လာကြရတာလဲ။ နောက်ပြီး လက်ရှိစစ်ဘေးရှောင်နေထိုင်ရတဲ့ အခြေအနေကို ပြောပြပေးပါခင်ဗျ။

ဖြေ ။ ။ လက်ရှိမှာတော့ ကျနော်တို့ရောက်နေတာ ညောင်ရွှေ – ပင်လောင်းနယ်စပ်က စမ်းရေကြည်၊ ဟဲဆတ်၊ နားမွန်ရွာကို ရောက်နေတာပါ။ ကျနော်တို့က ပင်လောင်းမြို့နယ် ဗန်းမောက်၊ ကုန်းပေါ၊ လွယ်ဝိုးရွာကနေ ပြေးလာတဲ့ လူတွေပါ။ ရှောင်လာတုန်းတဲ့ စစ်ရှောင်လူဦးရေ စုစုပေါင်း တစ်ထောင်ဝန်းကျင်ရှိတယ်။ အမျိုးသမီးနဲ့ ကလေးတွေ ပိုများတယ်။ စစ်ရှောင်လာကတည်းက ကျနော်တို့ကို ဘယ်အဖွဲ့အစည်းက လာရောက်ကူညီတာ မရှိသလို ကလေးတွေလည်း ပညာရေးအတွက် ဆက်တက်လို့မရဘူး။

မေး ။ ။ ကိုချမ်းအေးတို့ အခုရောက်နေတဲ့ စစ်ရှောင်စခန်းမှာက ဘယ်လောက်ကြာပြီလဲ။

ဖြေ ။ ။ ကျနော်တို့ရှောင်လာတုန်းက ဒီနေရာကို ချက်ချင်းရောက်လာတာတော့ မဟုတ်ဘူး။ သုံးကြိမ်လောက် စစ်ရှောင်လာရတယ်။ ဒီကိုရောက်တာ တချို့လည်း တစ်လကျော်ရှိပြီ။ ကျနော်တို့နေတဲ့ ပင်လောင်းမြို့နယ် ဗန်းမောက်ကျေးရွာ အနီးတဝိုက်မှာ အောက်တိုဘာ ၂ ရက်က တိုက်ပွဲစဖြစ်တော့ ကျနော်တို့စထွက်လာတာပဲ။ အဲ့ကတည်းကဆိုတော့ တစ်လကျော် ကြာပြီပေါ့။

မေး ။ ။ လက်ရှိ စစ်ရှောင်တဲ့နေရာမှာ ဘယ်လိုနေထိုင်ကြပါလဲ။

ဖြေ ။ ။ အခု ကျနော်တို့က ရွာဘုန်းကြီးကျောင်းအောက်မှာ နေကြတာတွေရှိတယ်။ ခန်းမဆောင်တွေမှာ နေနေကြတာတွေ ရှိမယ်။ ကျနော်တို့ပြေးလာတုန်းက ပစ္စည်းသယ်နိုင်တဲ့သူက သယ်လာတယ်။ အဝတ်အစား တွေလည်း လုံလုံလောက်လောက် မရှိဘူးလေ။ နောက်ပြီး စောင်တွေအခင်းတွေ အချို့တော့ပါလာတယ်။ ကိုယ်ပါလာတဲ့ဟာနဲ့ အဆင်ပြေသလို ခြုံပြီးနေကြတာပေါ့။

ဒီအတိုင်း ဖျာတချပ်အပေါ်မှာ အိပ်ရတာက အန္တရာယ် တော့များပေမဲ့ မတတ်နိုင်လို့ အခင်းမရှိဘဲ အိပ်နေရတာ တောင် ရှိသေးတာပဲလေ။ ဖြစ်သလိုရေရှည်အိပ်တော့ ဆေးရုံတက်ရတဲ့အထိ ရှိတယ်။ အဓိကတော့ အသက်ကြီးတဲ့သူတွေပေါ့။ အဝတ်တစ်ထည် ကိုယ်တစ်ခုတည်း ပါတဲ့သူကြတော့ အဲ့ရွာကပြည်သူတွေက စောင်တွေအဝတ်တွေ ပေးပါတယ်။ အချို့လည်းပါလာတဲ့ဟာကို အချင်းချင်းမျှပြီး ပေးခြုံတယ်။

မေး ။ ။ လက်ရှိမှာသိရသလောက်က စားနပ်ရိက္ခာလာကူညီတဲ့သူ မရှိသလို၊ ပါလာတဲ့ရိက္ခာတွေကလည်း ပြတ်လပ်နေပြီလို့ သိရတယ်။ ဒါ့ကြောင့် အစားအသောက်ကို ဘယ်လိုစီမံနေကြရပါလဲ။

ဖြေ ။ ။ ကျနော်တို့တွေ စားသောက်ဖို့ကတော့ လက်ရှိမှာရွာခံတွေဆီ စပါးတစ်တင်းချေးတယ်၊ ကျနော်တို့ ရွာပြန်လို့ ရတဲ့အချိန်ကြရင် ပြန်ဆပ်မယ်ပြောပြီး ချေးငှားစားနေကြတာ။ အဓိကတော့ ကြားကအသိတွေ အာမခံပေးတယ်။ ဆန်တစ်ပြည်ဆိုလည်း တစ်ပြည်တော့ ပြန်ပေးရမှာ။ အချို့ရွာခံတွေကြတော့ ပြန်မပေးခိုင်းဘဲ လှူတာတွေရှိတယ်။ အခုချိန်က ကိုယ့်အခက်အခဲနဲ့ ကိုယ်ဆိုတော့လေ။ လက်ရှိမှာ ချေးငှားနေရတာက ဆန်၊ ဆီ၊ ဆားတွေ အားလုံးပါပဲ။

မေး ။ ။ ဒီလို ချေးငှားပြီးစားရတာဆိုတော့ စစ်ရှောင်တွေကိုလာပြီး ကူညီတဲ့သူတွေ အလှူရှင်တွေမရှိဘူးလို့ ပြောလို့ရလား။ အလှူရှင်တွေကရော ဘယ်ချိန်အထိ ကူညီကြပါလဲ။

ဖြေ ။ ။ ကျနော်တို့ရောက်လာကတည်းက ရွာမှာ လာကူညီတဲ့အလှူရှင်ဆိုတာ ရှိကိုမရှိဘူးဗျ။ လမ်းက သွားရ လာရခက်တော့ အခုရွာကို အားလုံးကချန်ထားတယ်။ မသွားနိုင်တဲ့နေရာလို သက်မှတ်ပြီး အဲ့ဘက်ကို လုံးဝ မရောက်ဘူးတာပါ။ အလှူရှင်ကော ကူညီတဲ့အဖွဲ့အစည်းရော မရှိပါဘူး။ ရွာကလူတွေအချင်းချင်းပဲ ကူညီနေ ရတာပါ။

မေး ။ ။ အလှူရှင်လည်းမရှိ၊ အချင်းချင်းပဲကူညီနေရတာဆိုတော့ ဝမ်းရေးအတွက်ရော လက်ရှိရောက်နေတဲ့နေရာမှာ ဘယ်လိုဖြေရှင်းနေရလဲ။ ချေးငှားစားသုံးတာကလည်း ရေရှည်မှာ အခက်အခဲဖြစ်လာနိုင်တော့ ဘာတွေ လုပ်ကိုင်ဖြစ်နေလဲ။

ဖြေ ။ ။ ကျနော်တို့ရောက်နေတဲ့ ကျေးရွာကလည်း ရွာငယ်လေးဖြစ်တော့ အချို့တွေက နေ့စားခေါ်လည်း အကုန်လုံးအတွက်က အလုပ်ရှိမနေဘူး။ ရွာကငယ်တော့ သူတို့ရှိနေတဲ့နေရာကလည်း အလုပ်အကိုင်ရှားပါး တယ်။ စိုက်ပျိုးရေးကလည်း သိပ်မရှိဘူးလေ။ နေ့စားလိုက်ပြီး အလုပ်လုပ်မယ်ဆိုတော့လည်း တစ်ရက်ကို ကျပ် ၉ ထောင် ၁ သောင်း အဲ့လောက်ပဲရတာ။

ဆန်တစ်ပြည်က ကျပ် (၆) ထောင်ဝန်းကျင်လောက် ရှိနေပြီ။ တရက်လုပ်ရင် ဆန်တစ်ပြည်ဖိုးပဲရတဲ့ အနေအထားပေါ့။ ဒီရွာက ပြောင်းဖူးပဲစိုက်ကြတော့ ပြောင်းဖူးချိုးတဲ့ အလုပ်တစ်ခုပဲ ရှိတယ်လေ။ စိုက်ပျိုးတဲ့ ခြံတွေကလည်းနည်းပြီး လူဦးရေကများတော့ အလုပ်ကလည်း ၅ ရက်နေမှ တစ်ရက်ပဲ လုပ်ရတဲ့သဘောပါ။

မေး ။ ။ ထပ်မေးချင်တာကတော့ လက်ရှိ ကိုချမ်းအေးတို့ ရောက်ရှိနေတဲ့ကျေးရွာမှာ ကျေးလက်ကျန်းမာရေး ဌာနရော ရှိလား။ စစ်ရှောင်တွေအတွက် ကျန်းမာရေးရော ဘယ်သူကတာဝန်ယူပေးပါလဲ။

ဖြေ ။ ။ ကျနော်တို့ စစ်ရှောင်တွေနေတဲ့ကျေးရွာမှာတော့ ကျန်းမာရေးပိုင်းအားနည်းတယ်။ တခုခု ဖြစ်ရင်တောင်သွားဖို့ ဆေးပေးခန်း၊ ဆေးရုံ၊ ဆေးခန်းမရှိဘူး။ ဖြစ်ရင်တော့ နောင်တရားနဲ့ ပင်လောင်းဘက် သွားရတယ်။ ပိုက်ဆံကမရှိတော့ နေမကောင်းရင် တော်တော်ခက်ခဲတယ်။ ရာသီအပြောင်းအလဲကာလဆိုရင် သက်ကြီးရွယ်အိုနဲ့ ကလေးအတွက်က ခက်ခဲတာပေါ့။

အလုပ်မရှိတာကတဘက်၊ ပိုက်ဆံမရှိတာတဘက်နဲ့ဆိုတော့ ကလေးတွေ ဖျားနာတဲ့အချိန်တွေဆိုဆေးရုံ၊ ဆေးခန်းတွေ မရှိလို့မပြနိုင်ဘူး။ မြို့ကိုသွားဖို့ကလည်း ကားငှားသွားရတာ။ သွားရင်လည်း ကားခက ကျပ် ၄ သောင်းကနေ ကျပ်ငွေ ၅ သောင်းလောက် ပေးရတယ်။ လက်ရှိ ကျနော်ရောက်နေတဲ့ ရွာကနေ ပင်လောင်း ဘက်ကို ၁၅ မိုင်လောက် ထပ်သွားရတယ်။

မေး ။ ။ အခုလို အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးပါ။

သျှမ်းသံတော်ဆင့် ပေးပို့သည်။