27 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“စစ်ရှောင်စခန်းတွေမှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်လာပြီးဆိုရင်တော့ ဓာတ်ဆားရည်တွေသောက်ဖို့ အဲဒီလိုမျိုး အရေးကြီးတယ်ပေါ့နော်။ နောက်ပြီးတော့ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပြီးဆိုရင်လည်း ကိုယ်ကနေတဆင့် သူများကိုမကူးစက်ရအောင် သန့်သန့်ရှင်းရှင်းနေဖို့ နောက်ပြီး ရေဓာတ်ခမ်းတဲ့လက္ခဏာတွေကိုလည်း...

“စစ်ရှောင်စခန်းတွေမှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်လာပြီးဆိုရင်တော့ ဓာတ်ဆားရည်တွေသောက်ဖို့ အဲဒီလိုမျိုး အရေးကြီးတယ်ပေါ့နော်။ နောက်ပြီးတော့ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပြီးဆိုရင်လည်း ကိုယ်ကနေတဆင့် သူများကိုမကူးစက်ရအောင် သန့်သန့်ရှင်းရှင်းနေဖို့ နောက်ပြီး ရေဓာတ်ခမ်းတဲ့လက္ခဏာတွေကိုလည်း ကိုယ်တိုင် သတိထားမိဖို့လိုတယ်” မိစကြင်မွန် / MSFC ကျန်းမာရေးတာဝန်ရှိသူ

စစ်ဘေးရှောင်ပြည်သူများတွင်ဖြစ်ပွားနေသည့် ဝမ်းပျက်၊ဝမ်းလျှောရောဂါအပါအဝင် သတိပြုရမည့်ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်ပတ်သက်ပြီး မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကျန်းမာရေး တာဝန်ရှိသူ မိစကြင်မွန်အား ဆက်သွယ်မေးမြန်းချက်။

မွန်ပြည်နယ်တွင် မိုးဦးရာသီကာလအတွင်း စစ်ဘေးရှောင်များသာမက မြို့ရွာအတွင်းနေထိုင်နေသူတို့အကြား ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားမှု မြင့်တက်လာနေကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) နှင့် သက်ဆိုင်ရာကျန်းမာရေးတာဝန်ရှိသူက ပြောဆိုသည်။

ဝမ်းပျက်ဝမ်းလျှောရောဂါသည် ရာသီမရွေးဖြစ်ပွားတတ်သည့်ရောဂါဖြစ်သော်လည်း အထူးသဖြင့် မိုးရာသီတွင် အသက်အရွယ်မရွေး ဖြစ်ပွားမှုများပြီး ကလေးသူငယ်များအတွက် အသက်အန္တရာယ်ရှိနိုင်ကြောင်း အဆိုပါ ကျန်းမာရေးတာဝန်ရှိသူတို့က ပြောသည်။

တဖက်တွင်လည်း မွန်ပြည်နယ်မြောက်ပိုင်းဒေသတွင် စစ်ကောင်စီကလေယာဉ်နှင့် ဗုံးကြဲနေသည့်အပြင် မွန်-ကရင်နယ်စပ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်နေခြင်းကြောင့် စစ်ဘေးရှောင်များ တစ်ရွာမှတစ်ရွာသို့ တိမ်းရှောင်နေရစဉ် ရေနှင့်ယင်လုံအိမ်သာ အသုံးပြုနိုင်ခြင်းမရှိတာကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများလာကြောင်း စစ်ဘေးရှောင်ကူညီနေသူတို့ထံမှ သိရသည်။

ထိုသို့ စစ်ဘေးရှောင်ပြည်သူများကြား ဝမ်းပျက်၊ဝမ်းလျှောရောဂါ ဖြစ်ပွားနေသည့်အခြေအနေနှင့် သတိပြုရမည့် ရောဂါလက္ခဏာ ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့်ပတ်သက်ပြီး MSFC ၏ ကျန်းမာရေးတာဝန်ရှိသူ မိစကြင်မွန်ကို ဆက်သွယ်မေးမြန်းထားသည်။

ပုံစာ – မွန်-ကရင်နယ်စပ်တွင်တွေ့ရသည့်စစ်ဘေးရှောင်ပြည်သူတချို့။

မေး။ ။ လက်ရှိအချိန် မိုးဦးကာလမှာ စစ်ဘေးရှောင်စခန်းတွေမှာ ဝမ်းပျက်၊ဝမ်းလျှောရေဂါ ဘယ်လို ကူးစက်ခံနေရတာကို တွေ့ရပါလဲ။

ဖြေ။ ။ အထူးသဖြင့် စစ်ရှောင်စခန်း၊ တပ်စခန်းတွေမှာတော့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်ပွားတာ များလာတယ်။ ဒီရောဂါက ဘယ်ကနေကူးလဲဆိုတော့ အစားအသောက်ကနေကူးတယ်။ အဓိကကတော့ မသန့်သောအစားသောက်ကို စားမိလျှင်သော်လည်းကောင်း အစားအသောက်ချက်ပြုတ်ပြင်ဆင်နေချိန်မှာ မသန့်ရှင်းသော်လည်းကောင်း၊ နောက်ပြီးတော့ စားသောက်တဲ့လက်က မသန့်ရှင်းဘူးဆိုရင် ဝမ်းပျက်ဝမ်းလျှော ရောဂါကူးတာပေါ့။ ဒါပေမဲ့ စစ်ရှောင်စခန်းတွေမှာတော့ လူဦးရေက နေထိုင်တာများတယ်။ အစားမသန့်ဘူး ဆိုရင်တော့ ဝမ်းပျက်ဝမ်လျှောရောဂါက ဖြစ်လာနိုင်ချေများတယ်။

မေး။ ။ ရောဂါဖြစ်ပွားခြင်းရဲ့ အဓိကအကြောင်းအရင်းက ဘာကြောင့်ပါလဲ။

ဖြေ။ ။ ဝမ်းပျက်ဝမ်းလျှောဖြစ်တာတွေက ဗိုင်းရပ်စ်ပိုးကြောင့်လဲဖြစ်နိုင်တယ်၊ ဘတ်တီးရီးယားပိုးကြောင့်လဲ ဖြစ်နိုင်တယ်ပေါ့နော်။ ဘတ်တီးရီးယားပိုးဆိုရင်တော့ ဒီဝမ်းပျက်ဝမ်းလျှောဖြစ်လာနိုင်တဲ့ ဘတ်တီးရီးယားပိုးပါတဲ့ အစားအသောက်တွေ စားမိရင်တော့ ဖြစ်နိုင်တယ်။ ဗိုင်းရပ်စ်တွေက ဒီမိုးဦးအစမှာလည်း ဖြစ်နိုင်တယ်။ နောက်ပြီး မိုးအကုန်၊ ဆောင်းအကုန်ဆိုလို့ရှိရင်လဲ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်နိုင်ချေရှိတယ်။

မေး။ ။ စစ်ဘေးရှောင်စခန်းမှာ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဘာတွေလုပ်ဆောင်နေတာရှိပါလဲ။

ဖြေ ။ စစ်ဘေးရှောင်စခန်းတွေမှာ ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဖို့ဆိုရင် အစားအသောက်ပေါ့နော်၊ သန့်ရှင်းအောင်ထားရတယ်။ ယင်ကောင်တွေဘာတွေ မနားရအောင် လုံလုံခြုံခြုံဖုံးအုပ်ထားမယ်။ နောက်ပြီးလို့ ရှိရင် အစားသောက်တွေကို ဖြစ်နိုင်လို့ရှိရင် ပူးပူးနွေးနွေးစားမယ်နော်။ အိမ်သာတက်ပြီးတိုင်းလည်း ဆပ်ပြာနဲ့ သေသေချာချာလက်ဆေးရမယ်။ စစ်ရှောင်စခန်းတွေက လူအများနဲ့ အုပ်စုဖွဲ့နေရတဲ့အတွက်ကြောင့်မို့လို့ ဝမ်းပျက် ဝမ်းလျှောမဖြစ်အောင် ကာကွယ်ဖို့က အရေးကြီးတယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ဝမ်းပျက်ဝမ်းလျှော ရောဂါက ကူးစက်တတ်တဲ့ရောဂါဖြစ်တယ်။ လူတစ်ယောက်ဖြစ်တယ်ဆိုရင် နောက်တစ်ယောက်ကကူးစက်နိုင်တယ်။

ဘယ်ကနေကူးစက်လဲဆိုတော့ အစားအသောက်ကနေတဆင့်ကူးစက်တယ်။ ဝမ်းကနေတဆင့် ကူးစက်တတ်တဲ့ ရောဂါဖြစ်တယ်။ ဆိုလိုတာက မသန့်ရှင်းတဲ့အစားအသောက်တွေဆီကနေ ကူးစက်တတ်တာ ကြောင့်မို့လို့ အစားအသောက်တွေကို သန့်သန့်ရှင်းရှင်းထားရမယ်။ အဓိကကတော့ ယင်ကောင်တွေမနားအောင် သေသေ ချာချာ ဖုံးအုပ်ထားရမယ်။ ဖြစ်နိုင်တယ်ဆိုရင် ပူးပူးနွေးနွေးစားစေချင်တယ်။ နောက်ပြီးရင် အမှည့်လွန်တဲ့အသီး တွေကိုမစားစေချင်ဘူးပေါ့နော်။ နောက်ပြီလို့ရှိရင် အစားအသောက်မစားခင်မှလဲ လက်ကိုဆပ်ပြာနဲ့ သေချာ ဆေးရမယ်။ အစားအသောက်ကိုထည့်မယ့် အိုးခွက်ပန်ကန်တွေကိုလည်း သန့်သန့်ရှင်းရှင်းထားထားဖို့ လိုတယ်ပေါ့နော်။ နောက်ပြီး အိမ်သာတွေ ရေအိမ်တွေသုံးပြီးရင် လက်ကို ဆပ်ပြာနဲ့သေချာဆေးရမယ်။

မေး။ ။ ကျန်းမာရေးပညာအရ အထူးသတိထားရမယ့် လူအုပ်စုတွေဆိုပြီး ပိုင်းခြားထားတာရှိပါလား။

ဖြေ။ ။ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုကတော့ အုပ်စုတွေနဲ့လဲ သတ်မှတ်ထားတာရှိတယ်ပေါ့နော်။ ဆရာမတို့အနေနဲ့တော့ ထိလွယ်ရှလွယ်တဲ့အုပ်စုနဲ့ သတ်မှတ်ထားတာရှိတယ်ပေါ့နော်။ ဥပမာ-အသက်တအားကြီး သွားတဲ့သက်ကြီးပိုင်းတွေ၊ ကလေးတွေ၊ နောက်ပြီးလို့ရှိရင် ကြားထဲမှာသူ့မှာရောဂါအခံတစ်ခုရှိနေသူတွေ ဥပမာ အားဖြင့် သွေးတိုးတွေဆီးချိုတွေပေါ့နော်။ နောက်ပြီးရင် တစ်ခုခုဆေးစွဲသောက်နေရတဲ့အုပ်စုတွေဆိုလဲ ပိုပြီး သတိထားရမယ်ပေါ့နော်။ အဲတော့ ရှင်းရှင်းလေးပဲ၊ အသက်ကြီးလွန်သော်လည်းကောင်း ငယ်လွန်သော် လည်းကောင်း၊ သူ့မှာရောဂါအခံတခုခုရှိနေရင်တော့ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ရင် ပိုပြီးတော့သတိထားရမယ်။ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပြီဆိုရင် ဝမ်းသွားတယ်ပေါ့နော်။ တနေ့ကို ဝမ်းသုံးကြိမ်အထက်သွားတယ်။ အရည် တွေပဲသွားနေမယ်ဆိုရင် ဆရာမတို့က ဒီလူကို ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေတယ်လို့ သတ်မှတ်တယ်ပေါ့နော်။

နောက်ပြီး ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေပြီဆိုရင် တချို့လူတွေကြတော့ အန်လာတယ်။ တချို့လူတွေဆိုရင် ရောဂါပိုး Infection တစ်ခုတစ်ခုဖြစ်တယ်၊ ဗိုင်းရပ်သော်လည်းကောင်း ဘတ်တီးရီးယားပိုးနဲ့သော်လည်းကောင်း၊ တခါတခါဆိုလို့ရှိရင် အဖျားတက်လာတယ်ပေါ့နော်။ သူရဲ့လက္ခဏာတွေဖြစ်တဲ့ ဝမ်းသွားတအားများတဲ့အခါကြရင် ခန္ဓာကိုယ်မှာရေဓာတ်ခမ်းလာတယ်။ ရေဓာတ်ခမ်းခြောက်တဲ့လက္ခဏာက ကျွန်မတို့ဘယ်လိုတွေ့ရလဲဆိုရင် ခန္ဓာကိုယ်မှာဆိုလို့ရှိရင် မျက်လုံးလေတွေချိုင့်ဝင်သွားတယ်၊ ရေတအားငတ်လာတယ်၊ ဆီးသွားတာ နည်းသွား တယ်၊ စိတ်တိုလာတယ်၊ ကလေးတွေဆိုရင် ဂဏာမငြိမ် ဖြစ်လာတယ်ပေါ့နော်။ ရေဓါတ် တအားခမ်းသွားမယ် ဆိုရင်တော့ ကလေးတွေဆို လုံးဝမလှုပ်နိုင်တော့ဘူး မှိန်းသွားတယ်၊ မျက်တွင်းတွေလဲ တအားချိုင့်လာတယ်၊ ခန္ဓာအရေပြားကလဲ ကြုံသွားတယ်။ အဲဒီမျိုးတွေနဲ့ သတ်မှတ်တယ်။

မေး။ ။ ဝမ်းပျက်၊ဝမ်းလျှောရောဂါကြောင့် ဖြစ်ပေါ်လာနိုင်တဲ့အန္တရာယ်တွေဘာတွေရှိလဲ။

ဖြေ။ ။ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ဖြစ်ပေါ်လာနိုင်တဲ့အန္တရာယ်ကကြတော့ ရေဓာတ်ခမ်းခြောက် သွားတဲ့အခါကြရင် ခန္ဓာကိုယ်မှာသွေးပေါင်တွေကျသွားတယ်။ သွေးပေါင်တွေကျသွားတဲ့အခါကြရင် ခန္ဓာကိုယ်မှာ သွေးလည်ပတ်မှု မကောင်းဘူး။ ကျောက်ကပ်ထိသွားတယ်၊ ဆီးသွားနည်းသွားတယ်။ သွေးပေါင်တအားကျသွားတဲ့ အခါကျရင် အသက်အန္တရာယ်ရှိတဲ့အထိ ဖြစ်နိုင်တယ်။

မေး။ ။ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ပတ်သတ်ပြီး ပြည်သူတွေကို ကျန်းမာရေးဆိုင်ရာ ဘာတွေအကြံပေးချင်တာရှိပါလဲ။

ဖြေ ။ ။ တတ်နိုင်သလောက် အကြံဉာဏ်ပေးချင်တာကတော့ အိမ်သာသွားသည်ဖြစ်စေ ခရီးသွားသည်ဖြစ်စေ အိမ်သာအဝင်အထွက်တိုင်းမှာ လက်ကို ဆပ်ပြာနဲ့သေသေချာချာဆေးစေချင်တယ်ပေါ့နော်။ စစ်ရှောင်စခန်းတွေ မှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်လာပြီးဆိုရင်တော့ ဓာတ်ဆားရည်တွေသောက်ဖို့ အဲဒီလိုမျိုး အရေးကြီးတယ် ပေါ့နော်။ နောက်ပြီးတော့ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပြီးဆိုရင်လည်း ကိုယ်ကနေတဆင့်သူများကို မကူးစက် ရအောင် သန့်သန့်ရှင်းရှင်းနေဖို့ နောက်ပြီး ရေဓာတ်ခမ်းတဲ့လက္ခဏာတွေကိုလည်း ကိုယ်တိုင်သတိထားမိဖို့ လိုတယ်။ ဖြစ်လာတဲ့အချိန်ကျရင်လည်း အချိန်မှီကုသဖို့အရေးကြီးတယ်ပေါ့နော်။ ခုနကပြောသလိုမျိုး ထိလွယ်ရှလွယ်တဲ့ အုပ်စုတွေဆိုရင်လည်း နည်းနည်းလေး ပိုပြီးတော့သတိထားရမယ်ပေါ့နော်။

IMNA ပေးပို့သည်။