“စစ်ရေးအရ ဗျူဟာမြောက်ပေါင်းစည်းထားတဲ့ တပ်ပေါင်းစုတစ်ခုမရှိဘဲ တကွဲတပြားစီ လှုပ်ရှားနေတဲ့အတွက် ထိရောက်တဲ့ စစ်ရေးလှုပ်ရှားမှုတွေ မလုပ်နိုင်ခဲ့ဘူး။ ဒါကြောင့်မို့ အခုလို ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက် နိုင်တဲ့အတွက် တော်လှန်ရေးအတွက် အများကြီးအထောက်အကူ ဖြစ်လာမှာပါလို့ မွန်ပြည်သူပြည်သားများကို ပြောချင်တယ်။” – ဒေါက်တာသီရိမွန်ချမ်း (MSDF တပ်မှူး)

0
158
ပုံစာ - ဒေါက်တာသီရိမွန်ချမ်း (MSDF တပ်မှူး)

မွန်တော်လှန်ရေးတပ်အားလုံး စစ်ရေးပူးပေါင်းဆောင်ရွက်ရန်နှင့် တစ်ခုတည်းသောမွန်တပ်တော် ပေါ်ထွန်းလာ ရေး အကောင်အထည်ဖော်ရန် သဘောတူညီခဲ့မှုများနှင့် ပတ်သက်ပြီး MSDF တပ်မှူး ဒေါက်တာသီရိမွန်ချမ်းနှင့် ဆက်သွယ်မေးမြန်းချက်။

စစ်ကောင်စီစိုးမိုးနယ်မြေများ အားကောင်းနေသည့် မွန်ပြည်နယ်တွင် မွန်လူမျိုးအခြေပြု လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များဖြစ်သည့် မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA ၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA (AD)၊ မွန်ပြည်ကာကွယ်ရေးတပ် MSDF နှင့် မွန်ပြည်တော်လှန်ရေးတပ် MSRF တို့သည် စစ်ရေးပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်ဟု ဒီဇင်ဘာ ၁၉ ရက်နေ့တွင် မွန်တပ်အသီးသီးက ပူးတွဲကြေညာထုတ်ပြန်ခဲ့ပါသည်။

ဒီဇင်ဘာ ၁၈ ရက်က အဆိုပါ မွန်တပ် ၄ တပ်၏ တွေ့ဆုံမှုအတွင်း စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး မွန်တော်လှန်ရေးတပ်အားလုံးပါဝင်သည့် တစ်ခုတည်းသောမွန်တပ်တော် ပေါ်ထွန်းလာရေးကို အကောင်အထည်ဖော်ရန် သဘောတူညီခဲ့ကြသည်။ ပထမအဆင့်အနေနှင့် တပ် ၄ တပ် ပူးတွဲစစ်ဆင်ရေးလုပ်ရန် သဘောတူညီခဲ့ကြသည့် အခြေအနေများနှင့် ပတ်သက်ပြီး MSDF တပ်မှူး ဒေါက်တာ သီရိမွန်ချမ်းကို ဆက်သွယ်မေးမြန်းခဲ့ပါသည်။

မေး။ ။ အခုလို မွန်တော်လှန်ရေးတပ် ၄ တပ် သဘောတူညီမှုရဖို့ ဘယ်အခြေအနေအကြောင်းကြောင့် ဖြစ်လာနိုင်တာလဲ။

ဖြေ။ ။ မွန်တော်လှန်ရေးလက်နက်ကိုင်လေးဖွဲ့ သဘောတူမှုရဖို့ ဖြစ်ပေါ်တိုးတက်နေတဲ့ နိုင်ငံရေး၊ စစ်ရေး အခြေအနေ တောင်းဆိုမှုကြောင့်ရယ်၊ ပြည်တွင်းပြည်ပမှာရှိနေကြတဲ့ မွန်ပြည်သူပြည်သားများရဲ့ တောင်းဆိုမှု ကြောင့်လည်း ပါပါတယ်။ မွန်ပြည်သူပြည်သားများက မွန်လက်နက်ကိုင်တပ်တွေအားလုံး တစုတစည်းတည်း ပေါင်းစည်းပြီးတော့ မွန်လက်နက်ကိုင်တပ် တစ်တပ်တည်းအဖြစ် လှုပ်ရှားဖို့ အစဉ်တစိုက် တောင်းဆိုလာခဲ့တာလည်းရှိပါတယ်။

မေး။ ။ ပထမအဆင့် စစ်ရေးပူးတွဲလှုပ်ရှားမယ်ဆိုတော့ သက်ဆိုင်ရာ ကိုယ့်ရဲ့လှုပ်ရှားနယ်မြေတွေကျော်ပြီး ပေါင်းတိုက်မယ့်သဘောပါလား။

ဖြေ။ ။ ပထမအဆင့်အနေနဲ့ စစ်ရေးပူးတွဲလှုပ်ရှားမှုက တပ်ပေါင်းစု တစ်ခုအနေနဲ့ မိမိတို့လှုပ်ရှားနေတဲ့ဒေသ အပြင် မွန်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ တိုင်းဒေသကြီးအပါအဝင် စစ်ဒေသတစ်ခုလုံးမှာ စစ်ရေးလှုပ်ရှားမှုတွေ စစ်ဆင်ရေးတွေ လုပ်သွားမယ့်သဘောပါ။

အခုလောလောဆယ် တပ်ဖွဲ့လေးဖွဲ့ရဲ့ လှုပ်ရှားနေတဲ့ဒေသအပြင် တပ်ဖွဲ့လေးဖွဲ့မှာ ဖွဲ့စည်းထားတဲ့ ကွပ်ကဲရေး အဖွဲ့ သို့မဟုတ် စစ်ဦးစီးအဖွဲ့အနေနဲ့ဖြစ်ဖြစ် စစ်ရေးသုံးသပ်မှုတွေ ပြုလုပ်ပြီးတော့ ဘယ်ဒေသ၊ ဘယ်နေရာမှာ စစ်ရေးလှုပ်ရှားမှုတွေလုပ်ဖို့ ဆုံးဖြတ်ပြီးရင်တော့ ပူးပေါင်းတပ်ဖွဲ့တွေ ကြတော့ မိမိတို့ရဲ့ထိန်းချုပ်နယ်မြေ၊ လှုပ်ရှားနယ်မြေကိုကျော်ပြီး မွန်ပြည်နယ်နဲ့ တိုင်းဒေသကြီးထဲမှာ လိုအပ်နေတဲ့ စစ်ရေးလှုပ်ရှားမှုပြုလုပ်ဖို့ လိုအပ်တဲ့ နေရာတွေမှာ စစ်ရေးလှုပ်ရှားမှုတွေ လုပ်သွားမယ်ဆိုတဲ့သဘောမျိုးပါ။

မေး။ ။ လတ်တလော မွန်တော်လှန်ရေးအဖွဲ့တွေပူးတွဲပြီး ဒီကြေညာချက်အတိုင်း တိုက်ပွဲဆင်နွှဲတာတွေ ရှိလာနိုင်မလား။

ဖြေ။ ။ ချမှတ်ထားတဲ့ သဘောတူညီချက်အတိုင်း လောလောဆယ် ပူးတွဲစစ်ဆင်ရေးတွေ ရှိလာမှာပါ။ ဒီစစ်ဆင်ရေးတွေအတွက် သဘောတူညီချက်ကို ရပြီးတာနဲ့ စတင်အကောင်အထည်ဖော်မှုတွေလည်း လုပ်နေပါတယ်ခင်ဗျ။

မေး။ ။ နိုင်ငံရေးဦးဆောင်မှုရှိတဲ့ မွန်တော်လှန်ရေးတပ်တွေအားလုံးပါဝင်တဲ့ မွန်တပ်ဖြစ်ဖို့ဆို မွန်လူထုတွေ ဘယ်တော့မျှော်လင့်လို့ရနိုင်လဲ။

ဖြေ။ ။ အခုချိန်မှာ အထူးသဖြင့် မွန်လက်နက်ကိုင်တပ်ဖွဲ့လေးဖွဲ့ရဲ့ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် အရ မွန်ပြည်သူလူထုတွေ မျှော်လင့်ထားတဲ့ မွန်နိုင်ငံရေးဦးဆောင်မှုရှိတဲ့ မွန်တပ်တော်ဖြစ်ဖို့ မျှော်လင့်ချက်နဲ့ တော်တော်လေးနီးကပ်လာပြီလို့ ပြောလို့ရမှာပါ။

မွန်တော်လှန်ရေးလက်နက်ကိုင်လေးဖွဲ့ရဲ့ သဘောတူ ဆုံးဖြတ်ချက်မှာ သဘောတရား ရပ်တည်ချက်အပြင် လက်တွေ့အကောင်အထည်ဖော်မှုတွေလည်း ပါနေတဲ့အတွက်ကြောင့် မွန်ပြည်သူပြည်သားများရဲ့ မျှော်လင့်ချက် အတိုင်း အမှန်တကယ်ဖြစ်မှာပါလို့ ပြောရမှာပါ။

မေး။ ။ ဒီအတွက် ပြည်သူတွေကို ဘာများတိုက်တွန်းချင်ပါလဲ။

ဖြေ။ ။ ထပ်ဖြည့်ပြောချင်တာက မိမိတို့တောင်ပိုင်းစစ်ဒေသဖြစ်တဲ့ မွန်ပြည်နယ်နဲ့ ဆက်စပ်တိုင်းဒေသကြီး တွေမှာ ဒီလိုမျိုး စစ်ရေးအရ ဗျူဟာမြောက်ပေါင်းစည်းထားတဲ့ တပ်ပေါင်းစုတစ်ခုမရှိဘဲ တကွဲတပြားစီ လှုပ်ရှား နေတဲ့အတွက် ထိရောက်တဲ့စစ်ရေးလှုပ်ရှားမှုတွေ မလုပ်နိုင်ခဲ့ဘူး။ ဒါကြောင့်မို့ အခုလို ဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်နိုင်တဲ့အတွက် တော်လှန်ရေးအတွက် အများကြီး အထောက်အကူဖြစ်လာမှာပါလို့ မွန်ပြည်သူ ပြည်သားများကို ပြောချင်တယ်။

နောက်ပြီး မိမိတို့အမျိုးသားတော်လှန်ရေး ဒီမိုကရေစီအရေးအတွက် မိမိတို့ မွန်လက်နက်ကိုင်တပ်တွေ ပေါင်းစည်းနိုင်ခဲ့တဲ့အတွက် အလွန်အလွန် ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်။ ဒီထက်ပိုပြီး မွန်တော်လှန်ရေး လက်နက်ကိုင်တပ်တွေရဲ့ ပေါင်းစည်းညီညွတ်မှုကနေတဆင့် မွန်တစ်မျိုးသားလုံး ပေါင်းစည်းညီညွတ်မှုအဖြစ် အမျိုးသားလွတ်မြောက်ရေးပန်းတိုင် ဒီမိုကရေစီပန်းတိုင်နဲ့ နွေဉီးတော်လှန်ရေးပန်းတိုင်တို့ တမျိုးသားလုံး လက်တွဲညီညီ တိုက်ပွဲဝင်သွားကြပါစို့လို့ ပြည်တွင်းပြည်ပမှာရှိတဲ့ မွန်ပြည်သူပြည်သားများနဲ့ ပြည်သူလူထု အားလုံးကို သတင်းစကားပါးချင်ပါတယ်ခင်ဗျ။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here