စစ်ဘေးရှောင်မိဘများ အကျပ်အတည်းကြားက သားသမီးပညာရေးအတွက် ဘယ်လိုရုန်းကန်နေကြလဲ

0
352
စစ်ဘေးရှောင်မိဘများ အကျပ်အတည်းကြားက သားသမီးပညာရေးအတွက် ဘယ်လိုရုန်းကန်နေကြလဲ

စစ်ဘေးရှောင်မိဘများ အကျပ်အတည်းကြားက သားသမီးပညာရေးအတွက် ဘယ်လိုရုန်းကန်နေကြလဲ

“မိုခါ” ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံစားခဲ့ရသော ရခိုင်ပြည်တွင် ဝမ်းရေးအတွက် နိစ္စဒူဝရုန်းကန်နေကြရသည့် ဒေသခံများမှာ ခေါင်ခိုက်အောင် မြင့်တက်လာနေသော ကုန်ဈေးနှုန်း ရိုက်ခတ်မှုဒဏ်ကိုပါ ဆိုးရွားစွာ ရင်ဆိုင်နေကြရသည်ဟု ဆိုပါသည်။

သာမန်ပြည်သူများအတွက်တောင်မျှ မလွယ်ကူသည့် လက်ရှိအခြေအနေတွင် စစ်ဘေးရှောင်များအဖို့ ပို၍ ခက်ခဲစေပါသည်။ အလုပ်အကိုင် ရှားပါးမှု၊ အကူအညီအထောက်အပံ့ရရှိမှု နည်းပါးလာသည့်အထဲ ကုန်ဈေးနှုန်း မြင့်တက်ခြင်းတို့ကြောင့် စစ်ဘေးရှောင်များမှာ ဘက်ပေါင်းစုံ၌ အခက်အခဲများစွာ ကြုံတွေ့နေကြသည်။

နေ့စဉ်ဝမ်းရေးအခက်အခဲများကြားက သားသမီးများ ပညာတတ်မြောက်ရေးအတွက် မည်သို့ရုန်းကန် နေကြရပါလဲ၊ မည်သည့်အခက်အခဲ စိန်ခေါ်မှုများကို ဖြတ်ကျော်နေကြရပါလဲ ဆိုသည်နှင့်ပတ်သက်ပြီး ရခိုင်ပြည်ရှိ စစ်ဘေးရှောင်စခန်းအသီးသီးမှ စစ်ဘေးရှောင်ကျောင်းသားမိဘတချို့ကို ဆက်သွယ်မေးမြန်းထားပါသည်။

ဦးဦးစောသိန်း၊ မီးရထားဘူတာ စစ်ဘေးရှောင်စခန်း၊ ကျောက်တော်မြို့။

“၈” လပိုင်းကုန်ရင် ကျွန်တော့်သားတစ်ယောက် အဝေးသင်တက်ဖို့ သွားရတော့မယ်။ ပိုက်ဆံ ဘယ်ကရှာရမလဲ မသိသေးဘူး။ ခုတောင် နေ့တိုင်းထမင်းစားနိုင်ဖို့ ပန်းရံလုပ်တယ်၊ မျှစ်သွားချိုးပြီး စားနေရတယ်။ လူတွေ မသွားရဲတဲ့နေရာတွေ တောတွေကိုသွားပြီး ဟင်းတွေရှာရောင်းပြီး ပိုက်ဆံစုနေရတယ်။ သားသမီးတွေကို ပညာသင်ဖို့ ထောက်ပံ့တာတွေ၊ ပံ့ပိုးတာတွေ ဘယ်အဖွဲ့ကမှ မရှိဘူး။ ဟိုကရှာဒီကရှာ ကြုံရာကျပန်းလုပ်ပြီးတော့ သင်ပေးနေရတာ။ ပညာသင်စရိတ်ကလည်း ဒီနှစ်က အရင်နှစ်ထက် ပိုကုန်မှာ။ သားသမီး ပညာတတ်မြောက်စေချင်လို့ အငတ်ခံပြီး သင်ရတာပဲ။

ဒေါ်လှအေးစိုး၊ မြတန်ဆောင်း စစ်ဘေးရှောင်စခန်း၊ မြောက်ဦးမြို့။

ခုကာလနဲ့ အတန်းကြီးကျောင်းသားတစ်ယောက် ပညာသင်ပေးရတာနဲ့ ထိပ်တိုက်တွေ့တော့ မိဘတွေမှာ ပိုအကျပ်အတည်း ဖြစ်တယ်။ ကုန်ဈေးနှုန်းတွေကတက် ကူညီထောက်ပံ့မှုတွေက အားနည်းတော့ စစ်ဘေးရှောင်တွေအတွက် သားသမီးပညာရေးဟာ ဒုက္ခပိုရောက်ရတယ်။ ဘာဖြစ်ဖြစ် ကိုယ်ပညာ မတတ်ခဲ့ရင်လည်း သားသမီးတွေကိုတော့ ပညာတတ်စေချင်တာပဲ။ ကျမကတော့ အလုပ်မလုပ်နိုင်ဘူး၊ ကျမအမျိုးသား ဆိုင်ကယ်ကယ်ရီဆွဲလို့ရတဲ့ ဝင်ငွေနည်းနည်းလေးကို စုပြီး ၁၁ တန်း သားတစ်ယောက်ကို ပညာသင်ပေးနေတယ်။ ခုက ကယ်ရီဆွဲလို့လည်း အဆင်မပြေတော့ သူများတွေဆီက ငွေချေးထားရတယ်။ ဒီလို အခြေအနေမှာ စစ်ဘေးရှောင်မိဘအနေနဲ့ သားသမီးတွေကို ရုန်ကန်ပြီး ပညာသင်ပေးနေရလို့တော့ ကျမတို့ ဂုဏ်ယူမိတယ်။

ဒေါ်ဦးမြရီ၊ မြို့လယ်ချောင်း စစ်ဘေးရှောင်စခန်း၊ ရသေ့တောင်မြို့။

ကျွန်မမှာ သားသမီးသုံးယောက်ကို ပညာသင်ပေးနေရတာ။ ၁၁ တန်းတစ်ယောက်၊ ၉ တန်းတစ်ယောက်၊ ၄ တန်းတစ်ယောက်။ တစ်ယောက်တည်းတောင် မလွယ်တာ သုံးယောက် သင်ပေးနေရတော့ ကုန်တာကတော့ ပြောမနေနဲ့တော့။ ကျူရှင်ကတော့ ၁၁ တန်း တစ်ယောက်ပဲ ထားနိုင်တယ်။ သူက ၁၁ တန်းဖြစ်လို့ အရေးကြီးတယ်လေ။ နောက်နှစ်ယောက်ကလည်း ကျူရှင်တက်ဖို့ ခဏခဏ တောင်းတယ်။ ဒါပေမဲ့ ကိုယ်ကမှ မတတ်နိုင်တာ။ ဒီအတွက်လည်း မိဘတစ်ယောက်အနေနဲ့ ဝမ်းနည်းမိတယ်။ ကျွန်မလို မုဆိုးမတစ်ယောက် အတွက် တော်တော်လည်း ရုန်းကန်ရခက်တယ်။ ပညာရေး အရေးကြီးတာမို့ မဖြစ်ဖြစ်အောင် သင်ပေးနေပါတယ်။ ကုန်ဈေးနှုန်းတွေကလည်း ထိုးတက်နေတော့ အဝတ်အစား၊ စာအုပ်၊ အသုံးအဆောင်တွေ မဖြည့်ဆည်း ပေးနိုင်ရင်လည်း စိတ်မကောင်းဖြစ်ရတယ်။ စစ်ဘေးရှောင်တစ်ယောက်အနေနဲ့ သားသမီး ပညာသင်ပေးနေရတာ တော်တော်ခက်ခဲပါတယ်။

ဒေါ်မအေးယဉ်၊ တိမ်ညို စစ်ဘေးရှောင်စခန်း၊ မြောက်ဦးမြို့။

ဒီကာလမှာ သားသမီးတွေကိုတော့ အသက်ကိုစွန့်ပြီး ပညာသင်ပေးနေရတယ်။ တောထဲသွားပြီး ဟင်းရှာ၊ မျှစ်ချိုးပြီး ရောင်းတယ်။ နောက် ကောက်စိုက်တယ်။ ဒီလို ရသမျှအလုပ်ကို လုပ်ပြီး သင်ပေးနေရတယ်။ စာသင်ဖို့ တစ်ခုတည်း မဟုတ်ဘူး၊ ကိုယ့်သားသမီး ကျောင်းကို ဗိုက်ဝဝနဲ့သွားနိုင်ဖို့၊ လုံလုံခြုံခြုံ ဝတ်နိုင်ဖို့၊ စာအုပ်၊ ဘောပင်ကစ ကျောင်းသားတစ်ယောက် အစစအရာရာ အဆင်ပြေဖို့ နောက် ကျောင်းလခ ပုံမှန်ပေးနိုင်ဖို့ ရတဲ့အလုပ်ကို လုပ်ပြီး ရုန်းကန်ပေးနေရတယ်။

ဦးကျော်စိန်ထွန်း၊ မြို့လယ်ချောင်း စစ်ဘေးရှောင်စခန်း၊ ရသေ့တောင်မြို့။

ကျနော်မှာ သားသမီး ၄ ယောက် ပညာသင်ထားတယ်။ ကျူရှင်တွေကတော့ မထားနိုင်ဘူး။ ကျူရှင်ခတွေ ကလည်း ကုန်ဈေးနှုန်းတွေ တက်တာနဲ့ တက်တာပဲ။ ပညာရေးနဲ့ အဆက်ပြတ်သွားလို့ မရဘူးလေ။ ကျနော်တို့ ဘယ်လောက်ပဲ ခက်ခဲခက်ခဲ ကျောင်းတော့ အတတ်နိုင်ဆုံး မထုတ်ဘူးလို့ ဆုံးဖြတ်ထားတယ်။ ၄ ယောက်လုံးကို နေ့တိုင်း ထမင်းဝအောင် စားနိုင်ဖို့ ကျောင်းစိမ်းတွေ ဝတ်နိုင်ဖို့ စာအုပ်ခဲတံတွေ မပြည့်စုံရင်တောင် သူတို့အတွက် မတောင့်တရအောင် လုပ်ပေးနေတာပဲ။ သားသမီးတွေ ပညာရေးအတွက် ငါးရှာတယ်၊ တခြားကြုံရာ လုပ်တယ်၊ အသက်နဲ့မလိုက်တဲ့ အလုပ်တွေလည်း လုပ်တာပဲ။ ကိုယ့်ရပ်ကိုယ့်ရွာမှာဆိုရင်တော့ အလုပ်တွေလည်း နည်းနည်း အဆင်ပြေတယ်။ သားသမီးတွေကို ကျူရှင်လည်းထားနိုင်တယ် ။ စစ်ဘေးရှောင်တစ်ယောက်အဖြစ် ရပ်တည် ပညာသင်ပေးနေရတာဟာ တကယ်စိန်ခေါ်မှုကြီးပဲ။

အောင်ထိန် (DMG) ပေးပိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here