ရခိုင်စစ်ဘေးရှောင်အရေးနှင့်ပတ်သက်ပြီး အာရက္ခတပ်တော်၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး – HDCO အဖွဲ့ဝင်တစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလက အစပျိုးခဲ့သည့် ရခိုင်တိုက်ပွဲသည် ယခုအချိန်တွင် တစ်နှစ်နှင့်ခြောက်လနီးပါး ကြာမြင့်လာပြီ ဖြစ်သည်။ ရခိုင်ပြည်အတွင်း ပြင်းထန်လှသည့် တိုက်ပွဲများနှင့်အတူ နေရပ်စွန့်ခွာသူဦးရေမှာလည်း မြင့်တက်နေဆဲဖြစ်သည်။
ယင်းအပြင် နေရပ်စွန့်ခွာတိမ်းရှောင်သူများသည် လူသားချင်းစာနာမှုအကူအညီ နည်းပါးခြင်း၊ အလုပ်အကိုင် ရှားပါးခြင်းနှင့် ကုန်ဈေးနှုန်း မြင့်တက်မှုတို့ကြောင့် အတိဒုက္ခဖြစ်နေကြရသည်။ တဖက်တွင်လည်း အာရက္ခတပ်တော်၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က စစ်ဘေးရှောင်များကို လူသားချင်းစာနာထောက်ထားရေး အကူအညီတို့ကို လုပ်ဆောင်ပေးလျက်ရှိနေသည်။
အာရက္ခတပ်တော်၏ HDCO သည် ရခိုင်ပြည်ပြန်လည်ထူထောင်ရေးတွင် လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများကို အဓိကလုပ်ဆောင်နေသည့် ယန္တယားတစ်ခုလည်းဖြစ်သည်။
စစ်ရေးတိုက်ပွဲများ ကြားက စစ်ဘေးရှောင်များ၏ အခြေအနေ၊ စာနာမှုအကူအညီရရှိရေး ထောက်ပံမှုအပါအဝင် ရှေ့ဆက်လုပ်ငန်းစဉ် များနှင့်ပတ်သက်ပြီး HDCO အဖွဲ့ဝင်တစ်ဦးကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ ပထမဆုံး HDCO အနေနဲ့ ရခိုင်ပြည်အရေးနဲ့ပတ်သက်လို့ ဘာတွေလုပ်ဆောင်နေလဲဆိုတာ သိပါရစေ။
ဖြေ။ ။ HDCO ဆိုတာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ရခိုင်ပြည်သူတွေအတွက် လူသားချင်းစာနာ ထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်တွေကို လုပ်နေတဲ့ရုံးတစ်ရုံးဖြစ်ပါတယ်။ HDCO ရဲ့ အဓိကလုပ်ငန်း တွေထဲမှာ စစ်ဘေးရှောင်တွေကို အရေးပေါ်အကူအညီထောက်ပံ့ရေးကိစ္စ၊ သက်ဆိုင်တဲ့လူသားချင်းစာနာ ထောက်ထားရေးလုပ်ငန်းနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေ အဓိကပါဝင်ပါတယ်။
မေး။ ။ လက်ရှိ ရခိုင်မှာ စစ်ဘေးရှောင် ဘယ်လောက်ထိရှိနေပါလဲ။
ဖြေ။ ။ ၂၀၂၅ မတ်လအထိ HDCO ဘက်က ကောက်ခံရရှိထားတဲ့အချက်အလက်တွေအရ အိမ်ထောင်စု ၈၀,၀၀၀ ကျော်၊ လူဦးရေ ၃၁၀,၀၀၀ ကျော် ရှိပါတယ်။ ထပ်တိုးတဲ့ စစ်ဘေးရှောင်တွေအပါအဝင် ဖုန်း၊အင်တာနက် အခက်အခဲတွေကြောင့် မြေပြင်မှာ စစ်ဘေးရှောင်ဦးရေဟာ ခန့်မှန်းခြေ ၅ သိန်းကျော်ရှိမှာဖြစ်ပါတယ်။
ဂွ၊ ကျောက်ဖြူ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့နယ်တွေမှာ စစ်ဘေးရှောင်အရေအတွက် ပိုပြီးတိုးလာပါတယ်။ မြောက်ဦး၊ ကျောက်တော်၊ ပလက်ဝ၊ ရမ်းဗြဲ၊ သံတွဲ၊ မင်းပြား၊ အမ်း၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တော မြို့နယ်တွေမှာလည်း စစ်ဘေးရှောင်တချို့ လျော့လာတာတွေ့ရပါတယ်။
မေး။ ။ စစ်ဘေးရှောင်တွေရဲ့ နေထိုင်စားသောက်ရေး အခြေအနေဘယ်လိုရှိနေပါလဲ။
ဖြေ။ ။ စစ်ဘေးရှောင်တွေအနေနဲ့ လက်ရှိမှာ စားနပ်ရိက္ခာ၊ အမိုးအကာ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ စားဝတ် နေရေးအတွက် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အခွင့်အလမ်းတွေ ရှားပါးလာတဲ့ အခြေအနေတွေရှိသလို သောက်သုံးရေ ရှားပါးတာကြောင့် နောက်ဆက်တွဲ ဝမ်းပျက်၊ ဝမ်းလျှော့ရောဂါဖြစ်တာ၊ အရေပြားရောဂါ ဖြစ်တာ တွေကို ထပ်လောင်းကြုံနေကြရတာ ရှိနေပါတယ်။ မိုးရာသီလည်းရောက်တော့မယ်ဆိုတော့ သွေးလွန်တုပ်ကွေး၊ ငှက်ဖျားရောဂါတွေလဲ ထပ်ဖြစ်လာနိုင်ပါတယ်။
မေး။ ။ စစ်ဘေးရှောင်တွေ စာနာမှုအကူအညီရရှိရေး ဘယ်လိုလုပ်ဆောင်နေတာရှိပါလဲ။ စိန်ခေါ်မှုတွေက ဘာဖြစ်မလဲ။
ဖြေ။ ။ HDCO အနေနဲ့ သက်ဆိုင်တဲ့အဖွဲ့အစည်းအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်မှုလုပ်ပါတယ်။ စစ်ဘေးရှောင် တွေရဲ့ အကူအညီလိုအပ်နေတဲ့အခြေအနေတွေကို သက်ဆိုင်တဲ့အဖွဲ့အစည်းတွေသိရှိပြီး အကူအညီပေးနိုင် အောင်၊ ပေးလာတဲ့အကူအညီတွေဟာ လိုအပ်ချက်ရှိတဲ့နေရာကို ချော့ချော့မွေ့မွေ့ရောက်အောင် အာရက္ခပြည်သူ့ အစိုးရရဲ့ သက်ဆိုင်တဲ့ဌာနတွေနဲ့ အဖွဲ့အစည်းတွေကိုချိတ်ဆက်ပေးတာတွေကို ပူးပေါင်းဆောင်ရွက်နေပါတယ်။ ပူးပေါင်းဆောင်ရွက်မှုအားကောင်းတဲ့ အဖွဲ့အစည်းရှိသလို၊ အားနည်းတဲ့အဖွဲ့အစည်းတွေလည်း ရှိပါတယ်။
အဓိက စိန်ခေါ်မှုနေနဲ့တွေ့ရတာက အဖွဲ့အစည်းအများစုက ရခိုင်ပြည်ရဲ့ပြောင်းလဲလာတဲ့အခြေအနေနဲ့အညီ အကူအညီတွေ လက်တွေကျကျပေးနိုင်အောင် လုပ်နိုင်စွမ်းအားနည်းတာ၊ ရန်ဘုံငွေ မလုံလောက်တာ၊ စစ်ကောင်စီရဲ့ ဖြတ် ၄ ဖြတ်ကြောင့် ကုန်စည်စီးဆင်းမှု ခက်ခဲပြတ်တောက်သွားတာကြောင့် အကူအညီပေးရေး ပစ္စည်းတွေ အရင်းအမြစ်တွေရှားပါးလာတာကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေ အလှူရှင်အဖွဲ့အစည်းတွေနဲ့ ဒေသခံအရပ်ဖက်အဖွဲ့အစည်းတွေကြားမှာ ခိုင်မာအားကောင်းတဲ့ ရေရှည်ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်တွေ လက်တွေကျကျရှိမနေတာ စတဲ့အခြေအနေတွေကို စိန်ခေါ်မှုအဖြစ်တွေ့ရပါတယ်။
မေး။ ။ အခု သံတွဲကစစ်ဘေးရှောင်တွေ အငတ်ဘေးကြုံနေကြတယ်လို့ သိရတယ်။ သူတို့ရဲ့ နေထိုင် စားသောက်ရေးအခြေအနေ ဘယ်လိုရှိနေပါလဲ။
ဖြေ။ ။ သံတွဲမြို့နယ်မှာ စစ်ဘေးရှောင်ဦးရေ ၂၀,၀၀၀ ကျော် (နှစ်သောင်း) ရှိနေပြီးတော့ အဖွဲ့အစည်းတွေရဲ့ အရေးပေါ်ထောက်ပံ့မှု စီမံကိန်းဝင်ရောက်မှုနည်းပါးတဲ့မြို့နယ် ဖြစ်ပါတယ်။ သံတွဲမြို့နယ်က ပြည်သူတွေဟာ ပင်လယ်ကို အဓိကအမှီပြု လုပ်ကိုင်စားသောက်နေရတဲ့အတွက် လက်ရှိမှာ စစ်ကောင်စီနေဗီအန္တရာယ်ကြောင့် ငါးဖမ်းလုပ်ငန်းတွေ မလည်ပတ်နိုင်တာ၊ အလုပ်အကိုင် ရှားပါးတာတွေကြောင့် စစ်ရှောင်ကာလ တစ်နှစ်ကျော် အတွင်းမှာ စားဝတ်နေရေးအခက်အခဲကို ရင်ဆိုင်နေကြရပါတယ်။ အဲဒါကြောင့် မြောက်ပိုင်းမြို့နယ်တွေဘက်ကို တချို့ပြောင်းရွှေ့လာကြတာတွေလည်း တွေ့ရပါတယ်။
မေး။ ။ လက်ရှိမှာ စစ်ဘေးရှောင်တွေက နေရပ်ပြန်ဖို့လည်း မသေချာတဲ့အနေအထားမှာ ရှိနေတယ်ဆိုတော့ သူတို့ မိုးရာသီကာလဖြတ်ကျော်ရေးအတွက် ဘယ်လိုစီစဉ်ထားပါလဲ။
ဖြေ။ ။ နေရပ်/အိမ် မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်တွေအတွက် အရေးပေါ်အကူအညီတွေ ထပ်ပေးဖို့ကိစ္စ၊ မိုးရာသီအချိန်မီ သင့်တော်တဲ့အမိုးအကာအောက်ကို ရောက်ရှိနိုင်ဖို့ကိစ္စ၊ ကျန်းမာရေးစောင့်ရှောက်မှုကိစ္စ၊ အလုပ်အကိုင်အခွင့်အလမ်းကိစ္စတွေကို လုပ်ဆောင်နေသလို ဆက်လက်လို့လည်း လုပ်ဆောင်သွားဖို့ဖြစ်ပါတယ်။
တချို့နေရပ်ပြန်နိုင်ခြေရှိတဲ့ အခြေအနေတွေအတွက် နေရပ်ပြန်နိုင်အောင် မိုင်းရှင်းလင်းတာ၊ အမိုးအကာ ပြုပြင်တာ၊ အသစ်ဆောက်ပေးတာ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ပြန်လည်ထူထောင်ပေးတာစတဲ့ ပြန်လည်ထူထောင်းရေးအကူအညီတွေရရှိအောင် သက်ဆိုင်တဲ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်လို့ စီစဉ်ပေးတာတွေ ဆက်လုပ်ပေးသွားဖို့ရှိပါတယ်။
မေး။ ။ တဆက်တည်းမှာပဲ စစ်ဘေးရှောင်ကလေးတွေရဲ့ပညာရေးကဏ္ဍ ဘယ်လိုထည့်တွက်ထားပါလဲ။
ဖြေ။ ။ လက်ရှိမှာ အာရက္ခပြည်ကမြို့နယ်အားလုံးဟာ လေကြောင်းအန္တရာယ် အထူးစိုးရိမ်ရတဲ့အတွက် ပညာရေးကဏ္ဍအတွက်နဲ့ စာသင်ကျောင်းတွေပုံမှန်ဖွင့်ပြီးတော့ ကျောင်းသားလူငယ်တွေ လူစုပြီးပညာသင်ကြားဖို့ သင့်တော်တဲ့ အခြေအနေမဟုတ်သေးပါ။ သူ့ဒေသ၊ သူ့မြို့နယ်နဲ့ လိုက်လျောညီထွေဖြစ်တဲ့ အစီအစဉ်တွေနဲ့ ပညာရေးအဆက်မပြတ်ရအောင် အာရက္ခပြည်သူ့အစိုးရ ပညာရေးဌာနအနေနဲ့ ဦးဆောင်လုပ်ကိုင်နေပါတယ်။
အောင်ထိန် (DMG) ပေးပို့သည်