“စစ်ကောင်စီရဲ့ နိုင်ငံရေး ထိုးနှက်ချက်တို့၊ သံတမန်အရေး ထိုးနှက်ချက်က အရေးပါလာမယ်လို့ ကျွန်တော်တို့ မမြင်ဘူး” ဒေါက်တာသီရိမွန်ချမ်း (စစ်ရေး၊နိုင်ငံရေး ဦးဆောင်ကော်မတီဥက္ကဌ – MSDF)

0
355
ပုံစာ - MSDF စစ်ရေး၊နိုင်ငံရေး ဦးဆောင်ကော်မတီဥက္ကဌ ဒေါက်တာသီရိမွန်ချမ်း

နိုင်ငံတော် မတည်ငြိမ်သေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်းစစ်ကောင်စီဟာ အရေးပေါ်ကာလကို နောက်ထပ် ၆ လ သက်တမ်းအဖြစ် ၂၀၂၃ သြဂုတ် ၁ ရက်နေ့ ကနေ ၂၀၂၄ ဇန်နဝါရီ ၃၁ ရက်နေ့အထိ သက်တမ်း ထပ်မံ တိုးခဲ့ပါတယ်။

တချိန်တည်းမှာပဲ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့ထားတယ်ဆိုတဲ့ သတင်းများလည်း ထွက်ပေါ်လာပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NGU) က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာရင်လည်း တော်လှန်ရေး ရပ်တည်ချက် ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါကြောင့် စစ်ကောင်စီရဲ့အရေးပေါ် ကာလ သက်တမ်းထပ်တိုးမှု၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချလာနိုင်တဲ့ အခြေအနေမှာ မွန်လူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ရပ်တည်ချက်တွေနဲ့ပတ်သက်ပြီး မွန်ပြည်ကာကွယ်ရေးတပ် (MSDF) ရဲ့ စစ်ရေး၊ နိုင်ငံရေး ဦးဆောင်ကော်မတီဥက္ကဌ ဒေါက်တာသီရိမွန်ချမ်းကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး။ ။ စစ်ကောင်စီက နိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေတဲ့အတွက် အခြေအနေတွေကို တည်ငြိမ်စေဖို့ အရေးပေါ်ကာလကို နောက်ထပ် ၆ လ ထပ်တိုးဖို့ တင်ပြခဲ့ပြီး ကာလုံကနေ ၆ လ သက်တမ်း တိုးပေးတဲ့အပေါ် ဘယ်လိုမြင်ပါလဲ။

ဖြေ။ ။ စကစသက်တမ်းတိုးတာ ကျွန်တော်တို့အနေနဲ့ အံ့ဩစရာတော့ မဟုတ်ဘူး။ အရင်ကတည်းက သုံးသပ်ပြီးတော့ ဖြစ်လာဖို့ မျှော်လင့်ထားပြီးသားပဲ။ စကစ ကနေ မရရတဲ့နည်းနဲ့ အာဏာကိုဆက်ထိန်းထားမယ်။ အရင်တုန်းက အခြေခံဥပဒေပေါ်မှာ မူတည်ပြီးတော့ ဒီလိုမျိုး သက်တမ်းတိုးဖို့ ညွှန်ထားတာရှိတယ်။ နောက်ပိုင်းမှာကျတော့ ဘာမှအကြောင်းပြချက်မရှိဘဲနဲ့ နိုင်ငံတော်ရဲ့လုံခြုံရေး၊ စစ်ရေးအခြေအနေကြောင့် တိုးတယ်လို့ အကြောင်းပြချက် ပေးတာပေါ့။ အဓိကကတော့ စကစရဲ့ အာဏာတည်မြဲရေး နောက်အာဏာ ဆက်ထိန်းထားရေးအတွက် ၆ လ တခါ တိုးတဲ့သဘောမျိုးပါ။ နောက်ထပ်လည်းတိုးဖို့ ကျွန်တော်တို့ မျှော်လင့်ထားတာ ရှိပါတယ်။

မေး။ ။ အာဏာသိမ်းကာလ နှစ်နှစ်ခွဲပြည့်ပြီးချိန်မှာ မဆိုသလောက် ပြစ်ဒဏ်အနည်းငယ်ကို လျှော့ချပေးတဲ့ အပေါ် စစ်ကောင်စီအနေနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ထွက်ပေါက်အတွက် ရှေ့ဆက် ဘယ်လိုတွေ လုပ်ဆောင်လာနိုင်မယ်လို့ မြင်ပါလဲ။

ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ လွတ်ငြိမ်းချမ်းသာခွင့် တဝက်လောက်ပေးတာကလည်း မထူးဆန်းပါဘူး။ ဒါကလည်း စကစရယ်၊ စစ်ကောင်စီအဆက်ဆက် လုပ်လာခဲ့တဲ့ နည်းလမ်းမျိုးပဲ။ အခက်အခဲနဲ့ တွေ့ကြုံတဲ့ အခါတိုင်းမှာ ဒီလိုမျိုး ထုတ်သုံးလေ့ ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါဝင်ပေါ့။ အရင်တုန်းက အကျယ်ချုပ် ချထားတယ်။ ပြန်လွှတ်တယ်။ ဒီလိုမျိုး စစ်ကောင်စီရဲ့ ဆိုက်ဝါးပေါ့။ နိုင်ငံတကာဆက်ဆံရေးတွေ ဖြစ်ဖြစ်၊ နောက်လူတွေ ထင်ယောင်ထင်မှားဖြစ်အောင် အဲဒီလိုမျိုးလုပ်လေ့ ရှိတယ်။ ဒါပေမယ့် ကျွန်တော်အမြင် မှာတော့ စကစရဲ့လုပ်ဆောင်ချက်အားလုံးကို နိုင်ငံတကာကရော၊ နောက်တော့ ပြည်တွင်းပြည်ပမှာရှိတဲ့ ကျွန်တော်တို့ မြန်မာပြည်သူပြည်သားတွေ အားလုံးပါပဲ၊ ဒါက အားလုံး နားလည်ပါတယ်။

ဒါက လုပ်လေ့လုပ်ထရှိတဲ့ ဟိုးအာဏာသိမ်းပြီးတဲ့ ၈၈ နောက်ပိုင်းမှာ ဒီအတိုင်းပဲ စလုပ်လာတာပဲ။ ၈၈ နောက်ပိုင်းမှာကျတော့ အာရုံပြောင်းသွားအောင် ရွေးကောက်ပွဲလုပ်ပြီးနောက်ပိုင်းမှာ အာဏာလွှဲပြောင်းမှုကို မလုပ်ခဲ့ဘူး။ ဟိုးနောက်ပိုင်းမှာ ညောင်နှစ်ပင်အစည်းဝေး ထပ်ခေါ်တယ်။ ၁၀ နှစ်ကျော်လောက် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရေးဆွဲခဲ့ရတယ်။ နောက်အဲဒီလိုပဲ လှုပ်ရှားခဲ့တာပဲ။ ဒါကြောင့် စကစရဲ့ဆိုက်ဝါးပဲ ပြောပြော၊ စကစရဲ့ ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်အောင် လုပ်တာတွေက နိုင်ငံတကာမှာရော၊ ပြည်သူတွေရော၊ နောက်လက်နက်ကိုင် တပ်ဖွဲ့တွေအနေနဲ့ ဘာမှထူးခြားမှု မရှိဘူးလို့ ကျွန်တော်တော့ ယုံကြည်ပါတယ်။

မေး။ ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာရင်လည်း မူဝါဒ ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ ပြောဆိုထားတယ်ဆိုတော့ ဒီအပေါ်မှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေး တိုက်ပွဲမှာ ပါဝင်နေတဲ့ မွန်လူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့တစ်ခုအနေနဲ့ NUG ပြောဆိုချက်အပေါ် ဘယ်လိုမြင်ပါလဲ။

ဖြေ။ ။ NUG အစိုးရရဲ့ ရပ်တည်ချက်နဲ့ မွန်ပြည်ကာကွယ်ရေးတပ်ရဲ့ ရပ်တည်ချက်က တထပ်တည်းပဲလို့ ပြောလို့ရတယ်။ စကစက စိတ်ဓာတ်ရေးရာ အလှည့်အပြောင်းပဲလုပ်လုပ်၊ ဒီစစ်တပ်ရှိနေသမျှ ကာလပတ်လုံး ကျွန်တော်တို့ လိုချင်တဲ့ ဖက်ဒရယ်နိုင်ငံ တည်ထောင်ဖို့ အပြောင်းအလဲဖြစ်ဖို့က မဖြစ်လာနိုင်ဘူး။ ယုံကြည်ချက် က စစ်တပ်ကို အမြစ်ပြတ် ချေမှုန်းဖို့။ ကျွန်တော်တို့ နိုင်ငံရဲ့စနစ်ပြောင်း တော်လှန်ရေးကအောင်မြင် လာမယ်။ ကျွန်တော်တို့ ယုံကြည်သလို အခုလက်နက်ကိုင် တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေး အင်အားစုပေါ့၊ နွေဦး တော်လှန်ရေးမှာ ပါနေကြတဲ့သူတွေ၊ နောက်ပြီး NUG တွေ၊ တခြားလက်နက်ကိုင်တွေလည်း မြင်နေကြတာပဲ။

စကစက ဘယ်လိုပဲ ဒေါ်အောင်ဆန်းစုကြည်ကို ဖဲပြားတစ်ချပ်အနေနဲ့ ဘယ်လိုပဲသုံးသုံး မယုံကြည်ကြတော့ဘူး။ စကစရဲ့ ကောက်ကျစ်မှုတွေ၊ လိမ်လည်မှုတွေ စစ်ကောင်စီအဆက်ဆက် ကျင့်သုံးလာတာကို ဘယ်သူမှ လက်မခံကြတော့ နွေဦးမှာပါဝင်နေကြတဲ့ တော်လှန်ရေးအဖွဲ့တွေက စကစကို လက်နက်ကိုင်တော်လှန်ခြင်းမှ အပ ဘယ်လိုမှ နိုင်ငံရေးအရ ဆွေးနွေးလို့လည်း မရဘူး။ အရင်တုန်းက နိုင်ငံရေးအရ ဆွေးနွေးလာတာပဲ။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေလည်း NCA လက်မှတ် ထိုးပြီးတော့ လက်မှတ်မထိုးခင်ကလည်း စစ်အစိုးရ အဆက်ဆက်နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်လာခဲ့တယ်။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း စစ်ကောင်စီနဲ့ စကစနဲ့ အရင်တုန်းက စစ်တပိုင်း အစိုးရတပိုင်း ချဉ်းကပ်လာခဲ့တယ်။ ဒါပေမယ့် နိုင်ငံရေးအရ စစ်တပ်ကို ပြောင်းလဲမလာနိုင်ဘူး။

အခုလက်နက်ကိုင်နေတဲ့ PDF လူငယ်တွေ၊ ကျွန်တော်တို့လို မွန်ပြည်ကာကွယ်ရေးတပ်တွေ၊ တခြားလက်နက်ကိုင် အဖွဲ့အစည်းတွေကျတော့ ဘယ်လိုပဲ လှုပ်ရှားနေပါစေတော့၊ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးပြုပါစေတော့။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင် စစ်ရေး၊ နိုင်ငံရေး မူဝါဒကျတော့ တခြားမဟာမိတ်တွေနဲ့ ပူးပေါင်းပြီး NUG အပါအဝင် PDF နဲ့ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးနဲ့ ပေါင်းပြီးတော့ လက်နက်ကိုင် တိုက်ပွဲနဲ့ ဆက်လက်ပြီး လုပ်သွားမှာပါ။ စစ်အစိုးရ အမြစ်ပြတ်ချေမှုန်းရေးနဲ့ ကျွန်တော်တို့ လိုချင်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံ ထူထောင်ရေးက ဖြစ်ပေါ်လာမှာပါ။

မေး။ ။ စစ်ခေါင်းဆောင် ပြောဆိုချက်ကိုကြည့်ရင် ရွေးကောက်ပွဲပြုလုပ်နိုင်ဖို့ မငြိမ်မသက်ဖြစ်နေတဲ့ နယ်မြေတွေကို ထိန်းချုပ်နိုင်ဖို့ သူတို့တိုးယူတဲ့ သက်တမ်းအတွင်း စစ်ရေးအရှိန် ဒီထက်ပိုပြီး တိုးချဲ့လာနိုင်မလား၊ ဘယ်လိုမြင်ပါလဲ။

ဖြေ။ ။ စကစက စစ်ရေးလှုပ်ရှားမှုတွေကို တိုးတာတော့ တိုးလာနိုင်တယ်။ ဒါပေမယ့် အခုချိန်မှာလည်း တိုးလာနိုင်တာပဲ။ သူတို့ဘက်ကလည်း ရှိသမျှ အင်အားတွေနဲ့ပေါ့။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာရော တိုက်ပွဲဝင်နေတာပဲ။ ဒါပေမယ့် စစ်ရေးအရ သူတို့မှာ အားသာချက် မရှိဘူး။ ဘာဖြစ်လဲဆို ကြည်းတပ်က စစ်ဓာတ်ရေးရာက အစ တော်တော်လေး ကျဆင်းနေတယ်။ အခုလက်ရှိ သူတို့အားကိုးနေရတာက လေတပ်ပေါ့။ ဗုံးကြဲနေတာ။ နောက် အမြှောက်တပ်၊ ပြည်သူပြည်သားတွေကို ထိခိုက်သည်ဖြစ်စေ၊ သေကြသည် ဖြစ်စေ၊ အသက်အိုးအိမ် စည်းစိမ်တွေကို ဘာမှစာနာစိတ်မထားပဲ အဝေးကနေပစ်တယ်။

ခုနက ကျွန်တော်ပြောသလို စစ်ကောင်စီရဲ့ နိုင်ငံရေး ထိုးနှက်ချက်တို့၊ သံတမန်အရေး ထိုးနှက်ချက်က အရေးပါလာမယ်လို့ ကျွန်တော်တို့ မမြင်ဘူး။ သူတို့ စစ်တပ်ရဲ့အင်အား စိတ်ဓာတ်ရေးရာ၊ ဆက်သွယ်ရေး၊ တိုက်ပွဲတခုဖြစ်ရင် စစ်ကူအင်အား ဖြည့်တင်းဖို့ တော်တော်လေး အခက်အခဲ ဖြစ်လာတယ်။ အမြှောက်တွေနဲ့ပဲ အားကိုးနေရတယ်ဆိုတော့ စစ်ရေးအရှိန် နှေးလာသည်ဖြစ်စေ နွေဦးတော်လှန်ရေးမှာ ပါဝင်နေကြတဲ့ တော်လှန်ရေး တပ်ဖွဲ့တွေအတွက် သိပ်ပြီးတော့ ထိခိုက်မှု ရှိလာနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ အကောင်းကို မျှော်လင့်ထားသလို အဆိုးအတွက်ကိုလည်း ပြင်ဆင်ထားပါတယ်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here