ချင်းပြည်နယ်တွင် စစ်အာဏာသိမ်းမှုကို ၃ နှစ်ကျော်ကြာ လက်နက်စွဲကိုင်တော်လှန်ကြရင်း ချင်းအင်အားစု အချင်းချင်းကြား နိုင်ငံရေးသဘောထားကွဲလွဲမှုသည် ညှိနှိုင်းလို့မရဘဲ ပို၍ရှုပ်ထွေးမည့်အခြေအနေ ရှိနေတာကြောင့် ချင်းတော်လှန်ရေး အင်အားစုအချင်းချင်းကြား “စင်ပြိုင်အစိုးရ” ဖွဲ့စည်းတည်ထောင်လာမည့် အခင်းအကျင်းကို မြင်တွေ့လာရသည်။
ချင်းပြည်အစိုးရတရပ် အကောင်အထည်ဖော်နိုင်ရေးအတွက် ဖွဲ့စည်းပုံပဋိညာဉ် (Charter) မူကြမ်းကို ရေးဆွဲထားပြီလို့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) နှင့် ချင်းညီနောင်အဖွဲ့ (CB) တို့က မကြာသေးခင် ရက်ပိုင်းက အသိပေးလာသည်။
ဖွဲ့စည်းပုံပဋိညာဉ် ချာတာမူကြမ်းကို ပြန်လည်သုံးသပ်အတည်ပြုရန်သာ ကျန်တော့ပြီး၊ ချင်းပြည်အစိုးရဖွဲ့ရန် အဆင်သင့်အနေအထား ပြင်ဆင်ထားမှုဖြစ်သည်ဟု ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားအဖွဲ့အချုပ် (CNO/CNDF) ဒုဥက္ကဌ ဆလိုင်းပီတာထန်က အတည်ပြုပြောထားသည်။
တဖက်တွင်လည်း ရွေးကောက်ပွဲအနိုင်ရ ချင်းလွှတ်တော်ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းထားသည့် ချင်းပြည်ကောင်စီ (Chinland Council/ CC) အဖွဲ့ဝင်များနှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ ဦးဆောင်ပြီး ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် ချင်းပြည်အစိုးရကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ချင်းပြည်မဏ္ဍိုင် ၃ ရပ် ကောင်းမွန်စွာလည်ပတ်နိုင်ရေး အတွက် လိုအပ်နေသည့်ဥပဒေများနှင့် Institution များကို ဖော်ဆောင်နေပြီးဖြစ်သည်။
ယင်းကဲ့သို့အခြေအနေမျိုးသည် အနာဂတ်ချင်းပြည်တည်ဆောက်ရေးတွင် ဘယ်လိုအကျိုးဆက်များ ဖြစ်လာနိုင်ပါလဲ။ ချင်းနိုင်ငံရေး အခင်းအကျင်းက ဘယ်လိုအပြောင်းအလဲ ရှိလာနိုင်ပါလဲ။ အဲဒီအခြေအနေများနှင့် ပတ်သက်ပြီး ချင်းတော်လှန်ရေးနှင့် အရပ်ဖက်ချင်းအင်အားစုတချို့၏ အမြင်သဘောထားတို့ကို ဆက်သွယ်မေးမြန်းပြီး စုစည်းဖော်ပြထားပါသည်။
ဆလိုင်းပေါလ် (ချင်းလဲန်းကောင်စီအထွေထွေအတွင်းရေးမှူး)
ကျနော်တို့ကတော့ လက်ရှိကျနော်တို့သွားနေတဲ့လမ်းကြောင်းအတိုင်း ဆက်ပြီးတော့သွားနေဦးမှာပဲ။ တဖက်မှာ CC နဲ့ CB ကြားထဲမှာ Third Party တွေနဲ့ ကျနော်တို့ Negotiate လုပ်တဲ့ Process တွေ ရှိပါတယ်။ အဲဒီလိုမျိုးအနေအထားမှာ ဆိုရင် သူတို့ဘက်ကနေပြီးတော့မှ အခုလိုမျိုးခိုင်မာတဲ့ ချာတာပဲပြောပြော ဖွဲ့စည်းပုံပဲပြောပြော အဲဒီဟာမျိုးကို CB ဘက်က ခိုင်ခိုင်မာမာလက်စွဲကိုင်ထားတယ်ဆိုရင် ကျနော်တို့ရဲ့ Negotiate လုပ်တဲ့ Process မှာ ပိုပြီးတော့ အသက်ဝင်လာဖို့ ကောင်းတယ်။ ကျနော်တို့ဘက်ကနေတော့ ကောင်းပါတယ်ဆိုတဲ့ အပြုသဘောဘက်ကနေတော့ မှတ်ချက်ပေးလို့ ရပါတယ်။ ဒီဟာတွေကိုကိုင်ပြီးတော့မှ ကျနော်တို့ချင်းတွေကြားထဲမှာ သဘောထားကွဲလွဲမှုလေးတွေ ရှိတဲ့ဟာကို ကိုယ့်ရဲ့အမြင်၊ ကိုယ့်ရဲ့ရပ်တည်ချက်တွေကို ချင်းပြည်သူလူထုတွေကြားထဲမှာ ပွင့်လင်းမြင်သာမှုရှိစွာနဲ့ ချပြပေးတော့မှ ညှိနှိုင်းကြတာပေါ့ဆိုတဲ့ အကောင်းဘက်ကနေပဲ မြင်ပါတယ်။
တဖက်မှာ ပြည်သူလူထုတွေအနေနဲ့လည်း ချင်းပြည်မှာ အစိုးရနှစ်ရပ် ဖြစ်လာရင် ဖြတ်သန်းသွားလာတဲ့ဟာတွေ၊ စားသောက်ကုန်တွေ၊ အခွန်ကိစ္စတွေ ကျန်တဲ့ယန္တရားလည်ပတ်တဲ့နေရာမှာ နှစ်မျိုးပုံစံမျိုးနဲ့ ဖြစ်သွားမယ့်ဟာတော့ စိုးရိမ်စရာ ဖြစ်ပါလိမ့်မယ်ဆိုတော့ ကျနော်တို့အနေနဲ့ ဒီကာလမှာ အတတ်နိုင်ဆုံး အစိုးရနှစ်ရပ်ဆိုတဲ့အထိုင်နဲ့ မစဉ်းဘဲနဲ့ ကျနော်တို့သဘောထားတွေ၊ လောလောဆယ်မူဝါဒအရ ကွဲနေတဲ့ CC နဲ့ CB ဆိုတဲ့ အထိုင်ကနေပဲ စဉ်းစားစေချင်ပါတယ်။ ခုနကပြောတဲ့ CB ကနေလည်း ချာတာဖြစ်ဖြစ် ထွက်လာတယ်ဆိုရင် ကျနော်တို့ဘက်က ဖွဲ့စည်းပုံနဲ့သွားပြီးတော့ ချဉ်းကပ်ပြီးတော့ အဲဒီအထိုင်ကနေပဲ ချင်းပြည်ရဲ့အုပ်ချုပ်ရေးယန္တရားပေါ့လေ၊ ပြည်သူလူထုကို တော်လှန်ရေးကာလမှာ ကောင်းကောင်း Service ပေးနိုင်တဲ့ အုပ်ချုပ်ရေးယန္တရားတစ်ခုကို ဖော်ဆောင်နိုင်ဖို့ပဲ ဖြစ်သင့် တယ်လို့မြင်ပါတယ်။ အဲဒီလိုဖြစ်လာဖို့လည်း မျှော်လင့်ပါတယ်။
ဆလိုင်းဒိုခါရ် (India for Myanmar)
ကျနော်တို့က အစကတည်းက အကွဲအပြဲလုပ်ရင် အထိအခိုက်များမယ်။ ပြည်သူတွေလည်း နစ်နာမယ်။ တော်လှန်ရေးလည်း နစ်နာမယ်လို့ ပြောခဲ့ဖူးတယ်။ အခုလည်း ဒီအတိုင်းသာဆက်သွားရင် ပိုရှုပ်ထွေးမှုတွေ ရှိလာမယ် ထင်တယ်။ ကျနော်က ချင်းလဲန်းကောင်စီ -CC ပဲဖြစ်ဖြစ်၊ ချင်းညီနောင် – CB ပဲဖြစ်ဖြစ် အားလုံးမပါဝင်သေးတဲ့ အစိုးရ တော့ မဖွဲ့စေချင်ဘူး။ အခုလည်း အဲအတိုင်းပဲ ရပ်တည်ချက် ပြောင်းမသွားဘူး။ နှစ်ဖက်က အစိုးရအဖွဲ့တွေ အပြိုင် ဖွဲ့လာရင် အဓိကအုပ်ချုပ်ရေးကို အပြန်အလှန်အသိအမှတ်ပြုပေးဖို့ လိုလာမယ်။ အဲလိုမလုပ်နိုင်ရင်တော့ ဒီထက်မက စစ်ရေးတင်းမာမှုတွေ ရှိလာမယ်။ ဒါတွေက ချက်ချင်းကြုံတွေ့ရမယ့်ဟာတွေပေါ့နော်။ ကျန်တာက အရင်ကတည်းက အကွဲအပြဲဖြစ်ပြီးသားဆိုတော့ ပိုပြီးတော့မှသက်ရောက်မှုက မပြောတတ်သေးဘူး။ ဒီကိစ္စဟာ အမြန်ဆုံးအဖြေရှာဖို့ လိုနေပြီ။ ICNCC နဲ့ CB က အစိုးရသစ်မဖွဲ့ခင်မှာ ICNCC ဘက်ကလည်းလိုလားတဲ့ဟာ CC ဘက်ကလည်း လိုလားတဲ့ ဟာကို အမြန်ဆုံး ဆုံမှတ်ရှာပြီးတော့မှ အပေးအယူကောင်းကောင်းနဲ့လုပ်ဖို့ လိုနေပြီ။ အမြန်ဆုံး အဖြေရှာဖို့ လိုနေပါပြီလို့ ပြောချင်ပါတယ်”
Edward (Chin Civic Movement – CCM)
ကျနော်တို့ အရပ်ဖက်အဖွဲ့အစည်းအနေနဲ့ ပြန်ပေါင်းစည်းဖို့ တောက်လျှောက်ပြောပေမယ့် တဖက်မှာ ဒီတာဝန်ရှိသူ တွေက ပြန်ပေါင်းဖို့လမ်းကြောင်း မတွေ့ရဘူးလို့မြင်တယ်။ ပေါင်းစည်းဖို့အတွက်ကို ZORO အဖွဲ့၊ နိုင်ငံတကာ အဖွဲ့တွေက တွေ့ဆုံဆွေးနွေးဖို့ဆိုပြီး လုပ်ကြတာကို ကျနော်တို့မြင်နေရတာရှိတယ်။ သို့သော် ဒီအနေအထား ဖြစ်လာတော့ ပေါင်းစည်းဖို့အတွက် တကယ်တမ်းအဆင်မပြေတော့ဘူးဆိုတာမျိုးကို အဲလိုပြောရမယ့်သဘောမျိုး ဖြစ်နေတယ်။ ဒီဟာက အလွန်စိတ်မကောင်းစရာကိစ္စဖြစ်တယ်။ စကစနဲ့ ဖြစ်နေတဲ့ ဒေါင်လိုက်ပြသနာကို ဖြေရှင်းနေရ အချိန်မှာပဲ အလျားလိုက်ပြသနာက ပိုကြီးထွားလာတာက တော်တော်လေး စိုးရိမ်စရာကောင်းတယ်။ ဒီဟာက လုံးဝ ကောင်းတဲ့ အလားအလာမဟုတ်ဘူးလို့ ကျနော်ကသုံးသပ်ချင်တယ်။ ကျနော်တို့မှာ တခြားဒေသနဲ့ မတူတာက ချင်းလဲန်းကောင်စီ -CC ၊ ချင်းညီနောင်အဖွဲ့ – CB လက်ရှိအခင်းအကျင်းကို ကြည့်မယ်ဆိုရင် နယ်မြေတွေက overlapping (ထပ်နေတာ) တွေ ဖြစ်နေတယ်။ ချင်းပြည်နယ်ကို တခြမ်းစီသွားတဲ့ဟာမျိုးမဟုတ်ဘူး။ ဒီပုံစံအတိုင်း ဆိုရင် နောက်ဆုံး မြို့တွေ၊ ရွာတွေကအစ တခြမ်းစီ ဖြစ်ကုန်မယ်။ ဒီဟာက တော်တော်ကောင်းတဲ့ အလားအလာ မဟုတ်ဘူး။
ရှေ့မှာ တော်လှန်ရေးမှာ တစိုက်မတ်မတ်လုပ်လာတဲ့ ဝါရင့်အဖွဲ့အစည်းတွေအနေနဲ့လည်းပဲ အလျော့ပေးတဲ့ အခင်းအကျင်းတွေ၊ နားလည်းပေးတဲ့အခင်းအကျင်းတွေ မရှိသလို ၊ နွေဦးတော်လှန်ရေးနဲ့ ပေါ်ပေါက်လာတဲ့အဖွဲ့တွေ မှာလည်းပဲ ဒီလိုကိစ္စပေါ်မှာ ဘယ်လိုဆောင်ရွက်ရမလဲဆိုတဲ့ အချင်းချင်းကြားထဲမှာ လုပ်တဲ့ဟာမျိုး မတွေ့ရဘဲနဲ့၊ “စင်ပြိုင်” ဖြစ်လာခြင်းက တော်တော်လေးစိတ်မကောင်းစရာ ဖြစ်တယ်။ ကျနော်တို့အနေနဲ့က အချင်းချင်းကြားထဲမှာ ဖြစ်လာမယ့်ကိစ္စနဲ့ပတ်သက်ပြီး နှစ်ဖွဲ့စလုံးက တာဝန်ခံရမှာဖြစ်တယ်။ အချင်းချင်းကြားထဲမှာ သွေးထွက်သံယိုမှုတွေ ဖြစ်လာတယ်။ ဆက်စပ်ပြီးတော့မှ ဖြစ်လာခဲ့တယ်ဆိုရင် ဒီနှစ်ဖွဲ့တာဝန်ယူရမှာ ဖြစ်တယ်။ တာဝန်ခံရမှာ ဖြစ်တယ်။ ဒီဟာက ချင်းပြည်တည်ဆောက်နေတာ မဟုတ်ဘူး။ နှစ်ဖက်အဖွဲ့တွေက Institutionalize ကိုပဲ ၊ အဖွဲ့အစည်းတွေရဲ့ အကျိုးစီးပွားကိုပဲ တည်ဆောက်နေကြတာဖြစ်တယ်။ ချင်းပြည်သူတွေအနေနဲ့လည်း ဒီအခင်းအကျင်းမှာ ဘယ်ဘက်ကို ရပ်တည်ကြမလဲဆိုတာကို မဆိုလိုဘူး။ ဘယ်ဘက်ကို ရပ်တည်ကြမလဲဆိုတာထက် ဘယ်လို ရပ်တည်ကြမလဲ၊ ဘယ်လို ပြောကြမလဲဆိုတဲ့ အခင်းအကျင်းကိုပဲ ချင်းပြည်သူတွေအနေနဲ့ စဉ်းစားဖို့အချိန်တန်ပြီ ဆိုတာပဲ ပြောချင်ပါတယ်။
KMG ပေးပို့သည်။