27 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“ကျွန်တော်တို့ ၇ ဖွဲ့ထဲနဲ့ ဘယ်လိုမှအကောင်အထည်ဖော်နိုင်တဲ့ အခြေအနေလည်းမရှိပါဘူး။ အကျပ်အတည်းတွေ ကျော်လွှားဖို့အတွက် မရှိမဖြစ် ပါသင့်ပါထိုက်တဲ့လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေ ပါရမယ်ဆိုတာက အတိအလင်း...

“ကျွန်တော်တို့ ၇ ဖွဲ့ထဲနဲ့ ဘယ်လိုမှအကောင်အထည်ဖော်နိုင်တဲ့ အခြေအနေလည်းမရှိပါဘူး။ အကျပ်အတည်းတွေ ကျော်လွှားဖို့အတွက် မရှိမဖြစ် ပါသင့်ပါထိုက်တဲ့လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေ ပါရမယ်ဆိုတာက အတိအလင်း နားလည်ထားတယ်။ သက်ဆိုင်သမျှအားလုံးကနေပြီးတော့ ဒါ တော်တော်လေးကျယ်ပြန့်ပါတယ်” ဗိုလ်မှူးကြီးစောကျော်ညွန့် / 7EAO Alliance အဖွဲ့ပြောခွင့်ရ

အပစ်ရပ် ၇ ဖွဲ့၏ စတုတ္ထအကြိမ် ဦးဆောင်အစည်းအဝေးနှင့်ပတ်သက်ပြီး 7EAO Alliance အဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကျော်ညွန့်နှင့် ဆက်သွယ်မေးမြန်းချက်။

NCA အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း မဟာမိတ် ၇ ဖွဲ့၏ ဦးဆောင်အဖွဲ့အစည်းအဝေးကို စတုတ္ထကြိမ်အဖြစ် ဧပြီ ၂၉ ရက်နှင့် ဧပြီ ၃၀ ရက်နေ့တို့တွင် အွန်လိုင်းကနေကျင်းပခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအစီအစဉ် ၅ ရပ်ကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်ဟုဆိုသည်။

ထိုအစီအစဉ် ၅ ရပ်ထဲတွင် သက်ဆိုင်သူအစုအဖွဲ့တွေအားလုံး ကြိုတင်ကန့်သတ်ချက်မထားဘဲ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် အပစ်ရပ်ရန် ဦးစားပေးထားပြီး ဖက်ဒရယ်ဒီမိုကရေစီဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးမည်ဖြစ်တာကြောင့် သက်ဆိုင်သူများ ကြိုတင်ကတိကဝတ်ရယူရန်လည်း ပါဝင်သည်။

ယင်းအပြင် ဖက်ဒရယ်ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလ အစိုးရတရပ်ဖွဲ့စည်းရန်၊ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရန်နှင့် ဖြစ်ပေါ်လာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရွေးကောက်ပွဲကျင်းပရန်တို့လည်းဖြစ်ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးကနေတဆင့် 7EAO Alliance ကနေ ဆက်လက်အကောင်အထည် ဖော်လာနိုင်မည့် ပထမဆုံးလုပ်ငန်းစဉ်က ဘာပါလဲ။ သက်ဆိုင်သူအားလုံး ပါဝင်ရေး၊ ထာဝရငြိမ်းချမ်းရေး ရရှိနိုင်ရန် အဖွဲ့အနေဖြင့် ဘယ်လိုကြားဝင်ဆောင်ရွက်မှာပါလဲ။ ထိုအခြေအနေများနှင့် ပတ်သက်ပြီး 7EAO Alliance အဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီးစောကျော်ညွန့်ကို ဆက်သွယ်မေးမြန်းထားပါသည်။

7EAO Alliance – အပစ်ရပ်မဟာမိတ် ၇ ဖွဲ့ထဲတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၊ မွန်ပြည်သစ်ပါတီ NMSP၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီALP၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/ KNLA-PC၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO- NCA/S တို့ ပါဝင်သည်။

မေး။ ။ နှစ်ရက်တာပြုလုပ်ခဲ့တဲ့အစည်းအဝေးမှာ ဖက်ဒရယ်အသွင်ကူးပြောင်းရေးအစီအစဉ်တွေကို ဗိုလ်မှူးကြီး တို့ ပြန်လည်သုံးသပ်ပြင်ဆင်တာ၊ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ အထဲမှာ ဘယ်လိုအချက်တွေ ပါဝင်ပါသလဲ။

ဖြေ။ ။ ၂၉၊ ၃၀ မှာလုပ်တဲ့ အစည်းအဝေးဆိုတာက ကျွန်တော်တို့ 7EAO Alliance ရဲ့ ဦးဆောင်အဖွဲ့ အစည်းအဝေး ဖြစ်တယ်။ ၃ လ တကြိမ် အစည်းအဝေးဖြစ်တယ်။ ကျွန်တော်တို့ အဲဒီအစည်းအဝေးမှာ ယေဘုယျ အားဖြင့်တော့ ကျွန်တော်တို့က သုံးလတာကာလအတွင်းမှာ ဖြစ်ပေါ်ပြောင်းလဲနေတဲ့ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး စတာတွေကို အပြန်အလှန် သုံးသပ်ဆွေးနွေးဖြစ်ပါတယ်။ အဲဒီ သုံးသပ်ဆွေးနွေးတဲ့အခါကြတော့ ဒီသုံးလတာ အတွင်းမှာ ထိခိုက်နစ်နာမှုက အမြင့်ဆုံးလို့သုံးသပ်မိတယ်။ ပြည်သူလူထုတွေက လေးနှစ်တာကာလမှာ လက်နက်ကိုင်စစ်ရေးဒဏ်ကို အတော်ဆိုးဆိုးဝါးဝါးခံခဲ့ရတဲ့အချိန်မှာ မတ် ၂၈ ရက်နေ့ကလှုပ်ခဲ့တဲ့ စစ်ကိုင်းငလျင် ပေါ့။ ဒါက သဘာဝဘေးပေါ့။

သူ့ရဲ့ရိုက်ခတ်မှုကိုခံစားနေရချိန်မှာ ကျွန်တော်တို့အနေနဲ့ လက်နက်ကိုင်စစ်ပွဲတွေ ကို ကြုံတွေ့နေရအချိန်မှာ ဒါတွေကျော်လွှားနိုင်ဖို့ဆိုရင် အချက် ၅ ချက်ပါတဲ့ ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အစီအစဉ် ၅ ရပ်ကို ချမှတ်နိုင်ခဲ့တယ်။ PPST တုန်းက ဆွေးနွေးချက်တွေကို ပြန်လည်အခြေခံပြီးတော့ လက်ရှိနိုင်ငံရေး ပကတိ အခင်းအကျင်းနဲ့ အကိုက်ညီဆုံးဖြစ်တဲ့ ဒီအစီအစဉ် ၅ ရပ်ကို ကျွန်တော်တို့က ဆွေးနွေးဆုံးဖြတ်ခဲ့တယ်။ အစီအစဉ် ၅ ခုဆိုတာ သက်ဆိုင်တဲ့အစုအဖွဲ့တွေကနေ ဘာမှကြိုတင် ကန့်သတ်ချက်မထားဘဲနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာ ဆောင်တဲ့ အပစ်ရပ်ဖို့ အချက်ပါပါတယ်။

နောက်အချက်ကတော့ ဖက်ဒရယ်ဒီမိုကရေစီဆိုင်ရာ ကြိုတင်ကတိကဝတ်ရယူဖို့ အဲဒီတစ်ချက်ပါပါတယ်။ နောက် နံပါတ် ၃ အချက်ကတော့ ဖက်ဒရယ်ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလ အစိုးရတရပ်ဖွဲ့စည်းဖို့ ပါပါတယ်။ နံပါတ် ၄ က ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံရေးဆွဲဖို့ ပါပါတယ်။ နောက်ဆုံး အချက်ကတော့ ရွေးကောက်ပွဲပေါ့။ ထွက်ပေါ်လာတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ရွေးကောက်ပွဲ တစ်နိုင်ငံလုံးကျင်းပဖို့ဆိုတာ အဲဒီလိုမျိုး လုပ်ငန်းစဉ် ၅ ရပ်ကိုတော့ ကျွန်တော်တို့ဆွေးနွေးချမှတ်နိုင်ခဲ့ပါတယ်။

မေး။ ။ ချမှတ်ထားတဲ့ လုပ်ငန်းစဉ် ၅ ရပ်ထဲက သက်ဆိုင်သူတွေအားလုံးပါဝင်တဲ့ အပစ်အခတ်ရပ်စဲရေးကို အရင်လုပ်ဖို့ ရှိပါလား။ ဒါမှမဟုတ် ၅ ရက်ထဲက ဘယ်အချက်ကို ဦးစားပေးလုပ်ဖို့ရှိပါလဲ။

ဖြေ။ ။ နိုင်ငံရဲ့ ပကတိရှိနေတဲ့အခြေအနေက လက်နက်ကိုင်ပဋိပက္ခဒဏ်ကို လေးနှစ်ကျော်ခံစားလာခဲ့ရတယ်။ ထိခိုက်နစ်နာဆုံးရှုံးမှုတွေကတော့ အားလုံးသိတဲ့အတိုင်းပဲလေ။ သမိုင်းတလျှောက်မှာ ထိခိုက်နစ်နာဆုံးရှုံးမှုတွေက ဒီတကြိမ်ပဲ ရှိမယ်ထင်တယ်။ စစ်ကိုင်းငလျင်ဖြစ်ပေါ်လာတဲ့အခါ ထိခိုက်ဆုံးရှုံးမှုတွေကလည်း သမိုင်းတလျှောက် မှာ ဒီလောက်ထိ ကြီးမားတဲ့ငလျင်ဒဏ်ဆိုတာလည်း ဒီတကြိမ်ပဲလို့မြင်မိတယ်လေ။

နိုင်ငံသူနိုင်ငံသားတွေက လူလုပ်တဲ့ဘေးကိုလည်း အများကြီးခံရတဲ့အချိန် လူမလုပ်တဲ့သဘာဝဘေးလည်း ထပ်ဆင့်ကြုံရတဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ထိခိုက်ပျက်စီးမှုတွေကို လူသားချင်းစာနာမှုတွေလုပ်ရမယ့်အချိန်မှာ ကျွန်တော်တို့ကိုယ်တိုင်ကပဲ ရပ်တန့်လို့ရနိုင်တဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို လျှော့ချဖို့၊ ရုပ်သိမ်းဖို့ဆိုတာ ကြိုးပမ်းသင့်တယ်လို့ ကျွန်တော်တို့ အနေနဲ့ အဲဒီလိုပဲရှုမြင်လို့ ခုနကပြောတဲ့ သက်ဆိုင်သမျှအားလုံးကနေပြီးတော့ ဘာမှကြိုတင်ကန့်သတ်ချက်တွေ မထားဘဲနဲ့ တစ်နိုင်ငံလုံးအပစ်ရပ်ဖို့ဆိုတဲ့ လုပ်ငန်းစဉ်တစ်ခုကိုတော့ လက်ရှိ ကျွန်တော်တို့ကြုံတွေ့နေရတဲ့ တစ်နိုင်ငံလုံးအကျပ်အတည်းကို လုပ်ဆောင်နိုင်ရင်တော့ အကျိုးရှိတယ်။ ကျန်တဲ့ လုပ်ငန်းစဉ်တွေအတွက်လည်း အများကြီးအထောက်အကူ ပြုနိုင်မယ်လို့ ကျွန်တော်တို့ ရှုမြင်တဲ့အတွက်ကြောင့် မို့လို့ ခုနကပြောသလိုပါပဲ၊ နံပါတ် (၁) အစီအစဉ်ဖြစ်တဲ့ အပစ်ရပ်ရေးကိုတော့ ကျွန်တော်တို့ ပထမဉီးဆုံးပြန်ပြီး ကြိုးပမ်းဆောင်ရွက်သင့်တယ်လို့ အဲဒီလိုပဲရှိပါတယ်။

မေး။ ။ ဗိုလ်မှူးကြီးတို့ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေကို SAC ၊ တော်လှန်ရေးအဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ၊ တရုတ်၊ အာဆီယံတို့လိုမျိုး သက်ဆိုင်သူအားလုံးကို ဘယ်လိုမျိုး အကြောင်းကြားဖို့ရှိပါလဲ။

ဖြေ။ ။ အခုအချိန် စစ်ရေးဘောင်က အရမ်းကိုကြီးမားကျယ်ပြန့်တယ်။ နိုင်ငံရေးဘောင်ကတော့ မရှိသလောက် ကို ကြီးမားနေတဲ့ကာလတခုပေါ့။ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ အများကြီးရှိတယ်။ ဒါက ပကတိအရှိတရားပါ။ အခုကြုံတွေ့နေရတဲ့ သက်ဆိုင်သူများအားလုံးဆိုတာက အရင်ခေတ်ကထက် အများကြီးများတယ်။ ၂၀၁၃၊ ၂၀၁၄ ကြိုးပမ်းတဲ့ကာလတုန်းကဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းက ၂၀ ကျော်ကျော်လေးပဲ ရှိတယ်။

အခုက လက်နက်ကိုင်အဖွဲ့အစည်းက တိုင်းရင်းသားအပြင် လူထုကြားမှာပေါ်ပေါက်လာတဲ့ လက်နက်ကိုင် အဖွဲ့အစည်းကလည်း အများကြီးရှိတဲ့အချိန်မှာ သက်ဆိုင်သူများအားလုံးက ဒီအစီအစဉ်ကိုလုပ်ကြမယ်ဆိုတာက အမှန်တိုင်းပြောရရင် အခက်အခဲတွေ အများကြီးရှိတယ်ဆိုတာ နားလည်ပါတယ်။ အခက်အခဲရှိတယ်ဆိုတိုင်း မလုပ်ဘဲ ဒီအတိုင်းနေတာထက်စာရင် ကျွန်တော်တို့လုပ်နိုင်တဲ့ အတိုင်းအတာကနေ စလုပ်ချင်တယ်။ 7EAO Alliance နဲ့ ထိတွေ့ဆက်ဆံနေတဲ့ နိုင်ငံရေးအင်အားစုတွေရှိတယ်။ နိုင်ငံရေးပါတီတွေ ရှိတယ်။

CSO တွေ တခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့လည်း ထိတွေ့ဆက်ဆံနိုင်အောင် ကျွန်တော်တို့ ကြိုးစားသွားမယ်။ 7 EAO Alliance အနေနဲ့က ဦးဆောင်အဖွဲ့က ၃ လ တကြိမ်ဆိုပေမယ့် အတွင်းရေးမှူးအဖွဲ့က တစ်ပတ်တကြိမ် ပုံမှန်လုပ်ဆောင်နေကျဖြစ်တဲ့အတွက်ကြောင့် ဘယ်လိုပုံစံ တွေ့ဆုံမလဲ ဆိုတာ အဖွဲ့အစည်းအဝေးတွေကနေ လမ်းစရှာမှာဖြစ်သလို ထိတွေ့ဆက်ဆံနေတဲ့ နိုင်ငံတကာ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေပဲဖြစ်ဖြစ် တွေ့ဆုံပြီး လမ်းစရှာဖို့ ကြိုးစားသွားမယ်လို့ လောလောဆယ် အဲဒီလိုပဲရှိပါတယ်။

မေး။ ။ အပစ်အခတ်ရပ်စဲရေးကိစ္စဖြစ်လာနိုင်ဖို့ စစ်ကောင်စီနဲ့ EAO တွေအပါအဝင် တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေကြားကို ဗိုလ်မှူးကြီးတို့အဖွဲ့က ကြားဝင်ဖို့ရှိမလား။ ဒါမှမဟုတ် အာဆီယံလို ဒေသတွင်း အဖွဲ့တွေကနေတဆင့် ကြားဝင်သွားဖို့ရှိမလား။ အဲဒီအတွက် ဗိုလ်မှူးကြီးတို့ ဘာစဉ်းစားချက်ရှိပါလဲ။

ဖြေ။ ။ တွေ့ဆုံဆွေးနွေးပြီး လမ်းစပေါ်လာမယ့်ကိစ္စကတော့ အခက်အခဲအများကြီးရှိတယ်ဆိုတာ ကျွန်တော်တို့လည်း နားလည်ပါတယ်။ နိုင်ငံရေးအရပြောမယ်ဆိုရင် တော်တော်လေး မျက်နှာပန်းမလှဘူးပေါ့ လေ။ လက်နက်ကိုင်ပဋိပက္ခ ပြည်တွင်းစစ်က ရေပန်းစားနေတော့ အခက်အခဲတွေ အများကြီးရှိမယ်ဆိုတာ နားလည်ပါတယ်။ လူတွေလုပ်တဲ့ ပြည်တွင်းစစ်ပေါ့။ လက်နက်ကိုင်ပဋိပက္ခကို ကျွန်တော်တို့ လေးနှစ်ကျော် ခံခဲ့ရတယ်။ အခုတခါ သဘာဝဘေးဒဏ်ကိုလည်းခံခဲ့ရတယ်။

သက်ဆိုင်တဲ့အဖွဲ့တွေကလည်း သဘာဝဘေးရဲ့ထိခိုက်မှုတွေကို တိုးတက်အောင်ဆောင်ရွက်နေသလို လူတွေ ဖန်တီးတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို လျော့ကျလာအောင်၊ ပပျောက်လာအောင် စဉ်းစားချက်တွေ ရှိလာနိုင် တယ်လို့ ကျွန်တော်တော့ အဲဒီလိုမျိုးပဲခံစားမိတယ်လေ။ အခက်အခဲကတော့ ရှိမယ်။ သို့သော်လည်းပဲ လုပ်ငန်းစဉ် တစ်ခုကတော့ လုပ်သင့်လုပ်ထိုက်လို့ အဲဒီလိုမျိုးပဲရှိတယ်။ ဒီအချိန်မှာ ခုနက နိုင်ငံတကာကလည်းပဲ ငလျင်ဖြစ်ပြီး နောက် ပြန်လည်နေရာချထားရေးတို့ အိမ်နီးချင်းနိုင်ငံတွေရော အရင်ကထက်စာရင် စိတ်ပါဝင်စားမှု ရှိလာတယ်။

ပူးပေါင်းဆောင်ရွက်မှုကလည်း ထင်သာမြင်သာရှိလာတဲ့အတွက် ဒါကိုအခွင့်ကောင်းယူပြီးတော့ ကျွန်တော်တို့ရဲ့ တစ်နိုင်ငံလုံး ကြုံတွေ့နေရတဲ့ လက်နက်ကိုင်ပဋိပက္ခအကျပ်အတည်းကို ထွက်ပေါက်ရနိုင်ဖို့အတွက် ကျွန်တော်တို့ အနေနဲ့ နိုင်ငံတကာရဲ့အားကိုလည်းကောင်း ကျွန်တော်တို့ကိုယ်တိုင်လုပ်နေတဲ့အားကိုရော ပြိုင်တူစုပေါင်း တွန်းလှန်ကြမယ်ဆိုရင် ထွက်ပေါက်များရနိုင်မလားလို့ ကျွန်တော်တို့အနေနဲ့ အဲဒီလိုမျိုးပဲ တွန်းအားသစ် ဖြစ်လားပေါ့။

မေး။ ။ နောက်ဆုံးအနေနဲ့ ငလျင်လှုပ်ပြီးနောက်ပြီး မြန်မာ့အရေးက အာရုံစိုက်မှု ပိုအားကောင်းလာတာဆိုတော့ ဗိုလ်မှူးကြီးတို့ချမှတ်လိုက်တဲ့ လုပ်ငန်းတစ်ခုချင်းစီကို အကောင်အထည်ဖော်ဖို့ ဘယ်လောက်အတိုင်းအတာအထိ ဖြစ်နိုင်ပါလဲ။ ဘယ်တော့လောက် အကောင်အထည်ဖော်နိုင်လဲ။

ဖြေ။ ။ ကျွန်တော်တို့လုပ်ငန်းစဉ် ၅ ရပ်ကလေ သေသေချာချာဖတ်ကြည့်မယ်ဆိုရင်ပေါ့၊ ကျွန်တော်တို့ ၇ ဖွဲ့ထဲနဲ့ ဘယ်လိုမှအကောင်အထည်ဖော်နိုင်တဲ့ အခြေအနေလည်းမရှိပါဘူး။ အကျပ်အတည်းတွေ ကျော်လွှားဖို့အတွက် မရှိမဖြစ် ပါသင့်ပါထိုက်တဲ့လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေပါရမယ်ဆိုတာက အတိအလင်းနားလည်ထားတယ်။ သက်ဆိုင်သမျှအားလုံးကနေပြီးတော့ ဒါတော်တော်လေးကျယ်ပြန့်ပါတယ်။ ဒါကြောင့်မို့လို့ ဒီလိုမျိုး ကြီးမား ကျယ်ပြန့်တဲ့ လုပ်ငန်းစဉ်ပေါ့။

လက်ရှိကျွန်တော်တို့နိုင်ငံမှာ တခါမှမကြုံဖူးတဲ့ အကျပ်အတည်းဆိုးကြီးကို ကျွန်တော်တို့ကျော်လွှားဖို့အတွက် သက်ဆိုင်သူအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ရမယ့်အလုပ်ကို ကျွန်တော်တို့ ၇ ဖွဲ့ ထဲကပဲ ဘယ်ကဲ့သို့လုပ်မယ်၊ အဲဒီလိုမျိုးပြောဆိုတယ်ဆိုတာကလည်း ဘယ်လိုပဲဖြစ်ဖြစ် ဒီအစီအစဉ် ၅ ရပ်ကို လုပ်နိုင်တယ်ဆိုရင် ထွက်ပေါက်များရနိုင်မလားဆိုတဲ့ မျှော်လင့်ချက်ရှိတဲ့အပေါ်မှာ ဒီလုပ်ငန်းစဉ်တွေဟာ ကျွန်တော်တို့လုပ်တဲ့ အခါကြရင် မပါမဖြစ် ပါထိုက်တဲ့သက်ဆိုင်တဲ့လူတွေနဲ့ ညှိနှိုင်းဆွေးနွေးပြီးမှပဲ အတူတကွ ကြိုးပမ်းလုပ်ဆောင် ရမယ့် လုပ်ငန်းစဉ်တွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒါကလည်းပဲ သက်ဆိုင်သူတွေအားလုံး ဘယ်လောက်အထိ ကျွန်တော်တို့ ညှိနှိုင်းတိုင်ပင် ဆွေးနွေးပြောဆိုမှုတွေလုပ်နိုင်မလဲဆိုတဲ့ အခြေအနေပေါ်မှာပဲ ဘယ်အချိန်မှာ၊ ဘယ်လိုလုပ်မယ် ဘယ်လိုအကျိုးရလဒ်တွေ ရနိုင်မလဲဆိုတာ အတိအကျပြောလို့ရမယ်ထင်ပါတယ်။

သံလွင်တိုင်းမ် ပေးပို့သည်။