ULA/AA ဗိုလ်ကြီးတစ်ဦး၏ ထိုးကြိတ်ရိုက်နှက်မှုခံခဲ့ရသည့် ပလက်ဝမြို့နယ် ခဝဲကျေးရွာနှစ်ခြင်းအသင်းတော်၏ သင်းအုပ်ဆရာတစ်ဦးဖြစ်သူ သိက္ခာတော်ရဆရာ ဦးလိုဒိန်းအား ထိုဖြစ်စဉ်အပါအဝင် ULA/AA အုပ်ချုပ်ရေးလက်အောက်ရှိ ပလက်ဝမြို့ အခြေအနေနှင့်ပတ်သက်ပြီး ဆက်သွယ်မေးမြန်းချက်။
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော် AA က ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် စစ်ကောင်စီလက်ထဲကနေ အလုံးစုံသိမ်းပိုက်လိုက်ပြီးနောက် အာရက္ခအစိုးရအုပ်ချုပ်ရေးလည်ပတ်နေသည်မှာ ယခုဆိုရင် ၁ နှစ် ကျော်ရှိလာပြီဖြစ်သည်။
စစ်ကောင်စီကင်းစင်ပြီဖြစ်သည့် ပလက်ဝမြို့နယ်တွင် ULA/AA က အုပ်ချုပ်ရေးလုပ်ငန်းဖော်ဆောင်နေသည့် တစ်နှစ်ကျော်ကာလအတွင်း ပလက်ဝဒေသခံပြည်သူတို့ကြား ဘာသာရေးလွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတချို့ ရှိနေတာကြောင် နေရပ်အိုးအိမ်စွန့်ခွါထွက်ပြေးသူတချို့လည်း ယနေ့ချိန်ထိရှိနေဆဲဖြစ်သည်ဟု ပလက်ဝမြို့နယ်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတို့က ပြောပါသည်။
အာရက္ခတပ်တော် ULA/AA က ပလက်ဝမြို့နယ်တွင် လူစုလူဝေးပြုလုပ်ခွင့် ပိတ်ပင်မှု၊ ခရစ်ယာန်ဘုရားကျောင်း ဝတ်ပြုမှုဆိုင်ရာကိစ္စတချို့အား ကန့်သတ်မှု၊ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တို့ကို ပံ့ပိုးသည်ဟုဆိုပြီး ဒေသခံပြည်သူတချို့ကို ဖမ်းဆီးထိန်းသိမ်းမှုအပြင် မုဒိန်းမှု၊ တရားခံမပေါ်သည့်လူသတ်ခံရမှုတို့လည်း ဖြစ်ပွားခဲ့သည်ဟု ဒေသခံတချို့နှင့် အရပ်ဖက်အဖွဲ့တို့က ပြောဆိုသည်။
ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်နေ့ကလည်း ULA/AA ဗိုလ်ကြီးတစ်ဦးက မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ် MBC အသိအမှတ်ပြုထားသည့် အမှုတော်ဆောင်တစ်ဦးလည်းဖြစ်ပြီး ပလက်ဝမြို့နယ် ခဝဲကျေးရွာ နှစ်ခြင်းအသင်းတော်၏ သင်းအုပ်ဆရာဖြစ်သူ သိက္ခာတော်ရဆရာ ဦးလိုဒိန်းကို အကြောင်းမဲ့ ထိုးကြိတ်ရိုက်နှက်ခဲ့မှု ဖြစ်ပွားခဲ့သည်။
ထိုသို့ အကြောင်းမဲ့ ထိုးကြိတ်ရိုက်နှက်ခံခဲ့ရသည့် သိက္ခာတော်ရဆရာ ဦးလိုဒိန်းအား ထိုဖြစ်စဉ်အပါအဝင် ULA/AA အုပ်ချုပ်ရေးလက်အောက်ရှိ ပလက်ဝမြို့အခြေအနေနှင့်ပတ်သက်ပြီး ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ ပလက်ဝမြို့နယ်၊ ခဝဲကျေးရွာမှာ ဘယ်လိုပုံစံမျိုးနဲ့ အမှုတော်ဆောင်တာလဲ။ ဘယ်လောက်ကြာပြီလဲ။
ဖြေ။ ။ ကျွန်တော်က ခရစ်ယာန်အမှုတော်ဆောင်တစ်ဦးဖြစ်ပါတယ်။ မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန်အသင်းချုပ် ဓမ္မဝန်ဆောင်ကတ်အမှတ်- ၁၂၁၂၄ ကို ကိုင်ဆောင်တဲ့ သိက္ခတော်ရပါစတာတစ်ပါးဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ် ကျမ်းစာကျောင်းဆင်းပြီးကတည်းက အမှုတော်ထဲမှာပါဝင်ပြီး ကြားကာလမှာလည်း ကျမ်းစာကျောင်းဆက်တက် တာလည်းရှိတော့ ခဝဲနှစ်ခြင်းအသင်းတော်မှာ တာဝန်ထမ်းဆောင်တာကတော့ ၂၀၁၈ -၂၀၂၅ အထိ သင်းအုပ်ဆရာအဖြစ် အမှုတော်မှာပါဝင်ခဲ့ပါတယ်။
မေး။ ။ ပလက်ဝမြို့နယ်မှာ အမှုတော်ဆောင်ခြင်းနဲ့ပါတ်သက်ပြီး အရင်အာဏာမသိမ်းခင်ကနဲ့ အခု အာဏာသိမ်းပြီးနောက်ပိုင်း ဘယ်လိုကွာခြားမှုရှိပါလဲ။
ဖြေ။ ။ အမှုတော်ဆောင်ခြင်းနှင့်ပတ်သက်ပြီး အာဏာမသိမ်းခင်မှာတော့ ကျွန်တော့်အတွက်ဆိုရင် အခက်အခဲဆိုလို့ သိပ်ပြီးမသိရပါ။ အခုမှာမှ ကျွန်တော်တို့ပလက်ဝမှာ ဘာသာရေးကိစ္စတွေမှာလည်း အကန့်အသက်များစွာနဲ့ လုပ်ဆောင်နေရတယ်။ နှစ်စဥ်ပုံမှန်ပြုလုပ်တဲ့ အသင်းတော်ဆိုင်ရာအစည်းအဝေးတို့၊ ဘာသာရေးသင်တန်းတို့ကိုလည်း လွတ်လပ်စွာ ပြုလုပ်လို့မရဖြစ်နေတယ်။
မေး။ ။ အခုလက်ရှိ ပလက်ဝမြို့နယ်ကို AA ထိန်းချုပ်ပြီးတဲ့နောက်မှာ ဘာသာရေးလွတ်လပ်ခွင့်၊ ဘာသာရေးအခြေအနေနဲ့ပတ်သက်ပြီး ဘယ်လိုအခြေအနေရှိပါလဲ။
ဖြေ။ ။ ဘာသာရေးနှင့်ပတ်သက်ပြီး သူတို့ (AA) ပြောလေ့ရှိတာက ဘာသာရေးခေါင်းဆောင်များကိုလည်းကောင်း၊ ဘာသာတရားကိုလည်းကောင်း လေးစားတယ်ဆိုပြီး ပြောကြသော်လည်းပဲ မြေပြင်လက်တွေ့မှာတော့ အတားဆီး၊ အဟန့်အတားများ ရှိနေတယ်။ ဘာသာရေးခေါင်းဆောင်တွေအပေါ်လည်း မယုံသင်္ကာမှုနှင့် အမြဲစောင့်ကြည့်နေတဲ့သဘောရှိတယ်။
မြေပြင်လက်တွေ့မှာ အတားအဆီး၊ အဟန့်အတားဆိုတာက ဘာသာရေးလွတ်လပ်မှု ကန့်သတ်ခံရခြင်း၊ ဘာသာရေးအစည်းအဝေး၊ သင်တန်းတွေကို ရက်အကန့်အသတ်၊ လူအကန့်အသတ်နဲ့ AA ရဲ့ ခွင့်ပြုချက်ရမှပဲ လုပ်ခွင့်ရှိတာကို ဆိုလိုတာပါ။ မယုံ မသင်္ကာဆိုတာက ရှင်းရှင်းပြောရရင် ULA/AA တို့က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်။
မေး။ ။ AA အရာရှိတစ်ဦးက ရိုက်နှက်ခဲ့တယ်လို့လည်း ကြားသိရတယ်။ ဒီအခြေအနေနဲ့ပါတ်သက်ပြီး ဘာကြောင့် ရိုက်နှက်ခံရတာပါလဲ၊ အဲအခြေအနေကို ပြောပြပေးပါဦး။
ဖြေ။ ။ ပြီးခဲ့တဲ့ ဧပြီလ ၁၄ – ၁၆ ရက်နေ့အထိ ဘာသာရေးသင်တန်းပြုလုပ်ခဲ့တယ်။ သင်တန်းအပြီး ၁၇ ရက်နေ့ည ဘုရားရှေ့ခိုးပြီး အိမ်အပြန်၊ ရွာလယ်ရောက်တော့ AA တပ်သားတစ်ယောက်ကခေါ်လို့ လိုက်သွားတာ စခန်းရောက်တော့ ထိုးနှက်တော့တာပဲ။ ဘာကြောင့်ထိုးတာလဲဆိုတာလဲ မပြောဘဲ ဗမာအားကိုးတဲ့သူ၊ CDF ဘယ်နှစ်ဖွဲ့ရှိလဲလို့မေးတယ်။ မသိဘူးဖြေတော့လဲ မရဘူး ထိုးတာပဲ၊ ရခိုင်ပြည်မှာ လေယာဥ်က ဗုံးကြဲတာသိလားတဲ့ မသိဘူးဆိုလည်း ထိုးတာပဲ။
ခေါင်းဆောင်က ဘယ်သူလဲတဲ့ ခေါင်းဆောင်မသိဘူးဆိုလည်း ခင်များပဲပေါ့တဲ့ စသဖြင့် မဆီမဆိုင်တဲ့အရာတွေကို မေး၊ အပြစ်ရှာပြီး ဆဲတယ်၊ ထိုးတယ်၊ ခြေထောက်နဲ့ကန်တယ်။ သေနတ်နဲ့ပစ်ဖို့လည်းပြောတယ် ပစ်တော့ မပစ်ဘူး။ ဒါပေမဲ့ကျွန်တော့်မှာ စဥ်းစားလေလေ၊ ကြောက်စိတ်ဝင်လာလေလေ ဖြစ်တော့တာပေါ့နော်။ စိတ်ဒဏ်ရာရနေပြီလေ၊ အိပ်လည်းမပျော်၊ စားလို့လည်းမဝင်တော့ဘူး၊ တော်ကြာ ပြန်ခေါ်လာမလားဆိုပြီး ကြောက်စိတ်က အမြဲရှိတော့တာပဲ။
မေး။ ။ အဲဒီလို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေခံစားရတာကို ဘယ်လိုကျော်လွှားလာခဲ့ရလဲ။
ဖြေ။ ။ ကျွန်တော့်ကို စောင့်ကြည့်နေတယ်လို့ပြောတော့ နောက်ထပ် အပြစ်မရှိ အပြစ်ရှာပြီး ထိုးနှက်ခံရမှာ ကြောက်တယ်။ ကျွန်တော်တို့ပြည်သူဘက်ကနေ ရပ်တည်ပေးမဲ့သူလဲမရှိတော့ သူတို့ဆီကနေ လုံခြုံတဲ့နေရာ ထွက်လာခဲ့ရတယ်။ ကျွန်တော့်ကို အပြစ်မရှိ အကြောင်းမဲ့သက်သက် အပြစ်ရှာနေအုံးမှာဖြစ်လို့ တရားဥပဒေမရှိ၊ အကာအကွယ်လည်းမရှိတဲ့အပြင် လူ့အခွင့်အရေး၊ ဘာသာရေးအခွင့်အရေးလဲ မရှိတဲ့အတွက် ထွက်ပြေးလာရခြင်း ဖြစ်ပါတယ်။
မေး။ ။ ထိုးနှက်ခံခဲ့ရတဲ့ ဒါဏ်ရာတွေကိုရော ဘယ်လိုကုသခဲ့ရလဲ။ လက်ရှိမှာရော ဒါဏ်ရာအခြေအနေ ဘယ်လိုရှိပါလဲ။
ဖြေ။ ။ ရိုက်နှက်ခံရပြီး ရွာမှာ ၅ ရက်နေခဲ့ပါတယ်။ ဒဏ်ရာလို့ ပြောရမှာပေါ့၊ ထိုးကြိတ်ခဲ့တဲ့ဒဏ်ကို ကိုယ့်နည်းကိုဟန်နဲ့ လူသူမသိအောင် ဆေးထိုးတတ်တဲ့သူကိုခေါ်ပြီး ကုသခဲ့ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော့ကို ထိုးကြိတ်ခဲ့တဲ့ဟာကို ဘယ်သူ့ကိုမှမပြောနဲ့ ပြောတာသိရင်မလွယ်ဘူးလို့ ခြိမ်းခြောက်ထားတယ်ဆိုတော့ ကြောက်ရတယ်လေ။ နည်းနည်းသက်သာပြီဆိုမှ ရွာကနေ ထွက်လာလိုက်ရတာပါ။
အဲဒီတုန်းက မျက်နှာကအစ တကိုယ်လုံးမှာ ထိုးနှက်ဒါဏ်ကြောင့် အကုန်လုံး ညိုမဲကုန်တာပေါ့နော်။ အခုကတော့ အဲဒါတွေ သက်သာပါပြီ။ ဒါပေမဲ့ ကျွန်တော့ရင်အုပ် အထိုးခံလိုက်ရတုန်းက နံရိုးထိထားတာရှိတယ်၊ နှိပ်တတ်တဲ့သူပြောတာတော့ အရိုးကျိုးမသွားဘူး၊ ဒါပေမဲ့ အလေးမလို့ မရသေးဘူး၊ အခုထိနာနေတုန်းပဲ။
မေး။ ။ ရိုက်နှက်ခံရပြီးနောက်ပိုင်း AA ဘက်က အကျိုးအကြောင်းရှင်းပြတာ၊ တောင်းပန်တာကအစ ဒါဏ်ရာနဲ့ပတ်သက်လို့ တာဝန်ယူကုသပေးတာမျိုးရှိပါလား။
ဖြေ။ ။ သူတို့ဘက်ကတော့ အခုထိ ဘာအကျိုးအကြောင်းမှရှင်းပြတာ မရှိသေးသလို တောင်းပန်တာလည်း မရှိတဲ့အပြင် ဆေးကုသမှုနဲ့ပတ်သက်လို့လည်း တာဝန်ယူတာ လုံးဝ မရှိပါဘူး။
မေး။ ။ အခုလို ခရစ်ယာန်အမှုတော်ဆောင်တစ်ပါးကို AA က ကိုယ်ထိလက်ရောက် ကျူးလွန်တဲ့အပေါ်မှာရော ဘာများပြောချင်လဲ။
ဖြေ။ ။ အခုလို ခရစ်ယာန်အမှုတော်ဆောင်တစ်ပါးကို ဘယ်လိုအပြစ်တစုံတခုမှလည်းမရှိဘဲနဲ့ ဒီလိုလုပ်ရဲတာကို အံသြလို့ မဆုံးဘူးဗျာ။ သူတို့မှာ လူစိတ်ရောရှိသေးသလား။ ဒါမှမဟုတ် ဆေးကြောင့်များလားလို့တောင် တွေးမိပါတယ်။ ဘာလို့ ဒီလိုပြောရတာလဲဆိုတော့ ကျွန်တော့်အနေနဲ့တော့ ကိုယ်တိုင်ကြုံဖူးတာမရှိပေမဲ့ အရင်ကလဲ သူတို့ဆေးသုံးတယ်ဆိုပြီး ကောလဟာလတွေ ကြားဖူးတယ်။ အခုကျွန်တော့်ကို ဘာမှန်းမသိ ရိုက်နှက်တာကြည့်ရင် ဆေးများသုံးသလားလို့ တွေးမိတဲ့သဘောပါ။
မေး။ ။ ဖြည့်စွက်ပြောကြားချင်တာများရှိရင် ပြောပေးပါအုံး။
ဖြေ။ ။ ကျွန်တော်တို့ပလက်ဝဒေသခံတွေအနေနဲ့ နောက်ထပ် လူ့အခွင့်အရေးချိုးဖောက်မခံရတော့ဖို့ လိုအပ်တယ်။ ကျွန်တော်တို့ဒေသအတွင်းက လက်နက်ကိုင်အဖွဲ့အစည်းတွေကို မျက်ခြေမပျက်စောင့်ကြည့်ဖို့ လိုသလို အမှန်ကိုအမှန်အတိုင်း ပြောရဲကြဖို့လဲ လိုအပ်တယ်ဆိုတာ ကျွန်တော်ပြောချင်ပါတယ်။ ပလက်ဝနယ်မှာ နောက်ထပ် မဖြစ်ရလေအောင် လူတိုင်းမှာတာဝန်ရှိပါတယ်။ လူ့အခွင့်ရေးချိုးဖောက်ခံရတဲ့အရာကို နှုတ်ပိတ်မနေဘဲ အမှန်ကိုအမှန်တိုင်း ပြောရဲဖို့လိုတာပေါ့။
KMG ပေးပို့သည်။