ကလေးမြို့တောင်ပိုင်းက စစ်ဘေးရှောင်ပြည်သူတို့၏ နေထိုင်မှုအခက်အခဲ၊ စားနပ်ရိက္ခာလိုအပ်မှုအပါအဝင် ကျန်းမာရေးအခြေအနေတို့နှင့် ပတ်သက်ပြီး ကလေးစစ်ဘေးရှောင်ကူညီရေးအဖွဲ့၏ တာဝန်ရှိသူတဦးနှင့် ဆက်သွယ်မေးမြန်းချက်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကို ဇန်နဝါရီ ၃၁ ရက်နေ့ကစပြီး ဖေဖော်ဝါရီ ၁၉ ရက်နေ့အထိ ဆက်တိုက်ပင် စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ကလေးတောင်ပိုင်းဒေသမှ အရပ်သားပြည်သူ ၂၀ နီးပါး သေဆုံးခဲ့ရပြီး အနည်းဆုံးကျေးရွာ ၁၅ ရွာက ဒေသခံပြည်သူ တစ်သောင်းကျော်သည် အရေးပေါ် စစ်ဘေးတိမ်းရှောင်နေကြရသည်။
လက်ရှိအချိန်ထိလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကို နေ့စဉ်နီးပါး ပြုလုပ်နေဆဲဖြစ်တာကြောင့် ဒေသခံပြည်သူများသည် မိမိနေရပ်ကို မပြန်နိုင်ကြသေးဘဲ တောတောင်တွေထဲတွင် အဆင်ပြေသလို နေထိုင် စားသောက်နေကြရသည်။
စစ်ရှောင်နေထိုင်ရာအရပ်ဒေသတွင် မသန့်ရှင်းသောရေကို သောက်သုံးမှုကြောင့် စစ်ဘေးရှောင်ရာချီသည် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အရေပြားရောဂါ စသည့် ကျန်းမာရေးပြဿနာများကိုလည်း ရင်ဆိုင်နေကြရသည်။
ကလေးတောင်ပိုင်းက စစ်ဘေးရှောင်ပြည်သူတို့၏ လက်ရှိ နေထိုင်မှုအခက်အခဲ၊ စားနပ်ရိက္ခာလိုအပ်မှု အပါအဝင် ကျန်းမာရေးအခြေအနေတို့နှင့် ပတ်သက်ပြီး စစ်ဘေးရှောင်များကို မြေပြင်တွင်သွားရောက်ကူညီပေးနေသည့် ကလေးစစ်ဘေးရှောင်ကူညီရေးအဖွဲ့က တာဝန်ရှိသူတဦးကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ ကလေးတောင်ပိုင်းဒေသမှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေး တိမ်းရှောင်နေကြရတဲ့ရွာပေါင်းက ဘယ်လောက်ရှိသွားပြီလဲ။ လူဦးရေအားဖြင့် ဘယ်လောက်ရှိပါလဲ။
ဖြေ။ ။ စစ်ကောင်စီရဲ့လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့်မို့လို့ ကျေးရွာတော်တော်များများ အများဆုံး ၁၅ ရွာလောက်က ဘေးကင်းအောင် ထွက်ပြေးတိမ်းရှောင်နေကြရတယ်။ စစ်ဘေးရှောင်နေကြရတဲ့ ပြည်သူတွေကတော့ တစ်သောင်းကျော်တော့ ခန့်မှန်းထားပါတယ်။
မေး။ ။ စစ်ဘေးရှောင်တွေက အဓိက ဘယ်နေရာမှာတိမ်းရှောင်နေကြတာပါလဲ။ ဘယ်လိုပုံစံမျိုးနဲ့ နေထိုင်နေ ကြတာပါလဲ။
ဖြေ။ ။ ကလေးတောင်ပိုင်းစစ်ရှောင်တွေကြတော့ အတိကျတော့ ဖော်ပြလို့မရဘူး။ ဘာကြောင့်လဲဆိုရင် စစ်ကောင်စီရဲ့ယုတ်မာမှုတွေက အပြစ်မဲ့ပြည်သူတွေအပေါ်မှာ ထိခိုက်တာတွေ ဖြစ်တော့လေ၊ အတိအကျ ပြောလို့မရဘူး။ နေရာအနှံ့အပြားပေါ့နော်။ သူတို့ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကနေ ဘေးကင်းလုံခြုံမှုဆိုတဲ့ နေရာတွေမှာ စစ်ဘေးရှောင်တွေကတော့ နေထိုင်နေကြရတယ်။ ရှောင်တိမ်းနေထိုင်ကြရပါတယ်။
မေး။ ။ စစ်ဘေးရှောင်တွေထဲမှာ အမျိုးသမီးနဲ့ကလေးငယ်တွေရော ဘယ်လောက်များများပါဝင်ပါလဲ။
ဖြေ။ ။ အများဆုံးလို့ ပြောလို့ရပါတယ်။ ကျွန်တော်တို့အဖွဲ့ဆိုရင် တောက်လျှောက်စစ်ဘေးရှောင်တွေကို ထောက်ပံ့ရေးလုပ်ဆောင်နေတော့ အများအားဖြင့်တွေ့လိုက်ရင် ကလေးငယ်နဲ့ အမျိုးသမီးတော်တော်များများ တွေ့ရပါတယ်။
မေး။ ။ လက်ရှိမှာ သူတို့နေရပ်ကိုပြန်လည်နေထိုင်ဖို့က ဘယ်လိုအခြေအနေရှိပါလဲ။
ဖြေ။ ။ အခုလက်ရှိလတ်တလောမှာ စစ်ရှောင်နေကြတဲ့ ကျေးရွာတော်တော်များများက ပြည်သူကတော့ ကျေးရွာ (၂၀) လောက်မှာ (၅) ရွာလောက်ပြန်လို့ရတယ်။ နောက်ထပ် (၁၅) ရွာလောက်ကတော့ ပြန်လို့ မရသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူမရှိရင်တောင် မနေ့ (ဖေဖော်ဝါရီ ၁၉) ရက်ကဆိုရင် ဒိုးနွယ်ကျေးရွာ ကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်သွားတယ်။ အဲ့လို ဖြစ်စဉ်တွေလည်းရှိတယ်။
သူတို့က တိုက်ပွဲမရှိဘဲနဲ့ အပြစ်မဲ့ပြည်သူရှိတဲ့နေရာတွေကို အဓိက ဗုံးကြဲတိုက်ခိုက်တယ်။ ဘယ်သူ့မှ ကျေးရွာတွေ ထဲကိုပြန်ဖို့ တော်တော်လေးစိုးရိမ်နေကြတယ်။ ထိတ်လန့်နေကြတယ်။ ကျေးရွာမှာမရှိရင်တောင် ဘေးကင်းရာ တွေမှာ နေထိုင်ကြပေမယ့် သူတို့ရှိတဲ့နေရာမှာ လုံခြုံမှုဆိုတာ မခံစားကြတော့ဘူး။ စစ်ဘေးရှောင် ပြည်သူတွေ ကတော့ လေယာဉ်သံကြားရရင် အမြဲတမ်းစိုးရိမ်ထိတ်လန့်နေကြတယ်။ ဒါကြောင့် ရွာထဲပြန်ဝင်ဖို့ကတော့ တော်တော်လေး အချိန်ယူရအုံးမယ်။
မေး။ ။ စစ်ဘေးရှောင်တွေ နေ့စဉ်စားဖို့သောက်ဖို့အတွက် ဘယ်လိုစီမံဆောင်ရွက်ကြပါလဲ။
ဖြေ။ ။ ကျွန်တော်တို့အဖွဲ့အနေနဲ့ကတော့ ပထမဆုံးက စစ်ရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရတဲ့နေရာတွေကို လတ်တလော စားနပ်ရိက္ခာတွေကိုထောက်ပံ့တယ်။ တကိုယ်ရေးသုံး ဆပ်ပြာတို့၊ အိမ်သာခွက်တို့၊ ယာယီတဲလေးတွေ မိုးနိုင်၊ ကာနိုင်ဖို့ မိုးကာတွေ ကူညီပံ့ပိုးတယ်။
မေး။ ။ စစ်ဘေးရှောင်တွေမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားမှုကလည်း ရှိတယ်လို့သိရပါတယ်။ ဘယ်လောက်များများဖြစ်နေကြပါလဲ။
ဖြေ။ ဝမ်းပျက်ဝမ်းလျှောရောဂါ တော်တော်လေးဖြစ်နေကြတယ်။ ဘာဖြစ်လို့ဆိုတော့ ကျွန်တော်တို့ စစ်ရှောင် စခန်းတွေ သွားရောက်ထောက်ပံ့မှုလုပ်တဲ့အခါမှာ ကျွန်တော်တို့ကိုယ်တိုင် စစ်ရှောင်တွေသုံးတဲ့ တကိုယ်ရေ သောက်သုံးတဲ့ရေတွေနဲ့ ကျွန်တော်တို့ထိတွေ့ခဲ့ရတယ်။ ဒီချောင်းမြောင်းတွေမှာ ရေချိုးကြတယ်။ အပေါ်မှာ ကြတော့ ကျွဲတွေ၊ နွားတွေ၊ တိရစ္ဆာန်တွေက သောက်တယ်။ အဲ့မှာ နေကြတယ်။ အဲ့ကနေတဆင့် ပြည်သူတွေ စစ်ရှောင်တွေကလည်း တစုတစည်းနေလို့ မရဘူးပေါ့နော်။ သူတို့ကနေပြီး တဆင့်တဆင့် အဲ့ချောင်းလေးထဲက နေပဲ အပေါ်ကချိုးတဲ့ဟာကို စစ်ရှောင်တွေကပြန်ချိုး တဆင့်တဆင့် ချိုးသွားတယ်။
ရေတွေက မသန့်ရှင်းဘူး။ ရေကလည်း တအားရှားတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီရေပဲ သောက်ရတယ်။ ဒီရေကိုပဲ ချိုးရတယ် အဲလိုဖြစ်နေတာပေါ့။ နောက်တခုဖြစ်ရတာက ရေမသန့်ရှင်းမှု ကြောင့်ပေါ့။ နောက်တခု ဆိုးကျိုး အနေနဲ့ အရေပြားဝေဒနာ တော်တော်ခံစားနေကြရတယ်။ ဝမ်းပျက်ဝမ်းလျှော ရောဂါအပြင် အရေပြားဝေဒနာ ပွေး၊ ဝဲ ၊ ယားနားတွေ ကလေးငယ်တွေရော၊ လူကြီးတွေရော စစ်ရှောင်အများစု တော်တော် အရေပြားဝေဒနာ ခံစားနေကြရတယ်။
မေး။ ။ ဆေးဝါးကုသမှုပိုင်းရော ဘယ်လိုဆောင်ရွက်ပေးတာမျိုးရှိပါလဲ။ ဆေးဝါးအကူအညီ အခြေအနေကရော ဘယ်လိုရှိပါလဲ။
ဖြေ။ ။ ကျွန်တော်တို့အဖွဲ့ကတော့ ဆေးဝါးရရှိဖို့အတွက် ပြည်ပမှာရှိတဲ့ တော်လှန်ပြည်သူတွေဆီကနေ အလှုငွေလေးနဲ့ မြေပြင်မှာရှိတဲ့ တပ်ရင်း၊တပ်ဖွဲ့တွေနဲ့ ဆေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီးတဲ့အခါမှာ ဆေးဝါးစောင့်ရှောက်မှုတွေ ပေးတာရှိပါတယ်။ ကလေးဒေသမှာ ဆေးခန်းပေါ့။ ဒီရဲဘော်တွေ၊ ပြည်သူတွေကို အခမဲ့ ဆေးကုသပေးနေတဲ့ ဆေးတပ်ဖွဲ့တွေကလည်း မြေပြင်မှာ စစ်ရှောင်တွေဆီကို တိုက်ရိုက်ကွင်းဆင်းပြီး ဆေးကုသမှု စောင့်ရှောက်ပေးတာတွေရှိတယ်။ သို့သော်လည်း စစ်ဘေးရှောင်တွေက အင်မတန်များတဲ့အတွက် ဆေးဝါး မလုံလောက်မှုတွေလည်း ရင်ဆိုင်နေရပါတယ်။
ဆေးဝါးတွေဆိုရင် အထူးလိုအပ်ပါတယ်။ လက်ရှိအချိန်အထိတော့ ဆေးဝါးကုသမှု လုပ်ဆောင်ပေးတာတော့ရှိတယ်။ သို့သော်လည်း လုံလောက်တဲ့ဆေးဝါးကုသမှု မရရှိဘူး။ အခုချိန်မှာ ဆေးဝါးရရှိဖို့က အရမ်းခက်ခဲသလို ဝယ်ယူမှုကလည်း ဘတ်ဂျက်အင်အား တော်တော်လေးကို အားနည်းနေပါတယ်။ အရေပြားဝေဒနာကတော့ တချို့ ကျွန်တော်တို့နဲ့ ပူးပေါင်းတဲ့ဆေးတပ်ဖွဲ့ဆိုရင် တပတ်ကိုနှစ်ကြိမ် သွားမယ့်နေရာမှာ (၂) ပတ်ကို (၁) ကြိမ်ထဲပဲ သွားနိုင်တယ်။ ဘာကြောင့်လဲဆိုရင် ဆေးဝါးလိုအပ်ချက်တို့၊ ဆေးဝါးမလုံလောက်မှုကြောင့် မသွားနိုင်ဘူး။ အဲ့အတွက် (၁) လကို (၄) ကြိမ် သွားရမယ့်နေရာမှာ (၁) လကို (၂) ကြိမ်ပဲ သွားလို့ရတဲ့ အခြေအနေ၊ ဆေးဝါး ကုသမှုပေးလို့ရတဲ့ အခြေအနေ ဖြစ်နေတယ်။ အဓိက ဆေးဝါးလိုအပ်ချက်ပေါ့။
မေး။ ။ ရောဂါကြောင့် သေဆုံးမှုရောရှိပါလား။
ဖြေ။ ။ လောလောဆယ်တော့ အဲ့လိုအခြေအနေနဲ့သေဆုံးတာတော့ သတင်းမရရှိသေးပါဘူး။
မေး။ ။ လက်ရှိမှာ စစ်ဘေးရှောင်တွေအတွက် အဓိက ဘာတွေလိုအပ်ပါလဲ။
ဖြေ။ ။ လတ်တလောအခြေအနေမှာ စစ်ဘေးရှောင်တွေအတွက်ဆိုရင် (၁) အနေနဲ့ စားဝတ်နေရေးအခြေအနေ ဆားတွေ၊ ဆီတွေ လိုအပ်တယ်။ အမိုးအကာတွေ အင်မတန်လိုအပ်တယ်။ ဆေးဝါးရရှိရေးအတွက် အထူးလိုအပ်တယ်။ ရေရရှိရေးအတွက် အင်မတန်လိုအပ်တယ်။ မီးရရှိရေးအတွက် ဆိုလာ၊ ဘဏ်ထရီ လိုအပ်တယ်။
မေး။ ။ တခြားဘာများ ဖြည့်စွက်ပြောချင်ပါသေးလဲ။
ဖြေ။ ။ ဇန်နဝါရီ ၃၁ ရက်နေ့ကစပြီး ကလေးတောင်ပိုင်းကို စစ်ကောင်စီကနေပြီး စစ်ဘေးရှောင်စခန်း တနေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်။ အဲ့ကနေ တခြားအပြစ်မဲ့ပြည်သူတွေနေတဲ့ ကျေးရွာတွေ၊ ဆေးရုံ၊ ဆေးခန်း အားလုံးလည်း တိုက်ခိုက်ခံရတယ်။ ပြည်သူတွေလည်း မြောက်များစွာ စစ်ဘေးတိမ်းရှောင်နေကြရတယ်။ ကလေးနယ်ဒေသမှာနေတဲ့ ပြည်သူတွေအတွက် အရေးပေါ် စားနပ်ရိက္ခာ၊ ဆေးဝါးရရှိရေး၊ သန့်ရှင်းတဲ့ ရေ ရရှိရေးအတွက် အကူအညီတွေ အင်မတန်လိုအပ်နေတဲ့အတွက် နိုင်ငံတကာမှာရှိတဲ့ မြန်မာပြည်သူ၊ပြည်သားတွေ၊ တိုင်းရင်းသားညီအစ်ကို မောင်နှမတွေအနေနဲ့ ကလေးမြို့နယ်အတွင်းမှာရှိတဲ့ စစ်ရှောင်ပြည်သူတွေအတွက် လူသားစာနာထောက်ထားမှု အကူအညီတွေပေးစွမ်းကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။
KMG ပေးပို့သည်။