27 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“ကျမမြင်တွေ့နေရတဲ့ အခြေအနေအရဆိုရင် လေယာဉ်တွေကပစ်မှတ်ထားပြီး တိုက်ခိုက်တာမဟုတ်ဘဲ အများပြည်သူနေထိုင်နေရာတွေကိုပဲ ဦးတည့်ရာဖြစ်တဲ့ ဘုန်းကြီးကျောင်း၊ ဘုရာကျောင်း၊ စာသင်ကျောင်းတွေကို လိုက်ပစ်နေတာဆိုတော့ အများပြည်သူ ဒေသခံတွေအနေနဲ့...

“ကျမမြင်တွေ့နေရတဲ့ အခြေအနေအရဆိုရင် လေယာဉ်တွေကပစ်မှတ်ထားပြီး တိုက်ခိုက်တာမဟုတ်ဘဲ အများပြည်သူနေထိုင်နေရာတွေကိုပဲ ဦးတည့်ရာဖြစ်တဲ့ ဘုန်းကြီးကျောင်း၊ ဘုရာကျောင်း၊ စာသင်ကျောင်းတွေကို လိုက်ပစ်နေတာဆိုတော့ အများပြည်သူ ဒေသခံတွေအနေနဲ့ စိုးရိမ်မှုတွေနဲ့နေထိုင်နေရတယ်” နော်ဝါးခူရှီး/ KPSN ပြောခွင့်ရသူ

ကော့ကရိတ် – ကျုံဒိုးဒေသအတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ဒေသခံများ ရင်ဆိုင်ကြုံတွေ့နေရသည့် အခြေအနေအပေါ် မြေပြင်သို့ ကွင်းဆင်းသွားရောက်ခဲ့သူ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် – KPSN ပြောခွင့်ရ နော်ဝါးခူရှီးနှင့်ဆက်သွယ်မေးမြန်းချက်။

ဧပြီလ ဒုတိယအပတ်မှစတင်၍ ကရင်အမျိုးသားအစည်းအရုံး – KNU၊ တပ်မဟာ (၆) ဒူးပလာယာခရိုင်၊ ကော့ကရိတ် – ကျုံဒိုးဒေသအတွင်း ဖြစ်ပေါ်နေသည့် နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးအမြောက်အများသုံးကာ ဘာသာရေးအဆောက်အဦးများမချန် ပစ်ခတ်တိုက်ခိုက်နေသည်။

ယင်းသို့ နှစ်ဖက်တပ်ကြား ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း ဒေသခံများ ရင်ဆိုင်ကြုံတွေ့နေရသည့် အခြေအနေများကို သိရှိနိုင်ရန် မြေပြင်သို့ကွင်းဆင်းသွားရောက်ခဲ့သည့် ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် KPSN ပြောခွင့်ရသူ နော်ဝါးခူရှီးကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ကော့ကရိတ်-ကျုံဒိုး နောက်ဆုံးအခြေအနေကို ပြောပြပေးပါလား။

ဖြေ။ ။ ဒီစစ်ကောင်စီက လက်နက်ကြီး၊ လေယာဉ်နဲ့ ဒရုန်းတွေနဲ့ပါ ပစ်ခတ်နေတော့ ဒေသခံတွေအနေနဲ့တော့ ခုလက်ရှိချိန်ထိ နေရာရွေ့ပြောင်းရေးတွေလုပ်ရတယ်။ နောက်ပြီး ကြောက်ရွံ့မှုတွေနဲ့ ရင်ဆိုင်နေရတယ်။ တခြားသောရွာတွေကို ရွေ့ပြောင်းပြန်တော့ အဓိကအရေးပေါ်လိုအပ်ချက်ဖြစ်တဲ့ စားနပ်ရိက္ခာလိုအပ်မှုတွေ ရှိနေတယ်။ ခုလက်ရှိ ကျမမြင်တွေ့နေရတဲ့ အခြေအနေအရဆိုရင် လေယာဉ်တွေကပစ်မှတ်ထားပြီး တိုက်ခိုက် တာမဟုတ်ဘဲ အများပြည်သူနေထိုင်နေရာတွေကိုပဲ ဦးတည့်ရာဖြစ်တဲ့ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်း၊ စာသင်ကျောင်းတွေကို လိုက်ပစ်နေတာဆိုတော့ အများပြည်သူ ဒေသခံတွေအနေနဲ့ စိုးရိမ်မှုတွေနဲ့ နေထိုင်နေရတယ်။

မေး။ ။ ဧပြီ ၁၅ ရက်နေ့ကစပြီး သေဆုံးသူအရေအတွက်နဲ့ ပျက်စီးဆုံးရှုံးမှုကိုလည်း ပြောပြပေးပါလား။

ဖြေ။ ။ ဒါကတော့ လူဦးရေ(စစ်ရှောင်သူ) တိုးလာတဲ့ အချက်အလက်ပဲရောက်တယ်။ အာလုံးပေါင်းစာရင်းတော့ မလုပ်ရသေးဘူး။

မေး။ ။ ကွင်းဆင်းတဲ့အခါမှာ ဘာတွေမြင်တွေ့ခဲ့ရပါလဲ။ ဘာတွေ လိုအပ်နေကြလဲ။

ဖြေ။ ။ ကွင်းဆင်းတဲ့အခါမှာ သေသေချာချာတော့ ပြောလို့မရဘူး။ ဘာလို့ဆို လေယာဉ်က အများပြည်သူ နေအိမ်၊ ဘာသာရေးအဆောက်အအုံနဲ့ အများပြည်သူ စီးပွားရေးလုပ်တဲ့နေရာတွေကိုပဲ ဦးတည်ပြီးတိုက်ခိုက် တယ်။ နေ့ဘက်ညဘက်လို့တွေလည်း မသိဘူး၊ စိုးရိမ်ထိန့်လန့်မှုတွေနဲ့ နေထိုင်နေရတယ်။ ခုက ခရိုင်၊ မြို့နယ် ခေါင်းဆောင်တွေကတော့ ကြိုးစားပြီးလုပ်ဆောင်ပေးတယ်။ ခုဆို အရေးပေါ်လိုအပ်တာတွေကို အဖွဲ့အစည်း တချို့နဲ့ ခရိုင်၊ မြို့နယ်၊ ဒေသခံခေါင်းဆောင်တွေကလည်း တတ်နိုင်သလောက် သူတို့ပြည်သူတွေမထိခိုက်အောင် ကြိုးစားလုပ်ဆောင်တယ်။ ဒါပေမဲ့ လူဦးရေအရေအတွက်ကများတယ်။

အချိန်ကာလကလည်း ကြန့်ကြာလာပြီ ဖြစ်တဲ့အတွက် အထောက်အပံ့တွေတော့လိုအပ်တယ်။ အားလုံးပံ့ပိုးကူညီ မှုတွေလိုအပ်တယ်။ သူတို့အနေနဲ့တော့ အတတ်နိုင်ဆုံးလုပ်ဆောင်ပေးတယ်။ လိုအပ်တာတွေအနေနဲ့တော့ အခု က အခြောက်ထားစားလို့ရတဲ့အရာတွေ စားစရာတွေပဲ၊ များသောအားဖြင့်ထောက်ပံ့တာက ဆန်တခုပဲရှိတယ်။ အခြားသောအရာတွေကို ထောက်ပံ့တာမရှိဘူး။ ဒါကြောင့်စားစရာတွေကတော့ တကယ်ကိုလိုအပ်နေတယ်။ ဒီလအတွက်ရှိရင်တောင်မှ နောက်လအတွက်လိုအပ်နေတယ်။ နောက်တခုက မိုးရာသီလည်းရောက်တော့မယ်။ သူများအိမ်မှာနေဖို့ကြတော့ ကြာကြာဆိုရင်အဆင်မပြေဘူး။ ဒါကြောင့် နေဖို့အမိုးအကာနဲ့ ကျန်းမာရေးအတွက် ဆေးဝါးတွေလိုအပ်တယ်။

မေး။ ။ တိုက်ပွဲဖြစ်နေတဲ့ကာလက ကြန့်ကြာမယ်ဆိုရင် ဒုက္ခသည်တွေအနေနဲ့ ဘယ်လိုရင်ဆိုင်လာရနိုင်ပါလဲ။

ဖြေ။ ။ သူတို့အနေနဲ့ စားဖို့သောက်ဖို့အတွက် အလုပ်မလုပ်ရဘူးဆိုရင် နောက်နှစ်အတွက် စားဖို့သောက်ဖို့ အခက်အခဲဖြစ်သွားနိုင်တယ်။ နောက်ဆက်တွဲ အရေးပေါ်လိုအပ်ချက်တွေများလာနိုင်တယ်။ ရိုးရာစဉ်ဆက်အရ တောင်ယာမလုပ်၊ စိုက်ပျိုးသီးနှံ မရောင်းချနိုင်ဘူးဆိုရင် အခက်အခဲကတော့ အများကြီးကိုဖြစ်လာနိုင်တယ်။ သူတို့နေရပ်ဒေသကို မပြန်နိုင်ဘူး၊ မပြန်ရဲ့ဘူးဆိုရင်လည်း လက်ခံနေရတဲ့သူတွေအတွက် အခက်အခဲဖြစ်နိုင် တယ်။ စစ်ကောင်စီက လက်နက်ကြီးဖြစ်ဖြစ် လေယာဉ်နဲ့ ဒရုန်းဖြစ်ဖြစ်သုံးပြီး သူတို့ ဒီအများပြည်သူတွေကို မဦးတည်ဘူးဆိုရင် အခက်အခဲမရှိဘူး။ သူတို့ဆက်ပြီးသုံးနေရင်တော့ ဒေသခံတွေအတွက် ကြီးမားတဲ့ အခက်အခဲပဲ။

မေး။ ။ စစ်ရှောင်တွေ နေရပ်ပြန်မရသေးတဲ့အခြေအနေမှာ ဘယ်လိုလုပ်ပေးဖို့ စဉ်းစားထားပါလဲ။

ဖြေ။ ။ ထွက်ပြေးတိမ်းရှောင်နေတဲ့သူတွေအနေနဲ့ သူတို့စိတ်ပါလို့ပြေးနေတာရတာမဟုတ်ဘူး၊ စစ်ကောင်စီက ဒေသခံတွေကိုဦးတည်ထားတဲ့လုပ်ရပ်ကြောင့် ခုလိုထွက်ပြေးတိမ်းရှောင်နေရတာဖြစ်တယ်။ စစ်ကောင်စီရဲ့ လက်နက်ပစ္စည်းတွေဆက်ရှိနေသ၍ ဒီလိုမျိုးထွက်ပြေးတိမ်းရှောင်မှုတွေ ရှိနေအုံးမှာပဲ။ သူတို့ရဲ့ ဝင်ရောက် လာနိုင်တဲ့ပစ္စည်းတွေကို အတတ်နိုင်ဆုံးပိတ်ဆို့တားမြစ်ထားရမယ်။ ဘာလို့ဆို ခုလက်ရှိမှာ မြန်မာတပြည်လုံးက တရက်တရက် လူကြီးလူငယ် ကျား၊မ ကလေးမရွေး အကုန်လုံးသေကြေပျက်စီးနေတာဆိုတော့ သူတို့က ဒီစစ်ကြောင့်တင်မဟုတ်ပဲ စစ်ကောင်စီရဲ့ဒေသခံအပေါ်ထားတဲ့ လုပ်ရပ်တွေလည်းပါတယ်။

နောက်တခုကတော့ အရေးပေါ်လိုအပ်ထောက်ပံ့မှုတွေကို တူတူလုပ်ဆောင်ရမယ်။ မြန်မာတပြည်လုံးက လူတွေကတော့ ပံ့ပိုးကူညီ မှုတွေလုပ်ဆောင်ပေးတယ်။ လိုအပ်ချက်တွေကတော့ များတာကို။ ထောက်ပံ့မှုတွေ ကတော့ ကြီးမားစွာ လိုအပ်တဲ့အတွက် တူတူလုပ်ဆောင်ရမယ်။ တခြားသောနိုင်ငံတွေကလည်း ထွက်ပြေး တိမ်းရှောင်နေရတဲ့ အရေးပေါ် ထောက်ပံ့မှုတွေ လိုအပ်သူတွေကိုကြည့်မယ်ဆိုရင် ဒီလိုပံ့ပိုးမှုတွေကို သူတို့တွေ အနေနဲ့ရသင့်တယ်။

မေး။ ။ ဧပြီလထဲမှာပဲ KPSN အပါအဝင် ကရင်အဖွဲ့တွေက IDP တွေအတွက် ထောက်ပံ့မှုရရှိဖို့ လုပ်ဆောင်နေတာရှိတယ်။ အဲဒီကိစ္စကရော ဘယ်အခြေအနေထိရောက်ပြီလဲ။

ဖြေ။ ။ ကရင်အဖွဲ့အစည်းတွေအနေနဲ့တိုင်ပင်ပြီးတော့ အားလုံးကိုယ်စားထုတ်ပြန်တဲ့အချိန် ကျမတို့ခန့်မှန်း ထားတာတော့ ဒုက္ခသည်တစ်ယောက်အတွက် ဆန် ၁ အိတ် ၃ လစာအတွက် ၃ အိတ်၊ အဲ့လောက်ပဲ ခန့်မှန်းထား တယ်။ လူ ၅၀,၀၀၀ စာအတွက် ဆန်တမျိုးပဲမျှော်လင့်ထားတယ်။ လိုအပ်တာကတော့ ဒီထက်များတယ်။ ဒါပေမဲ့ မေတ္တာရပ်တောင်းခံထားတာကတော့ kpsn အနေနဲ့ လူဦးရေအတွက်တွက်ချက်ပြီးတော့ တောင်းခံထားတယ်။ ဒါပေမဲ့ kpsn တောင်းခံတယ်ဆိုပေမဲ့ ကိုယ်လှူဒါန်းချင်တယ်ဆိုရင် ဒီအဖွဲ့အစည်းမှမဟုတ်ဘူး၊ တခြားသော ကရင် အဖွဲ့အစည်းတွေနဲ့ နောက်ပြီး ကိုယ့်ဘာသာတိုက်ရိုက်ဆက်သွယ်လှူတန်းလို့လည်းရတယ်။ ကျမတို့ kpsn ဆီကို ပိုက်ဆံကတိုက်ရိုက်တင်ပေမဲ့ တခြားသောအဖွဲ့အစည်းတွေဆီလည်း ရောက်တဲ့အတွက် အတိအကျတော့ မသိရဘူး။

ဒါပေမဲ့ ကျမတို့ kpsn ကတော့ အရေးပေါ်ထောက်ပံ့မှုတွေအတွက် ပံ့ပိုးကူညီတဲ့ တခြားသောအဖွဲ့အစည်းဆီ တောင်းခံတဲ့အခါများတယ်။ အခက်အခဲရှိတယ်ဆိုရင် လုပ်လို့မရဘူး။ ကျမတို့အနေဲ့ လက်ခံဖြစ်တဲ့ တချို့အလှူငွေ ကတော့ဖြစ်ဖြစ် ဘာသာရေးအဖွဲ့တွေကပေးတဲ့အလှူငွေဖြစ်ဖြစ် အဲ့ဒါတွေကိုပဲ ပြန်ပြီးအရေးပေါ်လိုအပ်တဲ့ နေရာတွေကို ပြန်သွားလှူဖြစ်တယ်။ ပြည်ပကပံ့ပိုးမယ့်သူတွေကြတော့ ကြန့်ကြာမှုတွေ ရှိနိုင်တဲ့အတွက်ကြောင့် အဲ့လိုလက်ခံတဲ့အဖွဲ့တွေကနေပဲ သွားဖို့လုပ်ဆောင်ခိုင်းတယ်။ ကျမတို့အဖွဲ့ကတော့ အလှူငွေကောက်ခံတဲ့အဖွဲ့ မဟုတ်ဘဲ အများပြည်သူကိုအသိပေးတာ၊ အချက်အလက်တွေကို စုဆောင်းပေးတာဖြစ်တဲ့အတွက် အဲ့လိုတော့ ပူးပေါင်းလုပ်ဆောင်ပြီး ကောင်းအောင်တော့ ပိုလုပ်ပေးဖြစ်တယ်။

မေး။ ။ စစ်ဘေးရှောင်တွေအတွက် ပံ့ပိုးဖို့ကိုရော KPSN အနေနဲ့ ဘယ်လိုတိုက်တွန်းပြောချင်ပါလဲ။

ဖြေ။ ။ ကျမတို့ စစ်စတင်ဖြစ်တဲ့အချိန် ထွက်ပြေးတိမ်းရှောင်မှုတွေများလာတဲ့အပေါ်မှာ မြန်မာနိုင်ငံထဲက လူတွေဖြစ်ဖြစ် ကရင်အဖွဲ့အစည်းကလူတွေဖြစ်ဖြစ် သူတို့တွေပူးပေါင်းလုပ်ပေးတဲ့အရာတွေက အများကြီးပဲ။ တခြားသောနိုင်ငံတွေက ပံ့ပိုးမှုတွေမှမဟုတ်ဘူး။ ကိုယ့်ဒေသမှာရှိတဲ့ ခရိုင်၊ မြို့နယ်၊ ဒေသခံခေါင်းဆောင်တွေ ကိုယ်တိုင်လည်း အတတ်နိုင်ဆုံးလုပ်ဆောင်ပေးကြတယ်။ ရေရှည်အတွက်တော့ မဟုတ်ဘူး။ ဒါပေမဲ့ တယောက် ထဲက စေတနာရှိလို့ဖြစ်ဖြစ်၊ အဖွဲ့အစည်းတွေက စေတနာရှိလို့ဖြစ်ဖြစ် တိုင်းပြည်တွေက ချမှတ်ထားတဲ့ဘတ်ဂျက် တွေကတော့ကြီးတယ်။

ကျမတို့ကြတော့ တက်နိုင်သလောက်ပဲလုပ်ဆောင်ကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျမတို့ကိုယ့်လူမျိုးအချင်းချင်း ရိုင်းပင်းကူညီကြတဲ့အတွက်ကျေးဇူးတင်မိတယ်။ ဘယ်သူတွေကထောက်ပံ့လဲဆိုတာတော့ မှတ်တမ်းရှိတယ်။ ဒါကြောင့် ကျမတို့ကရင်လူမျိုးတွေအတွက် ဆက်ပြီးထောက်ပံ့ပေးမယ်ဆိုတာတော့မျှော်လင့်တယ်။ တခြားသော နိုင်ငံတွေက ထောက်ပံ့မှုတွေမှမဟုတ်ဘူးပေါ့။ ဒါပေမဲ့ သူတို့တွေ ပေးမဲ့အရာကတော့များနိုင်တယ်၊ မျှော်လင့်ထား တာက များတဲ့အတွက်ကြောင့်ပေါ့။

မေး။ ။ နောက်ဆုံးအနေနဲ့ KPSN ကရော သေဆုံးသူတွေများလာတဲ့အပေါ်မှာ စစ်ကောင်စီရဲ့လုပ်ရပ်ကို ဘယ်လိုမြင်လဲ ပြောပြပေးနိုင်လား။

ဖြေ။ ။ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ပြောကြားချက်တွေကတော့ ပြောတာနဲ့လုပ်တာက တခြားဆိုတာ အရင်ကတည်းက သိပြီးသားလေ။ ကျမတို့အတွက်တော့ ကြီးမားတဲ့အရာတော့မဟုတ်တော့ဘူး။ ကျမတို့ကတော့ အရာအားလုံးကို လုပ်ရပ်ပဲပြသသွားမယ်။ အရင်ကတည်းက သူတို့လုပ်ခဲ့တာတွေကိုလည်း kpsn က တင်ထားဖူး တယ်။ သူတို့ကထုတ်ပြန်ထားနဲ့ လုပ်ရပ်က တခြားဆီဆိုတာကို သူတို့ဘာသာအတည်ပြုအောင်လုပ်တယ်။ သူတို့ ပြောထားပေမဲ့ ယုံကြည်မှုမရှိဘူး။ သူတို့ရဲ့သိက္ခာကို သူတို့ကိုယ်တိုင်ချပြနေတာပဲလေ။ ထူးခြားနေတာတော့ မရှိဘူး။ ကျမတို့ကတော့ ဘယ်တုန်းကမှမယုံကြည်ဘူး။ သူတို့ကို ယုံကြည်နေတဲ့သူတွေကတော့ သူတို့ရဲ့ ရွေးချယ်မှုပဲလေ။ သူတို့ပြောခဲ့သလိုလုပ်တာ တခုမှမရှိဘူးလေ။

KIC ပေးပို့သည်။