1 ဇူလိုင် 2025 /

See today's Peace Related News

Homeအင်တာဗျူး“ကျမတို့မှာ လူငယ်ပီပီ ကိုယ်လုပ်ချင်တာလည်း မလုပ်ရသလို လုပ်ဖို့အခွင့်အရေးတွေလည်း မရှိတော့ဘူး”

“ကျမတို့မှာ လူငယ်ပီပီ ကိုယ်လုပ်ချင်တာလည်း မလုပ်ရသလို လုပ်ဖို့အခွင့်အရေးတွေလည်း မရှိတော့ဘူး”

လူငယ်အနာဂတ်အိပ်မက်များ ပျောက်ဆုံးနေသည့် ရခိုင်လူငယ်အမျိုးသမီးတချို့၏ ရင်တွင်းစကားသံစုစည်းမှု။

စစ်ရေးပြင်းထန်နေသည့် ရခိုင်ဒေသတွင် တိုက်ပွဲပဋိပက္ခများအပြင် စစ်ကောင်စီ၏ ဖြတ်လေးဖြတ် စစ်ရေး ဗျူဟာကြောင့် ဒေသတွင်း စားနပ်ရိက္ခာ၊ ကျန်းမာရေး၊ ပညာရေး စသည့် ကဏ္ဍအသီးသီးတွင် အခက်အခဲ စိန်ခေါ်မှုများကို ဒေသခံရခိုင်ပြည်သူများ ခါးစည်းစွာ ရင်ဆိုင်နေကြရသည်။

ထိုအထဲတွင် ရခိုင်လူငယ်များ၊ အမျိုးသမီးငယ်များသည်လည်း အလုပ်အကိုင်ရှားပါးမှု၊ နည်းပညာအခွင့်အလမ်းနည်းပါးမှု၊ တပိုင်းတစ ပညာရေးအခြေအနေတို့ကြောင့် လူငယ်တို့၏ အနာဂတ်အိပ်မက်များ ပျောက်ဆုံးကာ ဘဝကိုဖြစ်သလို ဖြတ်သန်းနေကြရသည်ဟု ဆိုကြသည်။

အထူးသဖြင့် ရခိုင်ကျေးလက်ဒေသက တက္ကသိုလ်ကျောင်းသူများအပါအဝင် လူငယ်အမျိုးသမီးများသည် ဘဝတက်လမ်း အခွင့်အလမ်းများ မရရှိနိုင်တော့သဖြင့် အိမ်မှုကိစ္စ (မီးဖိုချောင်အလုပ်) နှင့် ကြုံရာကျပန်း အလုပ်များကို လုပ်ကိုင်ကာ မိသားစုစားဝတ်နေရေးအတွက် ရုန်းကန်ဖြတ်သန်းနေကြသည်။

လူငယ်တစ်ဦးချင်းတွင် အနာဂတ်အတွက် ရည်မှန်းချက်ကိုယ်စီ ရှိကြသော်လည်း ယခုအခါ မနက်ဖြန်တိုင်းကို စမ်းတဝါးဝါးနှင့် လျှောက်လှမ်းနေကြရသည်ဟု ပြောဆိုကြသည်။ ထိုအခြေအနေများနှင့် ပတ်သက်ပြီး ရခိုင် ကျေးလက်ဒေသက လူငယ်အမျိုးသမီးများ၏ အသံတချို့ကို ဆက်သွယ်မေးမြန်းပြီး စုစည်းဖော်ပြလိုက်ပါသည်။

မလှဌေးဖြူ (တင်းမကျေးရွာ / ကျောက်တော်မြို့နယ်)

စစ်ဘေးရှောင်ဘဝကနေ ရွာကို ပြန်ရောက်တော့လည်း ဘာမှလုပ်ကိုင်စရာ မရှိဘူး။ အရင်လို သင်တန်း တက်တာတို့ တခြားနည်းပညာရပ်တစ်ခုခု သင်ကြားဖို့ကလည်း ပိုက်ဆံမရှိသလို သင်ကြားပေးမယ့်သူလည်း မရှိဘူးလေ။ အခုတော့ ရွာမှာရှိတဲ့အလုပ်ကိုပဲ လုပ်ကိုင်နေရတာပေါ့။ မျှစ်သွားချိုး၊ တညင်းသီးခူးပြီး ရွာမှာပတ် ရောင်းတယ်။ တစ်ရက်မှာ ပိုက်ဆံ ၅,၀၀၀ လောက် ရမလားဆိုပြီး တောတောင်ထဲ သွားနေရတာပေါ့။ ကောက်စိုက်၊ ပျိုးနှုတ်၊ အငှားလည်း လိုက်တယ်။ ဒီလိုပဲ သင်ယူလေ့လာစရာလည်း မရှိတော့ ရတဲ့အလုပ်ကို လုပ်နေရတယ်။

မမြတ်ယမုံ (တက္ကသိုလ်ကျောင်းသူ/ ပေါက်တောမြို့နယ်)

အရင်ကတော့ စစ်တွေမှာ တက္ကသိုလ်တက်ရင်း ကွန်ပျူတာသင်တန်း တက်နေခဲ့တာ။ စစ်တွေကနေ စစ်ဘေးရှောင်လာရတော့ ကျမတို့နေတဲ့ရွာမှာ ကိုယ်တတ်ထားတဲ့ပညာကိုလည်း အသုံးချလို့မရ။ အလုပ်လည်း မရှိတော့ ဝင်ငွေမရှိဘူး။ အခု ထမင်းချက်ဖို့အတွက် ထင်းဝယ်သုံးဖို့ ပိုက်ဆံမလုံလောက်လို့ တောင်ပေါ်တက်ပြီး ထင်းခုတ်နေရတယ်။ အမှန်တိုင်းပြောရရင် လူငယ်တစ်ယောက်အနေနဲ့ ဒီလို လုပ်လာရမယ်လို့ တခါမှ မတွေးမိ ခဲ့ပေမယ့် အခုလုပ်ရတာပေါ့နော်။ အခုဆိုရင် ရွာမှာရှိတဲ့ အမျိုးသမီးတွေအားလုံးက အိမ်မှာ ထမင်းချက်လိုက် အားရင်တောင်တက်ပြီး ထင်းခုတ်လိုက်နဲ့ ဒီလို ဖြတ်သန်းနေကြရတယ်။ ဘာဆိုဘာမှ လုပ်စရာမရှိတော့ အချိန်တန်ရင် ထမင်းချက်လိုက်၊ ရေခပ်လိုက်၊ ထင်းခုတ်လိုက် အဲလောက်ပဲရှိတယ်။

ပုံစာ – ဒီဇိုင်နာ၊ စက်ချုပ်သင်တန်းကျောင်းတစ်ခုမှ သင်တန်းသူရခိုင်အမျိုးသမီးငယ်များ။ (ပုံဟောင်းဖြစ်သည်)

မခိုင်နှင်းဝေ (ခွဆုံကျေးရွာ / မြောက်ဦးမြို့နယ်)

အရင်လကတော့ တစ်ရက်မှာတစ်သောင်းနဲ့ ကောက်စိုက်၊ပျိုးနှုတ် အငှားလိုက်တယ်။ အခုမှ ဘာအလုပ်မှမရှိ အိပ်လိုက်စားလိုက် ဂိမ်းဆော့လိုက် ဇာတ်ကားကြည့်လိုက်။ ကျမတို့မှာ လူငယ်ပီပီ ကိုယ်လုပ်ချင်တာလည်း မလုပ်ရသလို လုပ်ဖို့အခွင့်အရေးတွေလည်း မရှိတော့ဘူး။ အနာဂတ်ဆိုတာ ဘာမှန်း ရေရေရာရာ မသိတော့ဘူး။ စစ်တွေမှာ ဒီဇိုင်နာသင်တန်းတက်ဖို့ စီစဉ်ထားတာ။ နိုင်ငံရေးအခြေနေမကောင်းတော့ လမ်းတွေ ပိတ်လိုက်တဲ့ အတွက် ဘာမှဆက်လုပ်လို့ မရတော့ဘူး။ ရွာမှာလည်း အရင်လို အရပ်ဖက်အဖွဲ့အစည်းတို့ NGO အဖွဲ့အစည်း တွေက စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ဖို့ သင်တန်းတွေ ပို့ချပေးတာလည်း မရှိတော့ဘူး။ ရန်ကုန်ဘက်သွားမယ်ဆို ရင်လည်း ငွေကြေးမတတ်နိုင်တာရယ်၊ လမ်းခရီး အဆင်မပြေတာတွေကြောင့် အခက်အခဲက အများကြီးရှိတယ်။ ဘယ်နေ့ ဘာဖြစ်လာမယ်မှန်းကို မသိတော့တာ။ ဒီကာလမှာ အကုန်လုံးက စိတ်ဓာတ်တွေလည်း ကျကြတယ်။

မဆွေဆွေ (ဘူးသီးတောင်မြို့)

“လူငယ်တွေက အကုန်လုံးက လမ်းပျောက်နေကြတယ်။ လုပ်စရာလည်း မရှိ၊ ရွေးချယ်စရာလည်း မရှိဘူး။ တချို့ လူငယ်တွေဆိုရင် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်သွားသူတွေလည်း အများကြီး ရှိနေတယ်။ အခု ကျမတို့ငယ်တွေဟာ မိဘအလုပ်ကို ဝိုင်းကူလိုက် ထမင်းချက်လိုက် အကုန်လုံးက လေလွင့်နေကြပြီ။ တခြား ကိုယ်ပိုင်အလုပ် လုပ်မယ်ဆိုရင်လည်း ငွေကြေးက မတတ်နိုင်၊ တကယ် ဘာလုပ်လို့ လုပ်ရမယ်မှန်းမသိ ဖြစ်နေတယ်။

အောင်ထိန် (DMG) ပေးပို့သည်။