KIO က ကချင်အထူးဒေသ (၁) ဆိုသည့် နယ်မြေနှင့်ဆိုင်သောသတ်မှတ်ချက်ကို ပယ်ဖျက်သည့် ထုတ်ပြန် ကြေညာချက်နှင့် ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူနှင့် ဆက်သွယ် မေးမြန်းချက်။
KIO/KIA က စစ်ကောင်စီလက်အောက်ခံ ဦးဇခုန်တိန့်ယိန်းဦးစီးခဲ့သည့် ကချင်အထူးဒေသ (၁) တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ကချင်အထူးဒေသ (၁) ဆိုသည့် နယ်မြေနှင့်ဆိုင်သောသတ်မှတ်ချက်ကို ပယ်ဖျက်သည့် ကြေညာချက်ကို KIO က နိုဝင်ဘာ ၂၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ယင်းအပြင် ထိုကြေညာချက်ထဲတွင် ပြည်သူလူထု၏ စီးပွားရေးနှင့် လူမှုရေးကို မထိခိုက်စေဘဲ လူသားချင်းစာနာ ထောက်ထားသည့် အခြေခံမူနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ပြန်လည်တည်ဆောက်မည်ဟု ပြောဆိုသည်။ အလားတူ အဆိုပါဒေသရှိပြည်သူများ၊ ရင်းနှီးမြုပ်နှံသူများအားလုံး စိုးရိမ်စိတ်မထားဘဲ KIO နှင့် ပူးပေါင်းပြီး ဘက်စုံဖွံ့ဖြိုးရေးကို အတူတကွတည်ဆောက်သွားရန်လည်း ဖိတ်ခေါ်ထားသည်။
KIO က ဘာကြောင့် ယခုလို ဖိတ်ခေါ်ရတာပါလဲ။ ကချင်အထူးဒေသ (၁) သတ်မှတ်ချက် ပယ်ဖျက်လိုက်ပြီး ယခုလိုဖိတ်ခေါ်သည့် ထုတ်ပြန်ကြေညာချက်နှင့် ပတ်သက်ပြီး KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ KIO က အခု ထုတ်ပြန်ချက်ကနေ လူထုကို ဘာအသိပေးချင်တာပါလဲ။
ဖြေ။ ။ ဟုတ်ကဲ့။ အဓိကကတော့ ကျနော်တို့ပြောနေတဲ့ ကချင်အထူးဒေသ (၁) ဆိုတဲ့ နယ်မြေဘက်မှာ ဒေသဘက်မှာ ကျနော်တို့ တိုက်ပွဲတွေဖော်ဆောင်တာ စစ်ဆင်ရေးတွေ ဖော်ဆောင်တာလို့ ပြောရမှာပေါ့နော်။ အဲ့ဒီဒေသကို ကျနော်တို့ တိုက်ယူခဲ့တယ်။ ဘာကြောင့်လဲဆို ပြည်သူလူထုကို သိစေချင်လို့ ဒီ Statement ထုတ်တာ ဖြစ်ပါတယ်။ ပြည်သူလူထုရော နောက်အဲ့ဒီဒေသမှာ စီးပွားရေးလုပ်နေတဲ့ စီးပွားရေးတွေ လုပ်ငန်းရှင်တွေအားလုံးလည်း ဒီ Statement အတိုင်း သိကြဖို့၊နားလည်ဖို့ အဲ့ဒါကြောင့် ကျနော်တို့ Statement တွေကို ထုတ်တာဖြစ်ပါတယ်။
မေး။ ။ ကချင်အထူးဒေသ (၁) ရှိစဉ်တုန်းက ကချင်ပြည်နယ်အတွင်းက လူထုတွေ၊ လူမျိုးစုတွေကြားမှာ ဘယ်လိုပုံစံမျိုး ရှိနေပါလဲ။
ဖြေ။ ။ ကချင်အထူးဒေသ (၁) ဆိုတာကတော့ အရင်ကအုပ်စိုးနေတဲ့ ဒီစစ်အုပ်စုတွေပေါ့နော်။ အာဏာရှင် စစ်အစိုးရတွေ သူတို့ရဲ့ အာဏာခိုင်မြဲဖို့အတွက် ကျနော်တို့တိုင်းရင်းသားတွေကို ခွဲခြားပြီးမှ အုပ်ချုပ်တာ။ ကျနော်တို့ညီအစ်ကိုတွေ ကျနော်တို့မိသားစုတွေ အချင်းချင်းသွေးခွဲပြီးမှ အုပ်ချုပ်တဲ့သဘော ရှိပါတယ်။ ဒါကြောင့် အဲ့ဒီဒေသက ပြည်သူလူထုနဲ့ ကျနော်တို့ ကချင်ပြည်သူအချင်းချင်းတောင်မှ နာမလည်တဲ့အထိ ရှိခဲ့ပါတယ်။
ဒါကြောင့် ကျနော်တို့နစ်နာခဲ့တာကတော့ သွေးခွဲတာ အချင်းချင်းနားမလည်ကြတာ၊ အချင်းချင်း ကျနော်တို့ရဲ့ တိုင်းရင်းသားညီအစ်ကို ဖြစ်တာတွေကိုတောင်မှ လက်မခံတဲ့အထိရှိတယ်။ ဒါကတော့ ကျနော်တို့ ကချင် အထူးဒေသ (၁) ဆိုပြီးမှ အုပ်ချုပ်ခဲ့တုန်းကနေ နစ်နာသွားတဲ့ ကျနော်တို့ဆုံးရှုံးသွားတဲ့ ကျနော်တို့အတွက် ကချင်ပြည်အတွက်ပေါ့နော်။ နစ်နာတာ အဲ့ဒီတစ်ခု ဖြစ်ပါတယ်။
မေး။ ။ အခုသိမ်းပိုက်ထားတဲ့ဒေသမှာ ဒေသဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘယ်လိုမူဝါဒတွေကို ချမှတ်ပြီး လုပ် ဆောင်သွားမှာပါလဲ။
ဖြေ။ ။ ဒါက ကျနော်တို့ နံပါတ် ၇ မှာ ၆ နဲ့ ၈ မှာ ကျနော်တို့ ထုတ်ပြန်ကြေညာချက်မှာ ထည့်ထားတဲ့အတိုင်း ဖြစ်ပါတယ်။ ကျနော်တို့လည်း ကြိုးစားပြီးမှပေါ့နော်၊ အဲ့ဒီဒေသဖွံ့ဖြိုးအောင်တော့ ကျနော်တို့ လုပ်ဆောင်ဖို့ ရှိပါတယ်။ ကျနော်တို့ သက်ဆိုင်ရာဌာနတွေ သက်ဆိုင်ရာကော်မတီတွေ တကယ့်လုပ်သင့်လုပ်ထိုက်တဲ့ ကျနော်တို့ ရှိသင့်ရှိထိုက်တဲ့ ရုံးတွေကိုဖွင့်ပြီးမှ ပြည်သူလူထုနဲ့ ပူးပေါင်းပြီးတော့မှ ကျနော်တို့ လုပ်ဆောင်သွားဖို့ ရှိပါတယ်။
မေး။ ။ ရင်းနှီးမြုပ်နှံမှုနဲ့ပတ်သက်ပြီးတော့ လုပ်ငန်းရှင်တွေဘက်က စိုးရိမ်ပူပန်မှုတွေရှိတယ်ဆိုတော့ ဘယ်လို စိုးရိမ်ပူပန်မျိုးတွေ ရှိနေတာပါလဲ။
ဖြေ။ ။ သူတို့ကတော့ ကချင်အထူးဒေသ (၁) ဆိုတာ အဖွဲ့ကနေ သူတို့ပူးပေါင်းပြီးတော့မှ ရင်းနှီးမြုပ်နှံခဲ့တာ။ အခု ကျနော်တို့သိမ်းယူတဲ့နောက်ပိုင်းမှာ သူတို့ရဲ့ရင်းနှီမြုပ်နှံမှုတွေ ဆုံးရှုံးသွားမှာလားပေါ့နော်။ အခု KIO က ဘယ်လိုဆက်လုပ်မှာလဲ အဲ့ဒါတွေကို သူတို့ကစိတ်ပူနေကြတယ်။ ပူပန်နေကြတယ်ပေါ့။ အဲ့ဒါကြောင့် ပူပန်စရာ စိုးရိမ်စရာမရှိကြဖို့အတွက် ကျနော်တို့ ဒီနံပါတ် ၇ မှာ ထည့်ထားတာ ဖြစ်ပါတယ်။
မေး။ ။ ရင်းနှီးမြုပ်နှံမှုလို့ဆိုတဲ့နေရာမှာ ပြည်ပရင်းနှီးမြုပ်နှံမှုကို ပြောတာလား။ ပြည်တွင်းရင်းနှီးမြုပ်နှံမှုကို ပြောတာလဲ။ ဘယ်လို ရင်းနှီးမြုပ်နှံမှုကို ပြောတာပါလဲ။
ဖြေ။ ။ ကချင်အထူးဒေသ (၁) ဆိုတဲ့ ဒေသအားလုံးကို ခြုံပြီးတော့မှ ပြောတာဖြစ်ပါတယ်။ ကျနော်တို့ သိမ်းပြီးတဲ့နောက်ပိုင်းမှာလည်း ပြည်သူလူထုတွေလည်း ဘာမှစိုးရိမ်စရာမရှိဘူး။ ကျနော်တို့ လက်တွဲပြီးတော့မှ ပူးပေါင်းပြီးတော့မှ လုပ်စရာရှိတာအကုန်လုံး ကြိုးပမ်းပြီးမှ လုပ်ကြရအောင် အဲ့ဒါပဲဗျ။
NMG ပေးပို့သည်။