ကရင်နီဒုက္ခသည်စခန်း (၂) က ဒုက္ခသည်များရင်ဆိုင်နေရသည့် ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှု အခက်အခဲများ အပါအဝင် IRC က လတ်တလောကူညီမှုများနှင့်ပတ်သက်ပြီး စခန်း၏ ကျန်းမာရေးတာဝန်ခံ စောဆာထူးနှင့် တွေ့ဆုံမေးမြန်းချက်။
အမေရိကန်၊ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) လက်အောက်ရှိ လူသားချင်းစာနာအကူအညီ ပေးရေးလုပ်ငန်းများကို ရပ်ဆိုင်းခဲ့ပြီးနောက်ပိုင်း နိုင်ငံတကာကူညီကယ်ဆယ်ရေးကော်မတီ (IRC- International Rescue Committee) က ဒုက္ခသည်စခန်းများကို လုပ်ဆောင်ပေးနေသည့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတချို့ လျော့ချခြင်း၊ ရပ်ဆိုင်းခြင်းတို့ကို ဒုက္ခသည်များကြုံတွေ့နေရသည်။
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းနေလူထုသည် ကျန်းမာရေးစောင့်ရှောက်မှုတို့ကို စခန်းရှိဆေးခန်း၌ အားထား ရယူနေရခြင်းဖြစ်သည်။ ယခုလို ဒုက္ခသည်စခန်းများကို ဝန်ဆောင်မှုပေးနေသည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို လျော့ချခြင်း၊ ရပ်ဆိုင်းမှုတို့ကြောင့် ဒုက္ခသည်များရင်ဆိုင်နေရသည့် အခက်အခဲများအပါအဝင် IRC က လတ်တလောကူညီမှုများနှင့်ပတ်သက်ပြီး ကရင်နီဒုက္ခသည်စခန်း (၂) ၏ ကျန်းမာရေးတာဝန်ခံစောဆာထူးကို တွေ့ဆုံမေးမြန်းထားပါသည်။
မေး။ ။ လက်ရှိမှာ ဒုက္ခသည်စခန်း (၂) ရဲ့ ဆေးခန်းမှာ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ ဘယ်လိုရှိပါလဲ။ ဘယ်လိုပုံစံနဲ့ လည်ပတ်နေတာပါလဲ။
ဖြေ။ ။ ပြောရမယ်ဆိုရင် အခုလောလောဆယ်က သိပ်ပြီးတော့အဆင်မပြေတော့ဘူး။ အရင်တုန်းကနဲ့ နှိုင်းယှဉ် မယ်ဆိုရင် တဖြည်းဖြည်းနဲ့ကျလာနေတယ်။ ဥပမာ ဇန်နဝါရီကနေစပြီးတော့မှ ပြောရမယ်ဆိုရင် အရင်တုန်းက မယ်ဟောင်ဆောင်မှာ လူနာအိမ်တလုံးရှိတယ်။ အခုကကြတော့ မရှိတော့ဘူး။ အဲ့တခုက ပြသာနာရှိတယ်။ လူနာ သွားလာရင် သိပ်အဆင်မပြေဘူး။ တချို့လူနာက ဆေးရုံမှာသွားအိပ်တယ် ပြန်လာချိန်တော့ နားနေတဲ့နေရာ မရှိဘူးလေ။

မေး။ ။ ဆေးခန်းကနေ ဆေးရုံကြီး (ထိုင်းနိုင်ငံကဆေးရုံ) ကို လွှဲပြောင်းရတဲ့လူနာဘယ်နှစ်ဦးလောက်ရှိလဲ။ ဒီ ၃ လ အတွင်းမှာပေါ့။ ဘာရောဂါတွေ အဖြစ်များတာတွေ့ရလဲ။
ဖြေ။ ။ ၃ လစာအရေးပေါ်လူနာကတော့ ၅ ယောက် ၆ ယောက်တော့ရှိတယ်။ Non – Emergency က အယောက် ၂၀ ကျော်တော့ရှိတယ်။ အတော်များတယ်။ အသက်ရှုလမ်းကြောင်းနဲ့ဆိုင်တဲ့ရောဂါကြတော့ ကျနော်တို့ဆေးခန်းက လုပ်လို့မရဘူးလေ။ ဆရာမဒေါက်တာနဲ့ ဆွေးနွေးပြီးတော့မှ ဟိုဆေးရုံကြီး (ထိုင်းဆေးရုံ) ကို လွှဲပြောင်းပေးရတယ်။
မေး။ ။ လူနာလွှဲပြောင်းတဲ့အခါမှာ ဘယ်လိုအခက်အခဲတွေရှိနေလဲ။ နိုင်ငံတကာကူညီကယ်ဆယ်ရေး ကော်မတီ (IRC) က ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတချို့ရပ်တန့်ပြီးနောက်ပိုင်း လူနာဘက်က သူတို့ကိုယ်တိုင် အကုန်ကျခံရတာလား။
ဖြေ။ ။ ၁ လပိုင်း ၂ လပိုင်းကနေစတယ်။ ၂ လပိုင်းကနေပြီး ၃ လပိုင်းကနေမှ IRC က မရှိတော့ဘူးလေ။ အဲ့အချိန်က ကားမလာတော့ဘူး။ တခါတလေလူနာလာလို့ရှိရင် အရေးပေါ်လာလို့ရှိရင် သားဖွားဘက်မှာလည်း လူနာရှိတယ်။ သူတို့ဘာသာကားငှားပြီးမှသွားတယ်လေ အဲ့လိုမျိုး။ ကုန်ကျစရိတ်လည်း သူတို့လူနာပဲခံနေရတယ်၊ အဲ့လိုမျိုး အကုန်ခံနေရတယ်။ ကားမရှိရင် အရမ်းဒုက္ခရောက်တယ်။ လူနာကိုလည်း အသက်မကယ်နိုင်ဘူးလေ။
မေး။ ။ အဲဒီလိုလွှဲပြောင်းတဲ့အခါ လမ်းပန်းဆက်သွယ်ရေး ကြန့်ကြာမှုတွေရောရှိလား။ အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေ၊ အသက်သေဆုံးသွားတဲ့လူနာတွေ ရှိခဲ့ပါလား။
ဖြေ။ ။ အသက်ရှုံးဆုံးသွားတဲ့လူနာတွေတော့ မရှိသေးဘူး။ ၂ လပိုင်းကတော့ အဆင်မပြေဘူး။ ၃ လပိုင်း ကတော့ IRC ကနေကားပြန်ဝင်လာတယ်။ Stand by ကားတစီးပြန်ထားပေးတယ်။ အရေးပေါ်ဖြစ်လို့ရှိရင် ဟိုကို (ဆေးရုံ) လွှဲရတယ်။ IRC ကားနဲ့ပဲ သွားရတယ် အဲ့လိုမျိုး။ အသွားလည်း ပို့ပေးတယ်၊ အပြန်လည်း ပို့ပေးတယ်။ ၁ လ ပိုင်း ၂ လပိုင်းပဲ အခက်အခဲရှိတယ်။
မေး။ ။ ဆေးရုံကြီးကိုလွှဲတဲ့အခါ လူနာတွေရဲ့ခရီးစရိတ်ကိုဘယ်လိုဖြေရှင်းရလဲ။ တခါသွားရင် ဘယ်လောက် ကုန်ကျပါလဲ။
ဖြေ။ ။ အသွားအပြန်ကုန်ကျစရိတ်က ဟိုးအရင်ကားသမားက ထိုင်းဘတ် ၂၀၀၀ လား ၃၀၀၀ လား တောင်းတယ်လေ အဲ့လိုမျိုး။ အသွားအပြန်ပေါ့။
မေး။ ။ ဒီလိုကုန်ကျစရိတ်တွေများတော့ ဝင်ငွေမရှိတဲ့ဒုက္ခသည်ပြည်သူတွေက ဆေးရုံဆေးခန်းပြရမယ်ဆိုရင် အဓိက စိန်ခေါ်မှုက ဘာဖြစ်မလဲ။
ဖြေ။ ။ တချို့လူက သူဆေးရုံသွားချင်တယ်။ သူတို့က ကားလည်းမရှိ ပိုက်ဆံလည်းမရှိဆိုတော့ သူတို့ဘာသာ သူတို့အိမ်မှာပဲနေတယ်။ သူတို့ ဘာမှမလုပ်တတ်ဘူးလေ။ ရှေ့မှာသွားရင်လည်း သူတို့ပိုက်ဆံမရှိပြန်ဘူး။ တအားခက်ခဲတယ် အဲ့တခု။ အဲ့အချိန်က တအားဒုက္ခရောက်တယ် အဲ့တခုပဲ။ ၃ လပိုင်းအစမှာ IRC ပြန်ဝင်လာ တော့ နည်းနည်းပြန်အဆင်ပြေလာတယ်။ ဆေးခန်းကို လူနာလာလို့ရှိရင် ကျနော်တို့ပဲကြည့်ပေးတယ်။ ဆရာမက အဆင်ပြေလား မပြေဘူးလား၊ ဒေါက်တာနဲ့ ဆွေးနွေးပေးတယ်။ ပြီးမှ လွှဲသင့်လား မလွှဲသင့်လား၊ သူတို့ဒေါက်တာ လက်ထဲမှာရှိတယ်။
မေး။ ။ မဖြစ်မနေဆေးရုံတက်ရမယ့်အခြေအနေမှာ ခရီးစရိတ်အပါအဝင်၊ တခြားသောကုန်ကျစရိတ်တွေကို IRC က တစုံတရာကူညီပေးတာရှိပါလား။
ဖြေ။ ။ အခုလောလောဆယ်တော့ IRC စီစဉ်ပေးတယ်။ ဒီတပတ်ထဲမှာ လူနာဘယ်လောက်ရှိလဲ၊ တယောက်နဲ့ တယောက် ရက်ချိန်းမတူကြဘူးလေ။ ဆရာဝန်က တရက်တည်းလူစုပြီးတော့မှ မနက်ပိုင်း၊ ဟို မယ်ဟောင်ဆောင် က လာတဲ့ကားနဲ့ပို့လိုက်ပြီးမှ၊ ဟို ညနေပိုင်းသူတို့ပြန်လာတယ် အဲ့လိုမျိုးလုပ်ပေးတယ်။ အခု လူနာတက်ရတဲ့ ဆေးရုံက ပြန်အဆင်ပြေပြီ။ ပိုက်ဆံလည်း မပေးရတော့ဘူး။ ၃ လပိုင်းနောက်ပိုင်း ဆေးရုံခ၊ ကားခလည်းမပေးရ တော့ဘူး။ IRC လက်အောက်ကနေပဲ သွားရတာဆိုတော့။ ဒါပေမဲ့ အသွားအပြန်၊ ကိုယ်စားဖို့သောက်ဖို့တော့ ပိုက်ဆံထုတ်ရတာပေါ့။
မေး။ ။ နားခိုဖို့ လူနာအိမ်လည်းလိုအပ်တော့ လက်ရှိလူနာဖြစ်စေ၊ လူနာရဲ့မိသားစုဝင်တွေဖြစ်စေ သူတို့ ဘယ်လို ဖြေရှင်းနေကြလဲ။
ဖြေ။ ။ ခက်တာက လူနာစောင့်အတွက်ပေါ့။ လူနာစောင့်အတွက် တော်တော်လေးခက်ခဲတယ်။ လူနာစောင့်က လောလောဆယ် နေစရာမရှိဘူး။ လူနာကို ပြန်ကြည့်တယ်၊ လူနာစောင့် ပို့သင့်လား၊ မပို့သင့်လား ပြန်ပြီးတော့မှ ကျနော်တို့ ကြည့်တယ်။ အကယ်၍ ကလေး ၃၊ ၄၊ ၅ နှစ်ဆိုတော့ လူနာစောင့်လိုတာပေါ့။ လူနာစောင့်နဲ့ သူ့ကလေးနဲ့ သွားအိပ်ကြတာမျိုး ဆေးရုံမှာ။ လူနာစောင့်အိမ်သာ ပြန်ရှိခဲ့မယ်ဆိုရင်အဆင်ပြေမယ်။ သူတို့ စားဝတ်နေရေးအတွက်လည်း တော်တော်လေးအဆင်ပြေမယ်။ ပြီးတော့ နေရေးထိုင်ရေးအတွက်လည်း အဆင်ပြေမယ်။ အခုက ဆေးရုံအပြင် နားနေတဲ့နေရာမှာပဲ သူတို့သွားအိပ်နေကြတယ်။ သူ့တို့အတွက် လုံခြုံရေး သိပ်မရှိဘူးလေ။
မေး။ ။ ဆေးရုံလွှဲပြောင်းရတဲ့အခါမှာ ဘယ်ဆေးရုံကို အဓိကသွားရောက်ပြကြပါလဲ။
ဖြေ။ ။ မယ်ဟောင်ဆောင်ဆေးရုံ၊ အများဆုံးကတော့ Khun Yuam နှစ်ခုစလုံး သွားကြပါတယ်။ အရေးပေါ် အတွက်ကျတော့ oxygen ပါမယ်။ ပြီးတော့ emergency Box ပေါ့။ အသက်ကယ်ဆေးတခုခုတော့ ထည့်ထား ပေးတယ်။
မေး။ ။ ဆေးရုံတွေမှာ ဆေးကုသမှုခံယူရတဲ့ ထိုင်း – ကရင်နီနယ်စပ်က ဒုက္ခသည်တွေကိုယ်စား ဘာတောင်းဆို ချင်တာရှိပါလဲ။
ဖြေ။ ။ တောင်းဆိုချင်တာကတော့ အိမ်တလုံး (လူနာအိမ်) လိုချင်တယ်။ လူနာအတွက်ပေါ့နော၊ လူနာစောင့် အတွက်လည်းအဆင်ပြေမယ်။ အကယ်၍ လူနာဆေးရုံကဆင်းရင်လည်း အဲ့မှာပဲ (လူနာအိမ်မှာပဲ) ပြန်နားမယ်။ ပြီးရင်လည်း အဆင်ပြေတဲ့ရက် ကားနဲ့ပြန်မယ်။ လူနာအိမ်တလုံး အရေးကြီးပါတယ်။ တော်တော်လေး လိုအပ် တယ်။
မေး။ ။ ဒုက္ခသည်စခန်းကဆေးခန်းမှာ တစ်ရက်၊ တစ်ရက်လာပြတဲ့ လူနာဦးရေကရော ဘယ်လောက်ရှိပါလဲ။ ဘာရောဂါ အမျိုးအစားတွေများလဲ။
ဖြေ။ ။ လူနာဦးရေကတော့ တစ်ရက်နဲ့တစ်ရက် မတူကြဘူး။ ပျှမ်းမျှပြောရင်တော့ ၃၀၊ ၄၀။ အကယ်၍ တုတ်ကွေးဖြစ်လို့ရှိရင် လူနာတအားများတယ်။ ၁၀၀ ကျော်လောက်တက်တယ် တရက်တရက်ဆိုရင်။ လက္ခဏာက နှာစေး၊ချောင်းဆိုး ပြီးတော့ ခေါင်းမူး၊ ခေါင်းကိုက်တာရယ်ရှိတယ်။ တချို့က ဗိုက်နာတယ် အဲ့ဒီလိုမျိုး။ အသက်ရှုလမ်းကြောင်းနဲ့ဆိုင်တဲ့ရောဂါက အဖြစ်များတယ်။ အခုတော့ ပန်းနာရင်ကြပ် တော်တော်လေးများတယ်။
မေး။ ။ ဒုက္ခသည်စခန်းနေလူထုရဲ့ကျန်းမာရေး စောင့်ရှောက်မှုအခြေအနေနဲ့ပတ်သက်ပြီး ဘာတွေကို စိုးရိမ်ပူပန်မှုရှိနေပါလဲ။
ဖြေ။ ။ ကျနော်တို့စိုးရိမ်ရတာတခုက ၇ လပိုင်းပြီးနောက်ပိုင်းကြ ကျနောတို့လည်းမပြောတတ်တော့ဘူး။ IRC က ၇ လပိုင်းထိပဲရှိမယ်လို့ သူတို့ပြောထားတယ်လေ။ ဆက်ရှိရင်တော့ ကောင်းတာပေါ့။ မရှိရင်တော့ ကျနော်တို့ ကပဲ လူထုကိုဘယ်လိုကုရမလဲ၊ ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ပေါ့။ အဲ့တခုပေါ့လေနော လူထုအတွက်နည်းနည်း အခက်အခဲရှိတယ်။
နောက်တခုကြတော့ အကယ်၍ IRC မရှိတော့ရင် တခြားအဖွဲ့အစည်းဝင်နိုင်မလား၊ တဖွဲ့ဖွဲ့ပေါ့နော။ ကူညီ ထောက်ပံ့ရေးအဖွဲ့ပေါ့နော ကျနော်တို့လိုချင်တယ်။ လုပ်ငန်းခွင်ထဲမှာက နောက်တန်းကောင်းမှ ရှေ့တန်း ကောင်းမှာပေါ့။ ပြောရမယ်ဆိုရင် ကျနော်တို့ကရှေ့တန်းပေါ့၊ ထောက်ပံ့မှုမရှိရင် ဘာမှလုပ်လို့ မရဘူးပေါ့နော အဲ့တခု။ အနာဂတ်အတွက် ကျနော်တို့အရမ်းစိုးရိမ်ရတယ်။
ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။