၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့က ပင်လုံစာချုပ်ကို ရှမ်းပြည်နယ်၊ ပင်လုံမြို့တွင် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ကချင်၊ ချင်း၊ ရှမ်းနှင့် ဗမာခေါင်းဆောင်တို့ တွေ့ဆုံဆွေးနွေးပြီး တန်းတူညီမျှမှုရှိသည့် ပြည်ထောင်စု မြန်မာနိုင်ငံဖြစ်လာရေး လက်မှတ်ရေးထိုးခဲ့ကြပါသည်။
တောင်တန်းဒေသနှင့် ပြည်မ စုပေါင်းပြီး ဗြိတိသျှအစိုးရ အုပ်ချုပ်မှုအောက်ကနေ လွတ်လပ်ရေးအတူရယူရန် ထိုသို့ပင်လုံစာချုပ် ချုပ်ဆိုခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်လာခဲ့သည်မှာ လက်ရှိ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် “၇၈” နှစ် ပြည့်မြောက်ပြီ ဖြစ်သည်။
ပင်လုံစာချုပ်ပါအရ မြန်မာနိုင်ငံတွင် တရားဝင်ပြည်နယ် သတ်မှတ်ချက်များ ပေါ်ပေါက်လာပေမယ့် ဗမာအစိုးရက လူမျိုးကြီးဝါဒအသုံးပြုပြီး ပြည်ထောင်စုစနစ် ပုံစံမဟုတ်သည့် တစ်ပြည်ထောင် ဗဟိုအုပ်ချုပ်မှုပုံစံနှင့် တစ်ပါတီ စနစ်ကိုသာ ကျင့်သုံးအုပ်ချုပ်ခဲ့သည်။
တစ်ပါတီအာဏာရှင်စနစ်သာမက မြန်မာစစ်တပ်က နိုင်ငံအာဏာသိမ်းယူမှုတို့ကို ၁၉၅၈ ခုနှစ်၊ ၁၉၆၂ ခုနှစ်၊ ၁၉၈၈ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်တို့တွင် အကြိမ်ကြိမ်ကျူးလွန်ခဲ့သည်မှာ လက်ရှိတိုင်ဖြစ်သည်။ အကျိုးဆက်ရလဒ်မှာ မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီပွားရေး၊ ပညာရေး၊ ကျန်းမာရေးတို့တွင် တဖြည်းဖြည်းအနှုတ်လက္ခဏာပြကာ ပြည်သူလူထုတရပ်လုံး ဆင်းရဲဒုက္ခတွင်းသို့ ကျရောက်ခဲ့ရသည်။
ယခုကျရောက်သည့် “၇၈” ကြိမ်မြောက် ပြည်ထောင်စုနေ့တွင် ကချင်လူမှုအဖွဲ့အစည်း ၂၀ ပါဝင်ဖွဲ့စည်းထားသည့် Kachin National Forum – KNF က လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်း များအနေဖြင့် ခိုင်ခံသည့်တပ်ပေါင်းစု ဖွဲ့စည်းပြီး ပြည်သူလူထုနှင့်အတူ အာဏာရှင်စစ်ကောင်စီတပ်ကို အမြစ်ပြတ် တိုက်ဖျက်ပြီး ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်သွားရန် ထုတ်ပြန်ချက်ထုတ် တိုက်တွန်းခဲ့သည်။
ယင်းအပြင် Kachin Political Interim Coordination Team – KPICT က စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက် လာသည့် အင်အားစုများအနေနှင့် ပင်လုံစာချုပ်ပါ ဂတိကဝတ်များကို အကောင်အထည်ဖော်နိုင်ရန် ကြိုးစားနေ ခြင်းက နှစ်ပေါင်းများစွာဖြစ်ပွားနေသော ပြည်တွင်းစစ်ကိုချုပ်ငြိမ်းစေနိုင်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝ ရှိသည့် ဖက်ဒရယ်ပြည်ထောင်စုဖြစ်လာမည်ကို ယုံကြည်သည်ဟု NUG အစိုးရထံ သဝဏ်လွှာပေးပို့ခဲ့သည်။
ယခုကျရောက်သည့် “၇၈” ကြိမ်မြောက် ပြည်ထောင်စုနေ့တွင် ကချင်ဒေသခံပြည်သူတချို့အား ပြည်ထောင်စုနှင့် ပတ်သက်သော သဘောထားအမြင်တို့ကို မေးမြန်းစုစည်းဖော်ပြလိုက်ပါသည်။
ကချင်လူငယ်တစ်ဦး (ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ တက္ကသိုလ်တစ်ခုတွင် ပညာသင်ယူနေသူ)
ကချင်တိုင်းရင်းသားတွေအနေနဲ့ ပြည်ထောင်စုဆိုတဲ့အနှစ်သာရကို မခံစားခဲ့ရဘူး။ ကျွန်တော်တို့ ကလေးတုန်းက သိခဲ့တာကတော့ ပြည်ထောင်စုနေ့မှာမှ ကိုယ်နဲ့သက်ဆိုင်တဲ့ ရိုးရာအင်္ကျီတွေဝတ်ပြီး ကတာတွေ တီဗီတွေမှာ သီချင်းဆိုတာတွေကိုပဲ တွေ့ခဲ့ရတယ်။ ဒါပေမယ့်လည်း စစ်က အမြဲတမ်းဖြစ်နေတယ်။ ပြဿနာတွေလည်း အမြဲ ကြုံတွေ့ခဲ့တဲ့အတွက် ပြည်ထောင်စုဆိုတဲ့အရာကိုတော့ လုံးဝမခံစားခဲ့ရဘူးလို့ ပြောချင်ပါတယ်။
ကချင်နိုင်ငံရေးလေ့လာစောင့်ကြည့်သူ အမျိုးသားတစ်ဦး
ကျွန်တော်တို့ ပြည်သူအားလုံးက စုပေါင်းရမယ်။ ပထမဆုံးတော့ လက်နက်ကိုင်တဲ့သူတွေပေါင်းစည်းရမယ်။ ဒုတိယက နိုင်ငံရေးအဖွဲ့အစည်းတွေ ပြီးတော့ လူထုအခြေပြုအဖွဲ့အစည်းတွေ ၊ ဒီသုံးခုက သေချာစည်းလုံးပြီး စစ်ကောင်စီကို တွန်းလှန်ပစ်ရမယ်။ အကြမ်းဖက်စစ်ကောင်စီကို တွန်းလှန်နိုင်မှ ကျွန်တော်တို့လိုချင်တဲ့ ဖယ်ဒရယ် တိုင်းပြည်ကို တည်ထောင်နိုင်မှာဖြစ်တယ်။ ဒါကြောင့် အားလုံးအတူလုပ်ဆောင်ရမှာဖြစ်တယ်လို့ အားလုံးကို တိုက်တွန်းချင်ပါတယ်။
Ah Pan (ကချင်လူငယ်အမျိုးသမီး/ မလေးရှားနိုင်ငံတွင်အလုပ်လုပ်ကိုင်နေသူ)
ကိုယ့်အနေနဲ့ မျှော်လင့်မိတာကတော့ လူကိုလူလိုမြင်ပြီး လူ့အသက်ကိုတန်ဖိုးထားတတ်ဖို့၊ လူမျိုးကြီးတွေက လူမျိုးငယ်တွေကို အထင်သေး။ နိုင်စားတာမျိုးမဟုတ်ဘဲ လူမျိုးကြီးလူမျိုးငယ်မခွဲဘဲ ညီတူညီမျှ၊ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေရပြီး တိုးတက်ကောင်းမွန်တဲ့ပြည်ထောင်စုနိုင်ငံ ဖြစ်လာမှာကိုလိုချင်ပါတယ်။ ပြီးတော့ ကျွန်မတို့ အမြဲချန်ထားမိတဲ့ အရာတစ်ခုက မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေကို နိုင်ငံရေး၊ တရားစီရင်ရေး စတဲ့ နေရာမျိုးစုံမှာ ဆုံးဖြတ်ချက်ချရတဲ့ နေရာပေးတာမျိုးကို မြင်တွေ့ချင်ပါတယ်။ ဒါက ကျွန်မတစ်ဦးတစ်ယောက် အနေနဲ့ မြင်ချင်တဲ့ ပြည်ထောင်စုနိုင်ငံမျိုး ဖြစ်ပါတယ်။
KNG ပေးပို့သည်။