၁၁/ နိုင်ငံသားကတ်ပြားကိုင်ဆောင်သူများ ခရီးသွားခွင့်ကန့်သတ်ခံရမှု ရခိုင်လူထုဘာပြောကြလဲ

0
643
Photo - DMG

ရခိုင်ပြည် မှတ်ပုံတင်အမှတ် ၁၁/ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူများကို နိုင်ငံအတွင်း မည်သည့်နေရာကိုမျှ ခရီးသွားလာခွင့်မပြုရန် စစ်ကောင်စီက အဝေးပြေးယာဉ်လိုင်းများနှင့် ခရီးသွားအေဂျင်စီများကို ညွှန်ကြားထားကြောင်း သိရှိရသည်။

စစ်ကောင်စီက ၁၁/ နိုင်ငံသားကတ်ပြား ကိုင်ဆောင်သူများကို ထိုသို့ကန့်သတ်ထားမှုနှင့်ပတ်သက်ပြီး ရခိုင်လူထု၏ စကားသံအချို့ကို မေးမြန်းပြီး စုစည်းဖော်ပြလိုက်ပါသည်။

ရန်ကုန်ရောက် ရခိုင်တစ်ဦး

ရခိုင်လူမျိုးတွေကို ခရီးသွားလာခွင့် ပိတ်ထားတယ်ဆိုတာကို အစက လုံးဝကိုမယုံတာ။ ကျနော် ခရီးသွားစရာရှိလို့ ကားဂိတ်တွေကို ဖုန်းဆက်ကြည့်တော့မှ ရခိုင်လူမျိုးဆိုရင် မြစ်ကြီးနားပဲဖြစ်ဖြစ်၊ မော်လမြိုင်ပဲဖြစ်ဖြစ်၊ ရန်ကုန်ကနေ ဘယ်မြို့ကိုမှ သွားလာလို့ မရသေးဘူးလို့ ပြောတဲ့အခါကျမှ တော်တော်လေး အံ့ဩသွားတာ။ ကျနော်ပြောချင်တာက ရန်ကုန်မှာရှိတဲ့ ရခိုင်လူမျိုးအများစုက ကိုယ့်နေရာ ကိုယ့်ဒေသမှာ ဆင်းရဲနွမ်းပါးလွန်းလို့ အလုပ်လာလုပ်ကြတာပါ။ ဘယ်တော်လှန်ရေး၊ နိုင်ငံရေးအတွက်မှ ထောက်ပံ့နိုင်ဖို့ကိုမပြောနဲ့ ရတဲ့လစာကိုတောင် မိသားစုတွေဆီကိုထည့်ပေးဖို့ လောက်ငှကြတာမဟုတ်ဘူး။ ဒါကိုမှ စစ်ကောင်စီဟာ ပြည်သူကို ပြည်သူလို့မမြင်တော့ဘဲ ရခိုင်ဆိုရုံနဲ့ အကုန်နှိပ်ကွက်တော့မှာလားလို့ မေးချင်တယ်။

ဦးဖေသန်း (ရခိုင်နိုင်ငံရေးသမား)

ဒါက နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးဖြစ်တယ်။ ၁၁/ တွေကို သွားခွင့်လာခွင့် ပိတ်တယ်ဆိုတာ ဘယ်ဥပဒေနဲ့ ပိတ်တာလဲ။ ဥပမာ- စစ်ဖြစ်နေတဲ့ကာလ အရေးပေါ်ကိစ္စတွေမှာ ပိတ်တာမျိုးရှိတယ်၊ ရခိုင်မှာဆိုရင် တစ်မြို့နဲ့တစ်မြို့ သွားလာခွင့်ပိတ်ထားတာမျိုးပေါ့။ ဒါက စစ်ရေးနဲ့ပတ်သက်လို့ အမိန့်ထုတ်ပြန်ပြီး ပိတ်နိုင်တယ်။ အခုက တစ်နိုင်ငံလုံးမှာရှိတဲ့ ရခိုင်လူမျိုးတွေကို သွားလာခွင့်ပိတ်တာဖြစ်တယ်။ ဆိုတော့ ပိတ်တယ်ဆိုရုံနဲ့ မပြီးဘူး။ ဘာကြောင့်လဲဆိုတာ ပြောရမယ်။ အခုက လူမျိုးရေးဆန်တယ်။ ဥပဒေနဲ့လည်း မညီဘူး။ ဒါကို ဘာကြောင့်လုပ်သလဲဆိုတော့ ရခိုင်လူမျိုးတွေ ရက္ခိုင့်တပ်တော်ထဲ ရောက်သွားမှာကို စိုးရိမ်လို့လည်း ဖြစ်နိုင်တယ်။ နောက်တစ်ခုက ရခိုင်လူမျိုးတွေကို လူမျိုးရေးအရ နှိမ်တာမျိုးဖြစ်တယ်။ အထူးသဖြင့် ရခိုင်တွေကိုဆိုရင် အသေအလဲမုန်းတယ်။ ULA ကို မကြိုက်ဘူး။ စစ်ပွဲတွေမှာလဲ သူတို့ (စစ်ကောင်စီ) ဘက်က အမြဲတမ်း ရှုံးနိမ့်နေတဲ့ အခါကြတော့ ဒီအပေါ်မှာ ဘာမှမဆိုင်ဘဲနဲ့ လူမျိုးရေးပြသနာဖြစ်အောင် အစဖော်တာလည်း ဖြစ်မယ်။ ဒီလိုမျိုး မလုပ်သင့်ဘူး။ နိုင်ငံသားအခွင့်အရေးကိုလည်း ချိုးဖောက်တယ်။ ဥပဒေမဲ့လုပ်ရပ်လည်း ဖြစ်တာကြောင့် စစ်ကောင်စီရဲ့လုပ်ရပ်ဟာ သမိုင်းမှာ အမဲစက်အဖြစ် တွင်ကျန်ခဲ့မှာဖြစ်တယ်။

ဦးထွန်းကြည် (ရခိုင်အရေးသုံးသပ်သူ/ နိုင်ငံရေးအကျဉ်းသားဟောင်း)

ဒီကိစ္စက သူတို့ (စစ်ကောင်စီ) ရဲ့ ရည်ရွယ်ချက်ကို ပြောဖို့ခက်တယ်။ ဒါဟာ လူထုကို ကြောက်လန့်အောင်လုပ်တာလားဆိုတာက သူတို့ပဲသိမယ်။ ဒါပေမဲ့ လောလောဆယ်မှာတော့ ရခိုင်လူမျိုးအသိုင်းအဝန်းထဲမှာ ဒီသတင်းက ဂယက်ထနေတဲ့ အခြေအနေဖြစ်တယ်။ လူငယ်တွေအတွက် ဒီကိစ္စဟာ စိုးရိမ်စရာဖြစ်လာတယ်။ အခြားတဖက်မှာ ဒီနိုင်ငံရဲ့ တရားဝင်နိုင်ငံသားကတ်ကို ကိုင်ဆောင်ထားတာမို့ ဒီကိစ္စက ရေရှည်လုပ်ထားလို့ရမယ့်ဟာတော့ မဟုတ်ဘူး။ အဲလိုသာ အမှန်တကယ် အကြာကြီးလုပ်ထားမယ်ဆိုရင် ဒီနိုင်ငံရဲ့အခြေအနေဟာ ဒီထက် ပိုဆိုးသွားနိုင်တယ်။ ဒီကိစ္စဟာ လူထုကို ကန့်သတ်တာ၊ လူထုကို ပစ်မှတ်ထားလာတာဖြစ်တဲ့အတွက်ကြောင့်မို့ ကမ္ဘာ့နိုင်ငံတွေကလည်း လက်ခံနိုင်တဲ့ အခြေအနေတရပ်မဟုတ်ဘူး။ နောက်တစ်ခုက ရခိုင်လူထုအသိုင်းအဝန်းနဲ့ စစ်ကောင်စီကြားမှာ ပိုကြီးထွားတဲ့ အငြိုးအတေးတွေ ဖြစ်လာနိုင်တယ်။

ရန်ကုန်ရောက် ရခိုင်တစ်ဦး

ရခိုင်မှာတော့ စစ်ဖြစ်နေလို့မို့ သွားလာခွင့်ကန့်သတ်တာတွေ ကြားရပေမယ့် ရန်ကုန်မှာ ဒီလိုဖြစ်လာမယ်လို့ လုံးဝ မထင်ထားမိဘူး။ ဒီကာလမှာဆိုရင် ရခိုင်ကနေ ရန်ကုန်ကို အားကိုးတကြီးနဲ့ စစ်လာရှောင်တဲ့လူတွေ အများကြီး။ သူတို့ဆိုရင် ခဏတဖြုတ်ဆိုပြီး လာခဲ့ကြတာ အလုပ်ကလည်း မရှိဘူး။ အခု ရခိုင်ကိုပြန်ဖို့ကလည်း အဆင်မပြေတော့ တော်တော်လေး ကြောက်လန့်နေကြတာကို တွေ့ရတယ်။ ပြောရမယ်ဆိုရင် နိုင်ငံသားနဲ့ ပြည်သူကို တကယ်တန်ဖိုးထားတယ်ဆိုရင် ဒီကိစ္စတွေကို မလုပ်သင့်ဘူး။ ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်နေရာ၊ ကိုယ့်ဒေသကို ပြန်လို့မရတော့ဘူးဆိုတဲ့ အသိတွေ ကိန်းအောင်းသွားရင် ဘယ်အစိုးရ၊ ဘယ်အုပ်ချုပ်သူကိုပဲဖြစ်ဖြစ် နာကြည်းမုန်းတီးသွားနိုင်တာမို့ ဒါမျိုးတွေ မလုပ်သင့်ဘူးလို့ ပြောချင်တယ်။

မအေးအေးရီ (ကျောက်ဖြူဒေသခံ)

စစ်ကောင်စီက လူငယ်တွေကို စစ်မှုထမ်းခိုင်းဖို့ လုပ်နေတဲ့အခါကြတော့ လူတော်တော်များများက ရန်ကုန်ကနေ အုံလိုက်ကျင်းလိုက် ထွက်ခွာကြတာတွေ ရှိလာတယ်။ စစ်ကောင်စီက ဒါကိုတားဆီးချင်တာအပြင် အခြားရည်ရွယ်ချက်လည်း ပါနိုင်တယ်။ ဒါပေမဲ့ အခြားလူမျိုးတွေကိုလည်း ပိတ်ပင်တာမဟုတ်ဘဲ ရခိုင်လူမျိုးတွေကိုမှ ဦးတည်လာတာဆိုတော့ ပြဿနာကြီးကြီးမားမား ဖြစ်လာမလား အဲလိုမျိုးတွေးမိတယ်။ အဓိက လူငယ်တွေအတွက် စိုးရိမ်စရာအခြေအနေလို့ မြင်တယ်။ ရခိုင်လူငယ်တွေအနေနဲ့ ကိုယ့်ရခိုင်ဒေသကိုလည်း ပြန်လာလို့မရဘူး၊ အဲဒီ (ရန်ကုန်) မှာ နေပြန်ရင်လည်း စစ်မှုထမ်းခိုင်းတာတွေအပြင်ပေါ့လေ အခြားမခန့်မှန်းနိုင်တဲ့ အန္တယ်ရာယ်မျိုးတွေလည်း ရှိလာနိုင်တယ်ဆိုတော့ ဒီအခြေအနေမှာ တော်တော်လေး အကြောက်တရား ရှိနေကြမှာ သေချာတယ်။ ဒီကိစ္စဟာ ရေရှည်သွားမလား ခဏလေးပဲလားဆိုတာကို မခန့်မှန်းနိုင်တဲ့အတွက်ကြောင့်မို့ ရန်ကုန်ရောက် ရခိုင်လူငယ်တွေအနေနဲ့ ဆင်ဆင်ခြင်ခြင် သတိထားနေထိုင်တာက ပိုကောင်းမှာပါ။

အောင်ထိန် (DMG)ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here