28 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“အေးရှိတဲ့သူတွေ လူဆိုးရောလူကောင်းရောမောင်းထုတ်ဆိုရင် ကျတော်တို့အဲလိုရည်ရွယ်ချက် မရှိဘူးပေါ့ လေနော။ မကောင်းတဲ့သူတော့ ဖယ်ရှားသွားမယ်။ နှိမ်နင်းသွားမယ်။ နောက်ပိတ်ဆုံး ဒီလူတွေ မကောင်းမှန်း သိရင်...

“အေးရှိတဲ့သူတွေ လူဆိုးရောလူကောင်းရောမောင်းထုတ်ဆိုရင် ကျတော်တို့အဲလိုရည်ရွယ်ချက် မရှိဘူးပေါ့ လေနော။ မကောင်းတဲ့သူတော့ ဖယ်ရှားသွားမယ်။ နှိမ်နင်းသွားမယ်။ နောက်ပိတ်ဆုံး ဒီလူတွေ မကောင်းမှန်း သိရင် ကျတော်တို့ဆက်ပြီးတော့ တာဝန်မယူတာဝန်မခံဘူး၊ သူ့ထိုက်နဲ့သူ့ကံသူသွားမယ်ပေါ့နော” DKBA စစ်ဦးစီးချုပ်ဗိုလ်ချုပ်စောဆန်းအောင်

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ထိန်းချုပ်နယ်မြေအတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)၊ လူကုန်ကူးမှုများနှင့်ပါတ်သက်ပြီး ဆောင်ရွက်နေမှုအခြေနေများကို DKBA စစ်ဦးစီးချုပ်ဗိုလ်ချုပ်စောဆန်းအောင် နှင့် ဆက်သွယ်မေးမြန်းချက်။

အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) နှင့် ဆက်စပ်နေသော လူကုန်ကူးမှုလုပ်ငန်းများနှိမ်နှင်းရန် မြန်မာ – ထိုင်း နယ်စပ်မြို့များဖြစ်သော မြဝတီ၊ ဘုရားသုံးဆူနှင့် တာချီလိတ်အပါအဝင် နေရာတချို့ကို ဖေဖော်ဝါရီလ ၅ ရက်နေ့ မှစတင်ကာ ထိုင်းနိုင်ငံမှ လျှပ်စစ်ဓာတ်အားလိုင်းများ၊ အင်တာနက်နှင့် လောင်စာစက်သုံးဆီတို့ကို ဖြတ်တောက် ခဲ့သည်။

ထိုသို့ ဖြတ်တောက်ပြီးနောက်ပိုင်းတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများကို နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် DKBA က ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)၊ လူကုန်ကူးမှုများနှင့်ပါတ်သက်ပြီး ဆောင်ရွက်နေမှုအခြေနေများအား DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောဆန်းအောင်နှင့် ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ လက်ရှိမှာ DKBA ထိန်းချုပ်နယ်မြေထဲမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)နဲ့ ပါတ်သက်တဲ့ လူကုန်ကူးမှုတွေကို ပြည်တွင်းနဲ့နိုင်ငံတကာကနေပြီးတော့ ရှာဖွေဖော်ထုတ်ပေးဖို့ တောင်းဆိုလာတာရှိပါလား။

ဖြေ။ ။ ဒီလူကုန်ကူးတယ်တို့ဘာတို့ဆိုတာ ကျွန်တော်တို့ကြားဖူးတာ ဟိုးငယ်ငယ်ကတည်းက နောက်ပြီးတော့ လူသားချင်းမစာနာဘဲ ညှင်းပန်းနှိပ်စက်တာတို့ လူ့အခွင့်ရေးချိုးဖောက်တာတို့က ကျတော်တို့ကြီးလာတဲ့အချိန်မှ ကြားတာပေါ့ဗျာ။ ခုနက နိုင်ငံတကာက တောင်းတာတို့ဘာတို့ဆိုတာက သံရုံးအနေနဲ့ ကျွန်တော်တို့ကို တောင်းလာတာ ရှိပါတယ်နော။

ဒါပေမယ့် ဒီရက်ပိုင်းတော့ တောင်းတာမရှိဘူး။ တောင်းတာ ဟိုးလွန်ခဲ့တဲ့လတွေ တောင်းလာတဲ့အနေအထားက လူသားတွေဟာလူလူချင်းမစာနာဘူး ညှင်းပန်းနှိပ်စက်တဲ့အပေါ်မှာ မူတည်ပြီး တော့မှ သူတို့ location တွေ ပေးပြီးတော့မှ လူဓာတ်ပုံတွေပေးပြီးတော့မှ သူတို့ရဲ့ Passportတွေ သူတို့ရဲ့ Visa တွေပေါ့လေ အတိအကျ ဖော်ပေးလာပြီးတော့ တောင်းတာရှိခဲ့ဖူးတယ်။

အေးအဲလိုလူတွေကြတော့ တခါတလေကျွန်တော်တို့ရှာဖွေတွေ့ရှိတယ်။ မြင်ရတယ် အဲဒါတွေကြတော့ ကျတော်တို့ ပြန်ပေးအပ်တာ ရှိပါတယ် ။သူက ရောင်းစားခံရတဲ့လူသားတွေပေါ့လေ၊ အေးအဲဒီလူတွေကို အချက်လက်နဲ့ ပြည့်ပြည့်စုံစုံ တောင်းဆိုတဲ့အပေါ်မူတည်ပြီးတော့ ကျတော်တို့ပြန်အပ်နှင်းပေးခဲ့တာ ရှိပါတယ် ဆရာနော။ အခုဒီရက်ပိုင်းမှာ သူ့ရဲ့ Passport ပုံနဲ့ မဖြူမမဲဆိုပြီး မောင်ဖြူမောင်မဲဆိုပြီး တောင်းတာတော့ မရှိဘူးရော။

မေး။ ။ DKBA ထိန်းချုပ်နယ်မြေထဲမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) နဲ့ ပါတ်သက်ပြီး
လုပ်ကိုင်နေသူတွေရှိနေလား၊ ဒီကိစ္စနဲ့ပါတ်သက်လို့ ဘယ်လိုပြောလို့ရပါလဲ။

ဖြေ။ ။ ကျားဖြန့်ဆိုလည်း ဘယ်လိုကျားလည်းဘယ်လိုဖြန့်လဲဆိုတာ ကျတော်တို့လည်းမသိရဘူးဆရာ။ အမှန်တကယ်လေ အေး လူကုန်ကူးမှုတွေ ဒီမှာရှိလားလို့မေးရင်၊ ရှိတဲ့အပေါ်မှာ သတင်းတွေကလည်းကြီးစိုး နေတာတွေလည်း ရှိတယ်ပေါ့လေ။ ရှိတယ် ဘယ်ပုံဘယ်နည်းရှိတယ်ဆိုတာ အတိအကျခရေစေ့တွင်းကြတော့ ကျွန်တော်တို့ မသိပါဘူးဆရာနော။ ဒီလူတွေဟာ ဒီမှာအလုပ်လာလုပ်တာ မင်းတို့လူသားတွေကို အရောင်းအဝယ် လုပ်ဖို့၊ လူသားတွေကို ညှင်းပန်းနှိပ်စက်ဖို့၊ လူမဆန်တဲ့လုပ်ရပ်တွေလုပ်ဖို့ ကျတော်တို့ခွင့်ပြုထားတာမရှိဘူး။

လူလူချင်း လူ့အခွင့်အရေးတွေချိုးဖောက်ပြီးတော့ စော်ကားမော်ကားတာတွေ အဲဒါကို ကျတော်တို့ကခွင့်မပြုဘူး ဆိုတာ ကျွန်တော်တို့က ချပြထားတယ်။ ဒီနှစ်မှာတော့နော ဒီလိုဆိုရင် မင်းတို့ကို ငါတို့က လက်ခံလို့မရဘူး။ လုပ်မယ်ဆိုလည်း သာမာန်ရိုးရိုးသားသားလုပ်ပေါ့။ ငါတို့ဒေသဖွံ့ဖြိုးရေးအတွက်ငွေ စင်ကြေးစင်နဲ့လာလုပ်ကိုင် တာတော့ လုပ်ကြပေါ့ဗျာ။ လူမဆန်တဲ့လုပ်ရပ်တွေကို လက်မခံဘူးဆိုတာ သူတို့ကိုပြောထားတယ် အဲဒါတော့ ရှိပါတယ်။

မေး။ ။ ဒီလူကုန်ကူးမှုနဲ့ကျားဖြန့်လုပ်ငန်းတွေကို တိုက်ဖျက်ဖို့ ဘယ်လိုဆောင်ရွက်နေတာတွေရှိပါလဲ၊ အခြားသောအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ရှိလား။

ဖြေ။ ။ ပူးပေါင်းရမှာပေါ့။ အလုပ်လုပ်မည်သည်မှာ တစ်ယောက်ကောင်းမရှိဘူးလေနော။ တစ်ယောက်တည်း ကောင်းတယ်၊ တော်တယ်တတ်တယ်ဆိုတာ မရှိဘူးလေနော။ လူကုန်ကူးဖြစ်ပေါ်လာတဲ့ အရင်းမြစ်ကို အချက်လက်ခိုင်ခိုင်မာမာ ရမယ်ဆိုရင်တော့ ကျတော်တို့ပူးပေါင်းပြီးတော့ နှိမ်နင်းမယ်ဆိုတဲ့ ကျတော်တို့ ရည်ရွယ်ချက် ဆုံးဖြတ်ချက်တွေ ဆောင်ရွက်ထားတာရှိတယ်လေဆရာနော။

နောက်ပြီးတော့ ၇ ရက်သားသမီးတွေပြောတိုင်း လိုက်ပြီးလုပ်ပေးရမယ်ဆိုရင် လုပ်လည်းမနိုင်ဘူး၊ လုပ်လည်း မတတ်ဘူးနောဆရာ။ ဖြစ်နိုင်တာကတော့ သူ့နိုင်ငံသားတစ်ယောက်အနေနဲ့ သံခင်းတမံခင်း ကျွန်တော်တို့ မြန်မာသံရုံးကို အကြောင်းကြားအသိပေးလာတယ်၊ ဒီနေရာမှာ အတိကျရှိတယ်ဆိုရင် ကျွန်တော်တို့ ဖော်ဆောင် ဖော်ထုတ်ပြီးတော့ လုပ်ထုံးလုပ်နည်းအတိုင်းအပ်နှံဖို့ ကျွန်တော်တို့ရည်မှန်းထားတာရှိတယ်။

မေး။ ။ ဒါနဲ့ပါတ်သက်ပြီး ဗိုလ်မှူးကြီးအနေနဲ့ ဘာများဖြည့်စွက်ပြောချင်တာတွေရှိပါသေးလဲဗျ။

ဖြေ။ ။ ဖြည့်စွက်ပြောချင်တာကတော့ ဘာပဲဖြစ်ဖြစ်လေ ဆရာတို့သတင်းဌာနအနေနဲ့လည်း ကျတော်တို့ရဲ့ အရပ်ဒေသမှာ ကျတော်တို့ရဲ့ DKBA ထိန်းချုပ်ထားတဲ့ အရပ်မှာပေါ့လေ၊ လူမဆန်တဲ့လုပ်ရပ်ကို တိတိကျကျ သိရှိတယ်ဆိုလို့ရှိရင်လည်း သူ့နာမည်နှင့်တကွ ကုမ္မဏီနာမည်နဲ့ အတိကျဖော်ဆောင်ပြီးတော့ ကျတော်တို့နဲ့ လာပြီးတော့ တောင်းယူလို့ရပါတယ်။

အကောင်းဆုံးကတော့ ကျတော်တို့ဆုံးဖြတ်ချက်ကတော့ သံရုံးကနေ ကျတော်တို့ကိုလာပြီး တောင်းမယ်ဆိုရင် အပ်နှံပေးမယ်။ ပြန်လည်လွဲပြောင်းပေးမယ်ဆိုတာက ကျတော်တို့ အဲလိုလုပ်ဆောင်မယ်လေနော။ အေးရှိတဲ့သူ တွေ လူဆိုးရောလူကောင်းရော မောင်းထုတ်ဆိုရင် ကျတော်တို့ အဲလိုရည်ရွယ်ချက် မရှိဘူးပေါ့လေနော။ မကောင်းတဲ့သူတော့ ဖယ်ရှားသွားမယ်။ နှိမ်နင်းသွားမယ်။ နောက်ပိတ်ဆုံး ဒီလူတွေ မကောင်းမှန်းသိရင် ကျတော်တို့ဆက်ပြီးတော့ တာဝန်မယူတာဝန်မခံဘူး သူ့ထိုက်နဲ့သူ့ကံသူသွားမယ်ပေါ့နော။

NMG ပေးပို့သည်။