အာသံပြည်နယ်အခြေစိုက် ဝါရင့်သတင်းထောက် ရာဂျစ် ဘာတာချာဂျီယာနှင့် အမေးအဖြေ
အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီနှင့် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့၏ မကြာသေးမီက တွေ့ဆုံမှုသည် ဒေသတွင်း၌ သိသာထင်ရှားသော အာရုံစိုက်မှုကို ရရှိခဲ့သည်။
အထူးသဖြင့် စစ်အုပ်ချုပ်ရေး ယန္တရားအနေဖြင့် နယ်မြေများ ဆက်တိုက်လက်လွှတ်ဆုံးရှုံးနေရချိန်တွင် တော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက နိုင်ငံ၏နေရာအနှံ့အပြားတွင် ၎င်းတို့၏ထိန်းချုပ်မှုကို တိုးမြှင့်နေသည့်အချိန်၌ ဤခရီးစဉ် ပေါ်ပေါက်လာခြင်းဖြစ်သည်။
ဤခရီးစဉ်သည် အိန္ဒိယအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ ၎င်းတို့၏ အဓိကမဟာဗျူဟာမြောက် အကျိုးစီးပွားများ ဖြစ်သော နယ်စပ်လုံခြုံရေး၊ ဒေသတွင်းချိတ်ဆက်မှု၊ ကုလားတန်စီမံကိန်းနှင့် တရုတ်နိုင်ငံနှင့် ပြိုင်ဆိုင်မှုတို့ကို ကာကွယ်ရန် ကြိုးပမ်းနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
ထို့ပြင် မြန်မာနိုင်ငံအတွင်း အထူးသဖြင့် အာရက္ခတပ်တော် (AA) က နိုင်ငံရေးနှင့် စစ်ရေးအရ လွှမ်းမိုးချုပ်ကိုင်ထားသည့် အင်အားစုတစ်ခုအဖြစ် ပေါ်ထွက်လာနေသည့် မြန်မာနိုင်ငံအနောက်ဘက်ခြမ်းတွင် ပြောင်းလဲလာနေသော အင်အားချိန်ခွင်လျှာအပေါ် နယူးဒေလီက မည်သို့ရှုမြင်သလဲဆိုသည့် အရေးကြီးသော မေးခွန်းများကိုလည်း ပေါ်ထွက်စေသည်။
ဤကိစ္စရပ်များကို အသေးစိတ်လေ့လာနိုင်ရန်အတွက် မြန်မာနိုင်ငံဖြစ်ပေါ်တိုးတက်မှုများနှင့် အိန္ဒိယ အရှေ့မြောက်ပိုင်းအရေးကို အနီးကပ်စောင့်ကြည့်လေ့လာနေသည့် အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်အခြေစိုက် ဝါရင့်သတင်းထောက်နှင့် စာရေးဆရာတစ်ဦးဖြစ်သူ ရာဂျစ် ဘာတာချာဂျီယာ (Rajeev Bhattacharyya) ကို DMG က ဆက်သွယ်မေးမြန်းခဲ့သည်။
၎င်းက အိန္ဒိယ၏ မြန်မာနိုင်ငံဆိုင်ရာမူဝါဒ၊ မင်းအောင်လှိုင်ခရီးစဉ်၏ သက်ရောက်မှုများနှင့် ဒေသတွင်းလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု အနာဂတ်တို့အပေါ် ၎င်း၏ အမြင်များကို မျှဝေထားခြင်းအား တင်ဆက်လိုက်သည်။
မေး – အိန္ဒိယအစိုးရနဲ့ မင်းအောင်လှိုင်တို့ မကြာသေးခင်က တွေ့ဆုံမှုမှာ မင်းအောင်လှိုင်က အိန္ဒိယအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ မြေပြင်က လက်ရှိနိုင်ငံရေး၊ စီးပွားရေးနဲ့ လုံခြုံရေး ပကတိအခြေအနေတွေ အထူးသဖြင့် စစ်အစိုးရအနေနဲ့ ရခိုင်ပြည် အပါအဝင် နိုင်ငံရဲ့ ကျယ်ပြန့်တဲ့ နယ်မြေအတော်များများကို မထိန်းချုပ်နိုင်တော့တဲ့ အချက်အပေါ် အခြေခံပြီး ကြည့်မယ်ဆိုရင် အိန္ဒိယရဲ့ လက်ရှိ မြန်မာစစ်အစိုးရအပေါ် ထားရှိတဲ့ သဘောထားကို ဘယ်လိုသုံးသပ်ပါသလဲ။ ဒီလို ထိတွေ့ဆက်ဆံမှုက စစ်အစိုးရအပေါ်ထားတဲ့ နယူးဒေလီ၏ မူဝါဒနဲ့ ပတ်သက်ပြီး ဘာကို ညွှန်ပြနေပါသလဲ။
ဖြေ – နယူးဒေလီမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး လမ်းကြောင်းပေါင်းစုံ ချဉ်းကပ်တဲ့ မူဝါဒ (Multipronged policy) ရှိပါတယ်။ အိန္ဒိယအစိုးရဟာ ဥအားလုံးကို ခြင်းတောင်းတစ်ခုတည်းထဲ မထည့်ချင်ပါဘူး။ ၎င်းဟာ မြန်မာစစ်တပ်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိထားသလို တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံက ဒုက္ခသည်တွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းအချို့ရဲ့ ခေါင်းဆောင်တွေကို အိန္ဒိယအရှေ့မြောက်ပိုင်းက ပြည်နယ်အတော် များများမှာ နေထိုင်ခွင့်ပြုထားပါတယ်။ ဒါပေမဲ့ အကျိုးရလဒ်ပိုင်းမှာတော့ နယူးဒေလီအတွက် စိတ်ကျေနပ်စရာ မရှိသေးပါဘူး။ ဇိုရမ်ပူ (Zorinpui) နဲ့ ပလက်ဝအကြား ၁၀၉ ကီလိုမီတာရှည်တဲ့ အဝေးပြေးလမ်းမကြီး ဆောက်လုပ်ရေးကတော့ ဆက်ရှိနေပေမယ့် စီမံကိန်း ဘယ်တော့ပြီးမလဲဆိုတာ မရေရာပါဘူး။ သုံးနိုင်ငံ အဝေးပြေးလမ်းမကြီး (Trilateral Highway) စီမံကိန်းကလည်း ရပ်တန့်နေပါတယ်။ ပြီးတော့ အိန္ဒိယ အရှေ့မြောက်ဒေသက ခွဲထွက်ရေးအဖွဲ့တွေဟာ မြန်မာနိုင်ငံထဲမှာ ဆက်လက်အခြေစိုက်နေဆဲဖြစ်ပြီး သူတို့ဟာ ဒီမိုကရေစီလိုလားတဲ့ တော်လှန်ရေးအဖွဲ့တွေကို ဆန့်ကျင်ဖို့ မြန်မာစစ်တပ်နဲ့ လက်တွဲထားကြပါတယ်။
မေး – အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီနဲ့ တွေ့ဆုံစဉ်အတွင်းမှာ နှစ်ဖက်စလုံးက နှစ်နိုင်ငံကုန်သွယ်ရေး တိုးမြှင့်ဖို့ ဆွေးနွေးခဲ့ကြပြီး အိန္ဒိယဘက်ကလည်း စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုပံ့ပိုးပေးဖို့ ဆန္ဒရှိကြောင်း ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေ အထူးသဖြင့် ကုန်သွယ်ရေး လမ်းကြောင်းတွေနဲ့ စီမံကိန်းနယ်မြေ အများအပြားဟာ စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတော့တဲ့ မြန်မာနိုင်ငံအနောက်ဘက်ခြမ်း အခြေအနေကို ထည့်သွင်းစဉ်းစားရင် စစ်အစိုးရအနေနဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ ကုန်သွယ်ရေးနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေကို ဖော်ဆောင်ဖို့ လက်တွေ့ကျတဲ့ စွမ်းဆောင်ရည် ရှိပါ သေးသလား။ သူတို့ ပေးထားတဲ့ ကတိကဝတ်တွေကို အကောင်အထည်ဖော်နိုင်စွမ်းအပေါ် ဘယ်လိုသုံးသပ်ပါသလဲ။
ဖြေ – အိန္ဒိယဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို မိမိတို့နိုင်ငံထဲမှာ ခွင့်ပြုမှာမဟုတ်ဘူးဆိုတဲ့ ထုတ်ပြန်ချက် အပါအဝင် မြန်မာစစ်တပ်ရဲ့ ဒီကတိကဝတ်တွေ အားလုံးဟာ အဓိပ္ပာယ်မရှိတဲ့ လေလုံးထွားမှုတွေ (Gibberish) သာ ဖြစ်ပါတယ်။ စစ်အစိုးရဟာ မြန်မာနိုင်ငံအနောက်ဘက်ခြမ်းမှာ ကုန်သွယ်ရေးနဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုတွေကို အကောင်အထည်ဖော်နိုင်မယ့် အနေအထားမှာ လုံးဝမရှိပါဘူး။ ကျွန်တော် မကြာသေးခင် က အာရက္ခဒေသကို သွားရောက်ခဲ့စဉ်က သတိပြုမိသလိုပဲ အာရက္ခတပ်တော် (AA) နဲ့ ၎င်းရဲ့ နိုင်ငံရေး အဖွဲ့အစည်းဖြစ်တဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) တို့ဟာ အခိုင်အမာ အခြေစိုက် တည်ဆောက်ထားပြီး ဖြစ်သလို ပြည်သူလူထုရဲ့ ထောက်ခံမှုကိုလည်း ရရှိထားပါတယ်။ စစ်အစိုးရအနေနဲ့ အာရက္ခတပ်တော်ကို ဖယ်ရှားဖို့ဆိုတာ လုံးဝမလွယ်ကူတဲ့ ကိစ္စဖြစ်ပါလိမ့်မယ်။
မေး – မင်းအောင်လှိုင်က အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက် လှုပ်ရှားနေတဲ့ အာရက္ခတပ်တော် (AA) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ နိုင်ငံအကျိုးအတွက် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။ စစ်တပ်က မြန်မာနိုင်ငံရဲ့ အခြားနေရာတွေမှာ စစ်ဆင်ရေးတွေ ဆက်လက်လုပ်ဆောင်နေဆဲအချိန်မှာ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီလိုကမ်းလှမ်းမှုကို ဘယ်လိုရှုမြင် သို့မဟုတ် တုံ့ပြန်နိုင်ခြေ ရှိပါသလဲ။ ဒီအဖွဲ့တွေအနေနဲ့ စစ်အစိုးရရဲ့ ဒီလိုစည်းကမ်းချက်တွေအပေါ် လက်ခံပြီး ထိတွေ့ဆက်ဆံလာမယ့် လက်တွေ့ကျတဲ့ မျှော်လင့်ချက် ရှိပါသလား။
ဖြေ – ခေတ်အဆက်ဆက် ဖြစ်ပေါ်တိုးတက်မှုတွေကို လေ့လာကြည့်ရင် စစ်တပ်ဟာ တော်လှန်ရေးအဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားမှာ သွေးခွဲမှုတွေဖြစ်အောင် အမြဲတမ်း ဖန်တီးလေ့ရှိပါတယ်။ ဒါဟာ ၁၉၈၈ အရေးတော်ပုံအပြီးမှာ အထင်ရှားဆုံး တွေ့ခဲ့ရတာပါ။ ကျွန်တော်နဲ့ အဆက်အသွယ်ရှိတဲ့ တော်လှန်ရေး အဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက တာဝန်ရှိသူအများစုရဲ့ အမြင်ကတော့ စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကို တိုးမြှင့်လုပ်ဆောင်ပြီး အပြစ်မဲ့ အရပ်သားတွေကို သတ်ဖြတ်နေတဲ့ အချိန်မျိုးမှာ ဆွေးနွေးပွဲဆိုတာ မဖြစ်နိုင်ဘူးလို့ ယူဆကြပါတယ်။
မေး – ဒီခရီးစဉ်ရဲ့ နောက်ထပ်ထွက်ပေါ်လာတဲ့ ရလဒ်တစ်ခုကတော့ ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်း အကောင်အထည်ဖော်မှုကို အရှိန်မြှင့်တင်ဖို့ သဘောတူညီချက် ဖြစ်ပါတယ်။ ဒါပေမဲ့ ကုလားတန်စီမံကိန်း စင်္ကြံရဲ့ နေရာအတော်များများဟာ လက်ရှိမှာ အာရက္ခတပ်တော်ရဲ့ ထိန်းချုပ်မှု သို့မဟုတ် ဩဇာအာဏာအောက်မှာ ရှိနေတာပါ။ အချို့သော လေ့လာသူတွေကတော့ ဤစီမံကိန်းဟာ AA နဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ထိတွေ့ဆက်ဆံမှုမရှိဘဲ လက်တွေ့ကျကျ ရှေ့ဆက်ဖို့မဖြစ်နိုင်ဘူးလို့ ဆိုကြပါတယ်။ လက်ရှိအချိန်မှာ ရခိုင်နဲ့ ပလက်ဝဒေသတွေမှာ တိုက်ပွဲတွေ အတော်အတန် ငြိမ်သက်နေပြီ ဖြစ်လို့ ကုလားတန်စီမံကိန်းကို တကယ်ပဲ ပြန်လည်အသက်သွေးသွင်းပြီး အကောင်အထည်ဖော်နိုင်မယ်လို့ ထင်ပါသလား။ ဘယ်လို စိန်ခေါ်မှုတွေနဲ့ အခွင့်အလမ်းတွေကို မြင်တွေ့ရပါသလဲ။
ဖြေ – အိန္ဒိယအစိုးရဟာ မြန်မာနိုင်ငံအတွင်း စီမံကိန်းအကောင်အထည်ဖော်ဖို့အတွက် အာရက္ခတပ်တော်ရော စစ်အစိုးရနဲ့ပါ နားလည်မှုတစ်ခု ရယူထားပါတယ်။ နယ်စပ်က ဇိုရမ်ပူနဲ့ ပလက်ဝအကြား ၁၀၉ ကီလိုမီတာ ရှည်တဲ့ အဝေးပြေးလမ်းမကြီး ဆောက်လုပ်ရေးကို စတင်နေပြီ ဖြစ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းမှာ မြန်မာစစ်အစိုးရဘက်က ကုမ္ပဏီနှစ်ခုလည်း ပါဝင်လုပ်ဆောင်နေပါတယ်။ ဒါကြောင့် စီမံကိန်းရဲ့ ဒီအစိတ်အပိုင်းကတော့ စောစော သို့မဟုတ် နောက်ကျပြီးစီးသွားမယ်လို့ အပြည့်အ၀ ခန့်မှန်းနိုင်ပါတယ်။ ဒါပေမဲ့ ဒါဟာ စီမံကိန်းတစ်ခုလုံး အဆင်သင့်ဖြစ်သွားပြီး အိန္ဒိယက သင်္ဘောတွေ ပလက်ဝအထိ တိုက်ရိုက်ဆိုက်ကပ်နိုင်တော့ မယ်လို့ မဆိုလိုသေးပါဘူး။ လောင်တလိုင် (Lawngtlai) ကနေ အာသံပြည်နယ်က ဆီလ်ချာ (Silchar) အထိ သွားတဲ့ အဝေးပြေးလမ်းက ကျဉ်းမြောင်းနေဆဲဖြစ်လို့ ကုန်စည်အများအပြားကို သယ်ယူပို့ဆောင်နိုင်စွမ်း မရှိသေးပါဘူး။ အိန္ဒိယအစိုးရက မီဇိုရမ်နဲ့ အာသံပြည်နယ်တွေမှာ လမ်းချဲ့ဖို့ ကြိုးပမ်းမှုတွေကို တိုးမြှင့် လုပ်ဆောင်နေပေမယ့် ဒါဟာ အချိန်ယူရဦးမှာ ဖြစ်ပါတယ်။
မေး – အိန္ဒိယဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အမျိုးမျိုးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အပါအဝင် မြန်မာ့အတိုက်အခံအင်အားစုတွေနဲ့လည်း ဆက်သွယ်မှုတွေကို ထိန်းသိမ်းထား သလို တစ်ဖက်မှာလည်း မင်းအောင်လှိုင်ကို အိန္ဒိယထံ တရားဝင် ဖိတ်ကြားခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံအပေါ် ထားတဲ့ အိန္ဒိယရဲ့ မဟာဗျူဟာမြောက် ချဉ်းကပ်ပုံနဲ့ ပတ်သက်ပြီး ဘာကို ဖော်ပြနေပါသလဲ။ နယူးဒေလီဟာ လမ်းကြောင်းနှစ်သွယ်မူဝါဒ (Dual-track policy) ကို ကျင့်သုံးနေတာလား။ အိန္ဒိယအနေနဲ့ စစ်တပ်နဲ့ ပိုမိုနီးကပ် စွာ ထိတွေ့ဆက်ဆံတာဟာ မြန်မာနိုင်ငံမှာ တရုတ်ရဲ့ တိုးမြင့်လာနေတဲ့ ဩဇာလွှမ်းမိုးမှုကို တန်ပြန်ဖို့ ပိုမို ကျယ်ပြန့်တဲ့ ကြိုးပမ်းမှုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်ပါသလား။ ဒီဖြစ်နိုင်ခြေအပေါ် ဘယ်လိုသုံးသပ်ပါသလဲ။
ဖြေ – အထက်မှာ ပြောခဲ့သလိုပဲ အိန္ဒိယဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် လမ်းကြောင်းပေါင်းစုံမူဝါဒကို ကျင့်သုံးနေတာပါ။ တရုတ်ရဲ့ တိုးမြင့်လာနေတဲ့ ဩဇာလွှမ်းမိုးမှုဟာ အိန္ဒိယအတွက် သေချာပေါက် စိုးရိမ်စရာ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ နယူးဒေလီအနေနဲ့ မြန်မာစစ်တပ်နဲ့ ဆက်တိုက်ထိတွေ့ဆက်ဆံနေတာဟာ တရုတ်ကို တန်ပြန်ဖို့ ပိုမိုကျယ်ပြန့်တဲ့ ကြိုးပမ်းမှုရဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်ကတော့ အဝေးကြီးကို ကြိုတင်ရောက်ရှိ ဦးဆောင်နေနှင့်ပါပြီ။ တရုတ်ဟာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို မိမိအတွက် အကျိုးရှိအောင် အသုံးချနိုင်ခဲ့ပေမယ့် အိန္ဒိယကတော့ အဲဒီလို မလုပ်နိုင်ခဲ့ပါဘူး။ အဓိက အကြောင်းရင်းကတော့ အိန္ဒိယအစိုးရမှာ ကြိုတင်စီမံကိန်းချမှတ်မှု (Forward planning) အားနည်းခြင်းကြောင့် ဖြစ်ပြီး ပြဿနာက ဗျူရိုကရေစီယန္တရားမှာ ရှိနေတာပါ။ နယူးဒေလီဟာ အခြေအနေတိုင်းအတွက် အမြဲတမ်း နောက်ကျမှ နိုးထလေ့ရှိပါတယ်။ ပြီးတော့ ၎င်းရဲ့ မူဝါဒအများစုဟာ ကြိုတင်ကာကွယ်တဲ့ ပုံစံမျိုး (Proactive) မဟုတ်ဘဲ အခြေအနေဖြစ်ပျက်လာမှ တုံ့ပြန်တဲ့ ပုံစံမျိုး (Reactive) သာ ဖြစ်နေတတ်ပါတယ်။
မေး – ခရီးစဉ်တစ်ခုလုံးကို ခြုံငုံကြည့်မယ်ဆိုရင် မင်းအောင်လှိုင်အနေနဲ့ သံတမန်ရေးရာ သင်္ကေတနဲ့ နိုင်ငံတကာ မြင်ကွင်းမှာ ပေါ်ထွက်ခွင့်ရတာအပြင် တခြား ဘယ်လို လက်တွေ့ကျတဲ့ အကျိုးအမြတ်တွေကို ရရှိခဲ့ပါသလဲ။ တစ်ဖက်မှာလည်း အိန္ဒိယအနေနဲ့ အခုလိုအချိန်မျိုးမှာ ၎င်းနဲ့ ထိတွေ့ဆက်ဆံခြင်းအားဖြင့် ဘယ်လို မဟာဗျူဟာမြောက် နိုင်ငံရေး၊ စီးပွားရေး သို့မဟုတ် လုံခြုံရေးဆိုင်ရာ အားသာချက်တွေကို ရရှိခဲ့ပါသလဲ။
ဖြေ – အိန္ဒိယနဲ့ မြန်မာဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ “ မက်လုံးပေးလိုက် ခြိမ်းခြောက်လိုက်” ဆိုတဲ့ မူဝါဒ (Carrot-and-stick policy) ကို ကျင့်သုံးကြပေမယ့် မတူညီတဲ့ အကြောင်းပြချက်တွေကြောင့် တစ်နိုင်ငံကိုတစ်နိုင်ငံ လိုအပ်နေကြတာ ဖြစ်ပါတယ်။ အစိုးရနှစ်ရပ်စလုံးဟာ အများသိအောင် ထုတ်မပြောဘဲ လျှို့ဝှက်ထားမယ့် အချို့သော ကိစ္စရပ်တွေအပေါ် နားလည်မှု ရယူထားကြတဲ့ ဖြစ်နိုင်ခြေ အလွန်မြင့်မားပါတယ်။ ယင်းထဲမှာ မြန်မာနိုင်ငံကနေ အိန္ဒိယကို တင်ပို့မယ့် မြေရှားဒြပ်စင် (Rare earth minerals) ဆိုင်ရာ သဘောတူညီချက်မျိုး ပါဝင်နိုင်ပါတယ်။ ပြီးတော့ အိန္ဒိယအစိုးရအနေနဲ့ အရုဏာချာပရာဒေ့ရှ်နဲ့ နာဂလန်ပြည်နယ်တွေရဲ့ အရှေ့ဘက် ခရိုင်တွေနဲ့ ထိစပ်နေတဲ့ စစ်ကိုင်းတိုင်းမြောက်ပိုင်းက ခွဲထွက်ရေးအဖွဲ့တွေရဲ့ အခြေစိုက်လှုပ်ရှားမှုတွေကို နှိမ်နင်းဖယ်ရှားဖို့ ကြိုးပမ်းမယ့် အရိပ်အယောင်မျိုးကိုလည်း ကျွန်တော် ခံစားမိပါတယ်။
မေး – ဒီခရီးစဉ်က ရခိုင်ပြည်ရဲ့ နိုင်ငံရေးနဲ့ လုံခြုံရေး အခြေအနေအပေါ် ဘယ်လိုသက်ရောက်မှု ရှိနိုင်ပါသလဲ။ အထူးသဖြင့် အုပ်ချုပ်ရေး၊ နယ်စပ်ကုန်သွယ်ရေး၊ ဒေသတွင်းချဆက်မှုနဲ့ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးတို့မှာ အာရက္ခတပ်တော်ရဲ့ တိုးမြင့်လာနေတဲ့ အခန်းကဏ္ဍအပေါ် ဘယ်လိုသက်ရောက်နိုင်မလဲ။ အိန္ဒိယက စစ်တပ်နဲ့ ထိတွေ့ဆက်ဆံတာဟာ မြန်မာနိုင်ငံအနောက်ဘက်ခြမ်းက အင်အားချိန်ခွင်လျှာအပေါ် တစ်စုံတစ်ရာ သိသာထင်ရှားတဲ့ ရိုက်ခတ်မှု ရှိလာမယ်လို့ မျှော်လင့်ပါသလား။
ဖြေ – ဒီဖြစ်ရပ်က ရခိုင်ပြည်ရဲ့ နိုင်ငံရေးနဲ့ လုံခြုံရေးအခြေအနေအပေါ် ဘာသက်ရောက်မှုမှ ရှိလိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူး။ အိန္ဒိယအနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် အာရက္ခတပ်တော်ကို စိတ်အနှောင့်အယှက် ဖြစ်စေမယ့် မည်သည့်ခြေလှမ်းမျိုးကိုမဆို စတင်လုပ်ဆောင်ဖို့ မဖြစ်နိုင်ပါဘူး။ သို့သော်လည်း အိန္ဒိယကနေ မြန်မာစစ်တပ်ထံ စစ်လက်နက်ပစ္စည်းတွေ ပိုမိုထောက်ပံ့ပေးမယ့် ဖြစ်နိုင်ခြေကိုတော့ မျက်ကွယ်ပြုလို့မရပါဘူး။ ဒါဟာ ရခိုင်ပြည်နဲ့ နိုင်ငံရဲ့ အခြားနေရာတွေမှာ အရပ်သားတွေအပေါ် ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ သတ်ဖြတ်မှုတွေ ပိုမိုများပြားလာတာမျိုး ဖြစ်စေနိုင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အာရက္ခဒေသမှာ လေကြောင်း တိုက်ခိုက်မှုတွေ တိုးမြင့်လာခဲ့ပေမယ့် အခုအချိန်အထိတော့ အာရက္ခတပ်တော်ရဲ့ စစ်ရေးစွမ်းဆောင်ရည်ကို အကြပ်အတည်းဖြစ်အောင် မချိုးနှိမ်နိုင်သေးပါဘူး။
DMG