လက်ရှိဖြစ်ပေါ်နေတဲ့ရခိုင်စစ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) ပြောခွင့်ရသူ ဦးခိုင်သုခနဲ့ဆက်သွယ်မေးမြန်းချက်။
နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းက ရသေ့တောင်မြို့နယ် အနောက်တောင်ပိုင်းမှာတည်ရှိတဲ့ စစ်ကောင်စီရဲ့ ဒုံးပိုက်နဲ့ ချိန်ခါလီနယ်ခြားစောင့် စခန်းနှစ်ခုကို ရက္ခိုင်တပ်တော် (AA) က စတင်တိုက်ခိုက်ပြီး ရခိုင်စစ်မျက်နှာကို ဖွင့်လှစ် လိုက်ပါတယ်။ အဲဒီနောက် ရခိုင်ပြည်အတွင်းက ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်၊ မင်းပြား၊ အမ်း၊ ပေါက်တောနဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားလာခဲ့ပါတယ်။
ရခိုင်မှာဖြစ်ပွားတဲ့ တိုက်ပွဲတိုင်းလိုလိုမှာ စစ်ကောင်စီတပ်ဟာ အကျအဆုံးများသလို ထိခိုက်ဒဏ်ရာရသူ တွေလည်း ဒုနဲ့ဒေးရှိတယ်လို့ ဆိုပါတယ်။ စခန်းကြီးငယ်အနည်းဆုံး ၅၀ လောက်လည်း ရက္ခိုင်တပ်တော် (AA) လက်အောက်ကို ရောက်ရှိသွားခဲ့ပါတယ်။
ရက္ခိုင့်တပ်တော်ကို စစ်မြေပြင်မှာ စစ်ရေးအရ မယှဉ်နိုင်တော့တဲ့ မြန်မာစစ်တပ်ဟာ Òကြွက်မနိုင် ကျီမီးရှို့Ó ဆိုတဲ့ စကားပုံအတိုင်း မှားယွင်းတဲ့စစ်ရေးပေါ်လစီနဲ့ အပြစ်မဲ့ရခိုင်ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်လာပါတယ်။ ရခိုင်ပြည်သူတွေ အေးချမ်းစွာနေထိုင်နေတဲ့ စစ်ရေးနဲ့မသက်ဆိုင်တဲ့ အရပ်ဘက် မြို့ပြကျေးလက် တောရွာတွေကိုမရှောင် လက်နက်ကြီးနဲ့ ဦးတည်ပစ်ခတ်တာ၊ လေယာဉ်တွေနဲ့ ဗုံးကြဲတာ၊ ရေတပ်ကပါ ထောက်ကူပစ်ခတ်တာတွေပါ လုပ်ဆောင်ပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လုပ်ဆောင်လာပါတယ်။
တဖက်မှာလည်း ယခင်ကျင့်သုံးခဲ့တဲ့ နည်းဗျူဟာအတိုင်း ရက္ခိုင်တပ်တော်( AA) ကို စစ်ပွဲတွေ ရပ်တန့်အောင် အကျပ်ကိုင်နိုင်ဖို့အတွက် ကုန်းလမ်း၊ရေလမ်း သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေကို အကုန်လုံးပိတ်ဆို့ပြီး ရခိုင်ပြည်သူတွေ စားဝတ်နေရေးကျပ်တည်းပြီး အတိဒုက္ခရောက်အောင် လုပ်ဆောင်နေပါတယ်။
ဒီလိုလက်ရှိဖြစ်ပေါ်နေတဲ့ ရခိုင်စစ်ရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) ပြောခွင့်ရသူ ဦးခိုင်သုခကို အခုလို ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ ပထမဆုံးအနေနဲ့ လက်ရှိရခိုင်မှာဖြစ်ပွားနေတဲ့ စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး သိချင်ပါတယ်ရှင့်။
ဖြေ။ ။ လက်ရှိရခိုင်မှာ တိုက်ပွဲဖြစ်နေတဲ့နေရာတွေမှာကတော့ မောင်တောမြို့နယ်ဘက်မှာ တိုက်ပွဲဖြစ်နေတာ ရှိတယ်။ နောက် ဘူးသီးတောင်မြို့နယ်ထဲမှာလည်း တိုက်ပွဲဖြစ်ပွါးနေတာရှိတယ်။ နောက် ပလက်ဝဘက်မှာလည်း တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်နေတာရှိတယ်ခင်ဗျ။ နောက်ဆုံးဝင်လာတဲ့ သတင်းအရ ပေါက်တော မြို့နယ်ထဲမှာလည်း တိုက်ပွဲတွေ ဖြစ်နေတာ ရှိပါတယ်။
မေး။ ။ ရခိုင်စစ်ပွဲနဲ့ပတ်သက်ပြီးတော့ စစ်ကောင်စီတပ်ဘက်ကလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက သူတို့အနေနဲ့ ကြည်း၊ ရေ ပူးပေါင်းပြီးတော့ ချေမှုန်းသွားမယ်လို့ ပြောထားတာ ရှိပါတယ်။ တိုက်ပွဲအခြေအနေကရော ဘယ်လို ဖြစ်လာနိုင်ပါလဲ။ စစ်ရေးအခြေနေကရော ပိုပြီးမြင့်လာနိုင်တယ်လို့ ပြောလို့ရပါလား။
ဖြေ။ ။ တိုက်ပွဲတွေကတော့ ပြင်းထန်လာနိုင်တဲ့ အနေအထားအများကြီးရှိပါတယ်။ ဒီနေရာမှာ မြန်မာစစ်တပ် အနေနဲ့ စစ်သားပီသဖို့တော့ လိုတာပေါ့ဗျာ။ စစ်တပ်၊ စစ်တပ်ချင်း တဖက်နဲ့ တဖက်တိုက်တာကတော့ ဒါဘာမှ ပြဿနာမရှိပါဘူး။ ဒါပေမယ့် မြန်မာစစ်တပ်ဟာ အခုဆိုရင် တိုက်ပွဲစဖြစ်တဲ့နေ့ကစပြီးတော့မှ အရပ်သား ပြည်သူတွေကို ဦးတည်ပြီးတော့ မတရားဖမ်းဆီး သတ်ဖြတ်နေတာတွေ ရှိပါတယ်။ အထူးသဖြင့် စစ်တွေအခြေစိုက် တပ်ရင်းတွေကနေပြီးတော့မှ ပုဏ္ဏားကျွန်းဘက်ကို လှမ်းပြီးတော့ လက်နက်ကြီးနဲ့ပစ်တာတွေ နောက်ပြီးတော့ ပုဏ္ဏားကျွန်း ခမရ ၅၅၀ တပ်က နေပြီးတော့မှ လက်နက်ကြီးနဲ့ လှမ်းပြီးတော့ပစ်တာတွေ၊ နောက်ပြီးတော့ မင်းပြား၊ ကျိန်းတောင်ပေါ်မှာ အခြေပြုထားတဲ့ မြန်မာစစ်တပ်တွေကလည်းပဲ မင်းပြားမြို့နဲ့ အနီးအနားက ရွာတွေကို ဦးတည်ပြီးတော့မှ လက်နက်ကြီးနဲ့ တောက်လျှောက် ပစ်နေတာတွေ ရှိပါတယ်။
အထူးသဖြင့်တော့ ညအချိန်မှာပေါ့နော်။ ညအချိန်မတော် အချိန်တွေမှာ သူတို့တောက်လျှောက် ပစ်နေတာတွေ ရှိပါတယ်။ ပြီးလို့ရှိရင် ဘူးသီးတောင် ဘက်မှာရော၊ တခြားနေရာတွေမှာရော၊ အမ်းဘက်မှာရောပေါ့ နေရာအနှံ့ပါပဲ။ မြန်မာစစ်တပ်ဟာ သူတို့လက်နက်ကြီးစခန်း အခြေပြုထားတဲ့နေရာတွေ အားလုံးကနေပြီးတော့မှ အရပ်သားပြည်သူတွေ ရှိတဲ့ဘက်ကို ဦးတည်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေအားလုံးဟာ မြန်မာစစ်တပ်ဘက်က နေပြီးတော့ ကျွန်တော်တို့ လူသားမျိုးနွယ်တွေပေါ်မှာ စစ်ရာဇဝတ်မှုတွေကို နေ့တိုင်း ကျူးလွန်နေတာ ဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ ပြောလိုပါတယ်။
မေး။ ။ ဒီရခိုင်စစ်ပွဲဆိုရင် ရက်ပိုင်းပဲရှိသေးတယ်လို့ ပြောလို့ရမှာပေါ့နော်။ ရက်ပိုင်းအတွင်းမှာဆိုရင် AA ဘက်က တပ်စခန်းသိမ်းပိုက်မှုတွေအပြင် စစ်သားနဲ့ ရဲတွေက စခန်းကနေ စွန့်ခွာထွက်ပြေးတာမျိုးတွေ လက်နက်ချ အလင်းဝင်တာမျိုးတွေလည်း အများကြီးကြားရတယ်ပေါ့နော်။ ဆိုတော့ လက်နက်ချအလင်းဝင်တဲ့ စစ်သား၊ ရဲသား အရေအတွက်က ဘယ်လောက်ရှိတယ်လို့ ပြောနိုင်ပါလဲရှင့်။
ဖြေ။ ။ လက်နက်ချအလင်းဝင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေ စခန်းလိုက်ဝင်တဲ့ဟာတွေ ရှိတယ်။ နောက် အစုလိုက်၊ တစ်ယောက်ချင်း ဝင်လာတဲ့ဟာတွေ ရှိတယ်။ အသေးစိတ် ဘယ်နှစ်ယောက်ရှိလဲဆိုတာကတော့ အတိအကျ ရောက်လာတာ မရှိသေးဘူးခင်ဗျ။ နောက်မှပဲ ပြန်မေးပြီးမှပဲ ပြောလို့ရမယ်။ ကျွန်တော့်ဆီမှာ စာရင်း ရောက်လာတာက နောက်တစ်ခုပေါ့နော်။ ဖြည့်ပြီးတော့ ပြောလိုတာကတော့ လက်ရှိ IDP ပေါ့နော်။ မြန်မာစစ်တပ်ဘက်က လက်နက်ကြီးပစ်လို့ ထွက်ပြေးလာတဲ့ အရပ်သားပြည်သူစာရင်းကတော့ အားလုံးပေါင်းဆိုရင် မနေ့က နိုဝင်ဘာ ၁၈ ရက်နေ့ အထိ ၄၆၂၈၆ ယောက် ရှိပြီ။ ဒီနေ့တွေမှာဆိုရင်တော့ ဒီထက်ပိုများလာမှာတွေ ရှိပါတယ်။
မေး။ ။ ဟုတ်ကဲ့။ အဲ့ဒီ IDP ရဲ့စာရင်းအရ ရခိုင်ရဲ့ဘယ်မြို့နယ်တွေက အများဆုံးပါလဲ။ ဘယ်မြို့နယ်တွေရဲ့ စာရင်းပါလဲဆရာ။
ဖြေ။ ။ အဲ့ဒီမှာ အများစုကတော့ ကျွန်တော်တို့ မင်းပြား၊ ပေါက်တော၊ ရသေ့တောင်၊ ဘူးသီးတောင် ရှိပါတယ်။ နေရာစုံပါပဲ။ မြောက်ဘက်ခြမ်းကတော့ ပိုပြီးတော့များပါတယ်။
မေး။ ။ လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲအခြေအနေမှာဆိုရင် ဒေသခံလူတွေကို စစ်တပ်က ဦးတည်တိုက်ခိုက်တဲ့အတွက် အရပ်သားပြည်သူတွေ သေဆုံးမှုတွေ တွေ့လာရပါတယ်။ ထိခိုက်သေဆုံးမှုကရော ဘယ်လောက်ထိရှိတယ်လို့ သိရပါလဲ။
ဖြေ။ ။ နိုဝင်ဘာလ ၁၃ရက်နေ ရခိုင်မှာ တိုက်ပွဲစဖြစ်တဲ့နေ့ကစပြီးတော့မှ မြန်မာစစ်တပ်ဘက်မှ အရပ်သား ပြည်သူတွေနေတဲ့ နေရာတွေကို မြို့ရောရွာရော အဲ့ဒီနေရာတွေကို လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်နေတာတွေ ရှိပါတယ်။ အခုဆိုရင် ကျွန်တော်တို့ ဒီမြို့ပေါ်ကလူတွေက ကျွန်တော်တို့ ULA/AA ထိန်းချုပ်ထားတဲ့ ရွာတွေဘက်ကို ထွက်ပြေးလာရတာတွေ အများကြီးရှိပါတယ်။ အထူးသဖြင့် အခုဆိုရင် ပေါက်တောနဲ့ မင်းပြားမြို့နယ်ထဲက ပြည်သူတွေ ထွက်ပြေးလာတာ အများကြီး ရှိနေပါတယ်။
ပေါက်တောမြို့မှာဆိုရင် မြန်မာစစ်တပ်ဘက်ကနေပြီးတော့ ဒေသခံမြို့ခံပြည်သူတွေ ၂၀၀ နီးပါး လောက်ကို ဓားစာခံအဖြစ် ဖမ်းထားတယ်။ လူသားဒိုင်းအဖြစ် လုပ်ထားတယ်လို့ ကျွန်တော်တို့သတင်းရရှိပါတယ်။ ဒီလိုမျိုး အပြစ်မဲ့ပြည်သူတွေကို လူသားဒိုင်းကာ လုပ်တယ်ဆိုတာကတော့ ဒါဟာ စစ်ရာဇဝတ်မှုကို ကျူးလွန်တာ ဖြစ်ပါတယ်။ နောက်ပြီးရင် မြန်မာစစ်တပ်ဟာ ရခိုင်ပြည်အနှံ့မှာ တိုက်ပွဲမဖြစ်တဲ့နေရာရော ဖြစ်တဲ့နေရာမှာ တွေရော အကုန်လုံး ဖမ်းဆီးမှုတွေကို သူတို့တောက်လျှောက် လုပ်နေတာဖြစ်ပါတယ်။ အဓိက ကတော့ ဘာတိုက်ပွဲမှ ဖြစ်ပွားခြင်းမရှိတဲ့ တောင်ကုတ်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ ဂွ ၊ မာန်အောင် မြို့နယ်တွေ ထဲမှာလည်း မြန်မာစစ်တပ်ဘက်က ဒေသခံပြည်သူတွေကို မတရားဖမ်းဆီးမှုတွေ တောက်လျှောက်လုပ်နေတာ ရှိပါတယ်။
အခုဆိုလိုရှိရင် မြန်မာစစ်တပ်ကနေပြီးမှ မတရားဖမ်းဆီးထားတဲ့ ပြည်သူစုစုပေါင်း ၇၂ ယောက် ရှိသွားပြီလို့ နောက်ဆုံးသတင်းအရ သိရတယ်။ ပြီးတော့ မြန်မာစစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ အရပ်သားပြည်သူကတော့ ၁၆ ယောက် လောက် ရှိပြီခင်ဗျ။ ဒဏ်ရာရသူကတော့ အယောက် ၅၀ ရှိတယ်။ ဒီဟာကတော့ မြန်မာစစ်တပ်ရဲ့ လတ်တလော အပြစ်မဲ့ပြည်သူတွေအပေါ်မှာ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေ ဖြစ်ပါတယ်။ ဒီရာဇဝတ်မှုတွေအတွက် မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုမှာ ပါဝင်ပတ်သက်သူတွေ၊ နောက် ကျွန်တော်တို့ပြည်သူတွေကို မတရား အနိုင်ကျင့်တဲ့လူတွေကို ကျွန်တော်တို့ဘက်ကတော့ သင့်တော်သလို လက်တုံ့ပြန်သွားမှာ ဖြစ်ပါတယ်။
မေး။ ။ ပြီးခဲ့တဲ့ကာလုံအစည်းအဝေးမှာဆိုရင် စစ်ကောင်စီရဲ့ ယာယီသမ္မတဦးမြင့်ဆွေက မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေကြောင့် နိုင်ငံကအစိတ်စိတ်အမွှာမွှာကွဲသွားနိုင်တယ်လို့ သူပြောဆိုထားတာ ရှိတယ်ပေါ့နော်။ ဆိုတော့ ရှမ်းမြောက်မှာဖြစ်တဲ့ စစ်ဆင်ရေးအပြင် တစ်နိုင်ငံလုံးမှာလည်း စစ်ဆင်ရေးတွေ အားကောင်းလာနေတာဆိုတော့ သူပြောသလိုများ နိုင်ငံက အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားနိုင်လား။ ဆရာရဲ့အမြင်လည်း သိချင်ပါတယ်ရှင့်။
ဖြေ။ ။ ဒီဟာကတော့ သူတို့မြန်မာစစ်တပ်နဲ့ မြန်မာနိုင်ငံရေး ကျောထောက်နောက်ခံပြုထားတဲ့ အဖွဲ့အစည်းတွေပေါ့နော်။ အဲ့ဒါတွေအပေါ်မှာ အများကြီးမူတည်ပါတယ်။ ဘာကြောင့်လည်းဆိုရင် အကုန်လုံးလည်း သိပြီးသားကိစ္စပဲ။ လွန်ခဲ့တဲ့ ၁၉၆၂ မတိုင်ခင်ကနေ ခုထိပေါ့နော်။ မြန်မာစစ်ခေါင်းဆောင် နိုင်ငံရေးခေါင်းဆောင် အဆက်ဆက်က ပြောလာတဲ့စကား ရှိပါတယ်။ လိုချင်ရင် တိုက်ယူပေါ့။ အဲ့လိုမျိုးပေါ့ ငါတို့လည်းမင်းတို့ကို တိုက်ယူထားတယ်။ ခင်ဗျားတို့လည်း လိုချင်ရင်တိုက်ယူပါ ဆိုပြီးတော့မှ အဲ့လိုမျိုး လူမိုက်ဆန်ဆန် တောက်လျှောက်ပြောလာခဲ့တာ ရှိပါတယ်။ ဆိုတော့ ဒီဟာကိုကြည့်လိုက်မယ်ဆိုရင် နိုင်ငံရေးအရ သူတို့မှာဖြေရှင်းလိုတဲ့စိတ်ဆန္ဒ လုံးဝမရှိဘူးဆိုတာကို ဖော်ပြနေတာဖြစ်တယ်။
နောက်ပြီးတော့ သူတို့က လက်နက်အားကိုးပြီးတော့ အခြားလူတွေကို ဗိုလ်ကျစိုးမိုးအနိုင်ယူပြီးတော့ အုပ်ချုပ်ထားမယ်ဆိုတဲ့ သူတို့ရဲ့ပင်ကိုယ်အရင်းခံဆန္ဒကို ဖော်ပြနေတာ ဖြစ်ပါတယ်။ ဒါကြောင့်မလို့ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဟာ တောက်လျှောက်မရပ်မနား ဖြစ်လာခဲ့ပြီးတော့မှ တက်လိုက်ကျလိုက် အနေအထားပါပဲ။ အခုဆိုရင်တော့ ပြည်တွင်းစစ်က အရင်ကထက်ပိုပြီးတော့မှ အရှိန်အဟုန်ကောင်းလာတယ်။ ဒီမှာထူးခြားတာ တစ်ခုကတော့ အရင်တုန်းကဆိုရင် ဒီမြန်မာပြည်သူ အထူးသဖြင့် ဗမာလူမျိုးအများစုက သူတို့ရဲ့ဗမာစစ်တပ်ကို ကျောထောက်နောက်ခံ ပေးခဲ့ကြတာပေါ့။ ဒါပေမယ့်ဗမာစစ်တပ်က အခြားလူမျိုးတွေကိုသာ ဖိနှိပ်တာ မဟုတ်ပါဘူး။
သူတို့အချင်းချင်းလည်း သူတို့ပြည်သူကို ဖိနှိပ်တာတွေ မတရားသတ်ဖြတ်တာတွေ တောက်လျှောက် ကျူးလွန်လာတဲ့ အခါကျတော့ သူတို့ကိုယ်တိုင်ကပင် အခု မြန်မာစစ်တပ်ကို ပြန်ပြီးတော့ တော်လှန်လာကြတာ ဖြစ်ပါတယ်။ ဆိုတော့ ဒီဟာကတော့ ထူးခြားတဲ့ ဖြစ်ပေါ်ပြောင်းလဲတိုးတက်မှုပေါ့နော်။ ပြောရမယ်ဆိုရင် အနာဂတ်မှာနေပြီးတော့မှ စစ်ကောင်စီ စစ်ရာဇဝတ်မှုမျိုးစုံ ကျူးလွန်ထားတဲ့ မြန်မာစစ်တပ်ကို ဖယ်ရှားပြီးလို့ရှိရင် ကျွန်တော်တို့ရဲ့အနာဂတ်မှာ ဘယ်လိုပုံစံဖြစ်ချင်သလဲဆိုတဲ့ နိုင်ငံရေးဆန္ဒပေါ့နော်။ အားလုံးရဲ့ နိုင်ငံရေးဆန္ဒကို ကျွန်တော်တို့ညှိနှိုင်းပြီးတော့မှ အကောင်းဆုံးပူးပေါင်းဆောင်ရွက်ပြီးတော့ အနာဂတ်ကောင်း တစ်ခုကို တည်ဆောက်နိုင်မယ်လို့တော့ ကျွန်တော်တို့အနေနဲ့ မြင်ပါတယ်ဗျ။
နိရဉ္စရာ ပေးပို့သည်။

