အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် ယာယီသမ္မတရာထူးလွှဲပြောင်းယူသည့်အပေါ် မွန်တော်လှန်ရေး ခေါင်းဆောင်တို့ အမြင်သဘောထားများ

By MPM 24 ဇူလိုင်, 2024 👁

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စစ်အာဏာသိမ်းယူပြီးနောက် ရွေးချယ်ခန့်အပ်ထားသည့် ယာယီသမ္မတဦးမြင့်ဆွေသည် ကျန်းမာရေးအခြေအနေ ဆိုးရွားလာသည့်အတွက် ယာယီသမ္မတ၏ ရာထူးတာဝန်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို လွှဲပြောင်းပေးလိုက်ပြီဟု စစ်ကောင်စီက ကြေညာခဲ့သည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် ယာယီသမ္မတတာဝန် ဝတ္တရားများကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ လွှဲအပ်ကြောင်းကို ယာယီသမ္မတရုံးမှ စစ်ကောင်စီထံသို့ ဇူလိုင်လ ၂၂ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်တွင် စာပို့လာသည့်အတွက် လက်မှတ်ရေးထိုး လက်ခံခဲ့ခြင်း ဖြစ်သည်ဟု စစ်ကောင်စီ ထုတ်ပြန်ပါသည်။

ထိုသို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ယာယီသမ္မတရာထူးတာဝန် လွှဲပြောင်း ရယူလိုက်သည့်အပေါ် မွန်တော်လှန်ရေးခေါင်းဆောင်တို့၏ အမြင်သဘောထား၊ သုံးသပ်ပြောဆိုချက်များကို စုစည်းဖော်ပြလိုက်ပါသည်။

နိုင်မွန်စိုင်း (ဥက္ကဌ – မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC))

“တကယ်တမ်းက မင်းအောင်လှိုင်က သမ္မတအာဏာပြန်သိမ်းလိုက်ပြီး သမ္မတဝင်လုပ်တာလို့ ယေဘုယျအားဖြင့် ပြောလို့ရတယ်။ ဒီနေ့အခြေအနေမှာကတော့ မင်းအောင်လှိုင်ဆောင်ရွက်နေတာနဲ့ပတ်သက်ပြီး အများစုက သဘောမတွေ့ကြဘူး။ သဘောမတွေ့ကြလို့ပဲ သူ့အပေါ် အယုံအကြည်မရှိကြတော့ဘူး။ အဲ့ဒါတွေကြောင့် ရှိသမျှ အာဏာတွေကို အကုန်သိမ်းယူနေတာ။ ဒီလိုဖြစ်လာပြီးဆိုရင် စစ်အာဏာရှင်ရဲ့ဥပဒေတွေဟာ ပိုပြီးခိုင်မာ လာတယ်။ ဒီလိုခိုင်မာအောင်လည်း သူကပြုပြင်ဖန်တီးနေတယ်။ ဒီပြောင်းလဲမှုတွေကြောင့် နိုင်ငံပဋိပက္ခတွေက ပိုပြီးရှုပ်ထွေးလာမယ်။ နိုင်ငံတကာလည်း သူ့ကိုလက်မခံနိုင်တာတွေ ဖြစ်လာမယ်။ တရုတ်နိုင်ငံကအစ နိုင်ငံတကာအဆုံး သူ့ကိုလက်မခံနိုင်လာကြတော့ သူ့ဘာသူ ဖြစ်သလိုဆောင်ရွက်ရတယ်။ သူ့အခြေအနေ အားလုံးလိုလိုကလည်း ပိုပြီးဆိုးလာမယ်။ သူက စစ်အာဏာရှင်တွေ သူ့ရဲ့ဩဇာအာဏာတွေကို မြှင့်တင်ချင် နေတယ်လို့ပဲ မြင်တယ်”

နိုင်ဗညားမွန် (ပြောရေးဆိုခွင့်ရှိသူ / မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD)

“ဥပဒေအရတော့ ဖြစ်စဉ်ကျကျ လွှဲပြောင်းယူတာတော့ မဟုတ်ဘူး။ မတရား လွှဲပြောင်းယူတာပဲပေါ့။ အဓိက ကလေ သူတို့သက်တမ်းတိုးထားတဲ့ ၆ လက သက်တမ်းပြည့်ရင် ထပ်တိုးကိုတိုးရတယ်။ လုပ်ငန်းအစီအစဉ်နဲ့ တွက်မယ်ဆိုရင် သက်တမ်းတိုးရင် သမ္မတ ရှိရတယ်။ သက်တမ်းမတိုးခင်မှာ လုပ်ငန်းအစီအစဉ်တွေ အဆင်ပြေအောင် ပြင်ဆင်ထားတယ်ဆိုတာ ပြောလို့ရတယ်။ ဒီဇူလိုင်လကုန် ဩဂုတ်လအစ သက်တမ်းတိုးမယ့် အခါကြရင် သမ္မတအနေနဲ့ ပြောခွင့်ပြုတယ်။ အဓိပ္ပာယ်က ဥပဒေတွေအသက်ပြန်ဝင်အောင် လမ်းကြောင်း သွင်းတာပေါ့။ ဘာပဲဖြစ်ဖြစ် အကုန်လုံးက မတရားလုပ်ယူနေတာပဲ။ အခုတောင် သူဖြစ်ချင်သလို သူလုပ်ချင် သလိုပဲ လုပ်ယူနေတာဆိုတော့ ဒီအတိုင်းပဲ ရှေ့ဆက်သွားမှာပဲ။ သူလက်မှာ အာဏာတွေကို သူကြိုက်သလို တင်းကြပ်ချင်နေတာ”

ဒေါက်တာသီရိမွန်ချမ်း (ပြောရေးဆိုခွင့်ရှိသူ – မွန်ပြည်ကာကွယ်ရေးတပ်/ MSDF)

“မင်းအောင်လှိုင်ကလေ ဘာနည်းနဲ့ဖြစ်ဖြစ် သူ့အာဏာတွေတက်လာအောင် လုပ်လာတာအမြဲပဲ။ သက်တမ်း တိုးလာတာ ၆ လတခါက အစပေါ့။ နောက်တစ်ခုက အရင်သမ္မတကို မကျန်းမာတာအကြောင်းပြုပြီး သူက ယာယီသမ္မတနေရာ လွှဲယူတာက ဘာမဟုတ်ဘူး။ အဓိကက သူ့အာဏာတွေ ဒီထက်ပိုပြီးတက်လာရင် သူလုပ်ချင်တာ သူလုပ်လို့ရမှာလေ။ သူက ဝန်ကြီးဖြစ်ဖြစ် သမ္မတပဲဖြစ်ဖြစ် အာဏာတွေက ပြည်သူတွေအပေါ်မှာ နိုင်ငံရေးအခြေအနေတွေအပေါ်မှာပဲ မူတည်တာ။ စကစ ကနေပြီးတော့ ဘာပြောင်းလဲမှုပဲလုပ်လုပ် နိုင်ငံရေး အခြေအနေတွေ မထိန်းနိုင်ရင် ရေရှည်သွားလို့မရဘူး။ ဒါမေမဲ့ သူတို့က အာဏာကို ရူးသွပ်နေတဲ့သူတွေဆိုတော့ အာဏာရနေရင်တော့ တနည်းမဟုတ်တနည်း လှုပ်ရှားနေမှာပဲ။ ရွေးကောက်ပွဲ လုပ်တာတွေဘာတွေပေါ့။ သူတို့က ဘယ်လိုပဲကြိုးစားလုပ်လုပ် ကျွန်တော်တို့အတွက်တော့ ဘာမထူးဘူး”

IMNA ပေးပို့သည်။