“အမိုးအကာတွေ လုံလောက်မှု မရှိဘူး ဖြစ်နေတယ်။ ပြီးတော့ အားလုံးကိုတော့ ဒီမှာတော့ နေတာကြာလာပြီ ဆိုတော့ အားလုံးက ရိက္ခာအတွက် အများကြီး ဝယ်ထားကြတာမရှိဘူး။ ပြေးနေရတယ်ဆိုတော့ ဒီဘက်မှာလည်း ဝယ်မယ့်ဆိုင်တွေ မရှိတော့ ဘာမှလည်း ဝယ်လို့မရတော့ဘူး။ ကျွန်တော်တို့အတွက်တော့ စစ်ဘေးရှောင်ရော ရေဘေးရော အားလုံးအတွက်တော့ အခက်တော်တော်လေးတွေ့တယ်ပေါ့နော်” ကိုဖြိုး / တွဲလက်ညီညီ စစ်ရှောင်ကူညီရေးအဖွဲ့ဝင်

By MPM 8 ဩဂုတ်, 2024 👁

တနင်္သာရီမြို့နယ်က ရေဘေးရောစစ်ဘေးပါ ရင်ဆိုင်နေရသည့် ဒေသခံပြည်သူများအကြောင်းနှင့် ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာမှာ ကြုံတွေ့နေရသည့်အခြေအနေများနှင့် ပတ်သက်ပြီး တွဲလက်ညီညီ စစ်ရှောင်ကူညီရေးအဖွဲ့ဝင်ဖြစ်သူ ကိုဖြိုးနှင့် ဆက်သွယ်မေးမြန်းချက်။

စစ်ကောင်စီက ဖြတ်လေးဖြတ်လုပ်ထားခံရသည့် စစ်ဘေးဒဏ်သင့် တနင်္သာရီမြို့နယ်တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မိုးကြီးပြီး ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်ခဲ့တာကြောင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရပါသည်။ ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားခဲ့သည့် တနင်္သာရီမြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများတွင် တပူပေါ်နှစ်ပူဆင့်ဆိုသလို ရေကြီးမှုကနေ စားနပ်ရိက္ခာပြတ်လပ်မှုပါ ရင်ဆိုင်လာရသည်။

စစ်ဘေးဒဏ်သာမက ရေဘေးဒဏ်ပါ ကြုံနေရသည့် ယင်းဒေသတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဘယ်လို လုပ်ဆောင်နေကြပါလဲ။ ဒေသခံပြည်သူများအား ကူညီထောက်ပံ့မှုပေးရာမှာလည်း ဘယ်လိုအခက်အခဲ များနှင့် ရင်ဆိုင်နေကြရလဲ။ ဒေသခံများအတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးလိုအပ်ချက်၊ ရေဘေးရော စစ်ဘေးပါ ရင်ဆိုင်နေရသည့် ဒေသတွင်းပြည်သူများ၏ အခြေအနေများနှင့် ပတ်သက်ပြီး တွဲလက်ညီညီစစ်ရှောင်ကူညီရေး အဖွဲ့ဝင်ဖြစ်သူ ကိုဖြိုးကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ အရင်ဦးဆုံးအနေနဲ့ တနင်္သာရီမြို့နယ်ရဲ့ ရေဘေးနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ အခြေအနေ ဘယ်လိုရှိလဲ ပြောပြပေးပါ။

ဖြေ။ ။ တစ်မြို့နယ်လုံး ခြုံပြီးကြည့်မယ်ဆိုရင်တော့ အားလုံးကတော့ ရေဘေးသင့်နေတယ်။ အားလုံးက ဒုက္ခရောက်နေတယ်ပေါ့နော်။ ကျွန်တော်တို့ ဇုန် (၁) ဇုန် (၂) နဲ့ ခွဲပြီးပြောမယ်ဆိုတော့ ကျွန်တော်တို့ ဇုန် (၂) ဘက်မှာ ဘာဖြစ်နေလဲဆိုတော့ လယ်သစ်အရှေ့ အနောက်၊ သာရဖုံ၊ ပဝပေါ့နော် အဓိကတော့ ရေဘေးရော စစ်ဘေးရော သင့်နေတယ်။ အခုလောလောဆယ် စစ်ကြောင်းကလည်း တအားထိုးနေတယ်ဆိုတော့ လယ်သစ် အရှေ့နဲ့ အနောက်၊ သာရဖုံ သုံးရွာပေါ့နော် စစ်ကြောင်းထိုးနေတယ်ဆိုတော့ ရေဘေးရော စစ်ဘေးရော အခက်တွေ့နေတယ်ပေါ့နော်။

မေး။ ။ အခုလို စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှုကြောင့် ရေဘေးရော စစ်ဘေးရော ပူးတွဲကြုံတွေ့ နေရတဲ့အပေါ်မှာ တွဲလက်ညီညီအဖွဲ့ကနေ ကူညီပေးနေတဲ့ အခြေအနေ ဘယ်လိုရှိပါလဲ။

ဖြေ။ ။ အခုလောလောဆယ်တော့ ဒီလထဲမှာပေါ့နော် ကျွန်တော်တို့ အလှူရှင် (Donor) အဖွဲ့ကနေ ပေးတာလည်း မရှိဘူးဆိုတော့ အခုကျွန်တော်တို့ အရံရိက္ခာကို အရံရိက္ခာ ထားထားတယ်။ အရံရိက္ခာ ထားထားတာက ဒီဘက်မှာ အခုကျွန်တော်တို့ လယ်သစ် အရှေ့အနောက်၊ သာရဖုံ၊ ပဝ အားလုံးကို ရေဘေးရော စစ်ဘေးရော အားလုံးကိုအခက်တွေ့နေတယ်ဆိုတော့ ကျွန်တော်တို့မှာ ထားထားတဲ့ အရံရိက္ခာအားလုံးကို ပေးလိုက်ပါတယ်။

အခုပေါ့နော် အရံရိက္ခာပေးလိုက်တာက လောက်တဲ့အထဲမှာတော့ ဘယ်လိုပြောမလဲ နဲနဲနဲ့ အားလုံးကို ရအောင်တော့ ကျွန်တော်တို့လုပ်လိုက်တယ်။ အခု ကျွန်တော်တို့မှာ အရံရိက္ခာတော့ မရှိဘူး။ အရံရိက္ခာ ထားထားတာ အားလုံးကိုပေးလိုက်တယ်။ အလှူရှင် (Donor) အဖွဲ့တွေကလည်း အခုလောလောဆယ်တော့ ဒီဘက်ကိုတော့ တစ်ဖွဲ့ထဲတော့ ကျွန်တော်တို့ မချိတ်ပေးရဘူးပေါ့နော်။

မေး။ ။ ရေဘေးသင့်ပြည်သူတွေကို ကူညီတဲ့အခါမှာ ဘယ်လိုအခက်အခဲနဲ့ ကြုံတွေ့ရလဲ။

ဖြေ။ ။ အခက်အခဲတွေ့တာကတော့ ဘယ်လိုပြောရမလဲ၊ နေတာကတော အားလုံးကို ပြန့်ကျဲနေကြ တယ်ပေါ့နော်။ တစ်နေရာတစ်နေရာ နေနေကြတာ၊ အဝေးကြီးတွေ လိုက်နေကြတယ်။ အုပ်စု အုပ်စုနဲ့ အဲဒါဆိုတော့ ကျွန်တော်တို့မှာ ရွာတိုင်းမှာ ရွာတိုင်းကို ကျွန်တော်တို့က ရိက္ခာလိုက်ပို့ပေးတယ်ဆိုတော့ ရွာတိုင်းမှာရှိတဲ့လူတွေ အားလုံးကိုခေါ်စုပြီး ပေးနေရတယ်ပေါ့နော်။

အရင်က ကျွန်တော်တို့က ရေဘေးမပါဘဲ စစ်ဘေးသက်သက်ဆိုရင် ဒီနေရာမှာ ဒီနေရာမှာ လာယူလိုက်ဆိုရင် ကျွန်တော်တို့က လုပ်လို့ရတယ်ပေါ့နော်။ အခုက ကျွန်တော်တို့က သူတို့ရှိနေတဲ့ နေရာတိုင်းကို အရောက်သွားပြီး လိုက်ပေးရတယ်။ ပြီးတော့ အခက်အခဲ ရှိတာကတော့ မိုးထဲလေထဲမှာဆိုတော့ ကျွန်တော်တို့သွားပေးတဲ့ လူတွေအတွက်လည်း အခက်အခဲ ဖြစ်တယ်ပေါ့နော်။

မေး။ ။ ဖြတ်လေးဖြတ် လုပ်ခံထားရတဲ့အပေါ်မှာ အခုလို ရေဘေးနဲ့ စစ်ဘေးကိုပါ ပူးတွဲကြုံတွေ့လာတော့ စားဝတ်နေရေးနဲ့ ဆေးဝါးလိုအပ်ချက် အခြေအနေ ဘယ်လိုရှိပါလဲ။ ဘာတွေကြုံတွေ့နေရလဲ။

ဖြေ။ ။ အခုလောလောဆယ်တော့ ပူးတွဲဖြစ်တယ်ဆိုတော့ စားဝတ်နေရေးက အဓိကဖြင့် ပိုပြီး ဖြစ်ကြတယ်ပေါ့။ အရင်တုန်းကဆိုရင်တော့ အသိမိတ်ဆွေ စစ်ဖြစ်တော့ အသိမိတ်ဆွေအိမ်မှာ လိုက်နေတာတို့ ဒါမျိုးတွေပဲလေ။ အခုက စစ်ဘေးရော ရေဘေးရော နှစ်မျိုးလုံးဆိုတော့ ပြေးလာရတဲ့လူတွေက အိမ်တွေမှာ လိုက်နေလို့မရတော့ တောတွေထဲမှာပါ လိုက်နေရတယ်ဆိုတော့ ဘာတစ်ခု အခက်အခဲသွားဖြစ်လဲဆိုတော့ တဲထိုးပြီးတော့ လုပ်နိုင်တဲ့ အမိုးဆို တာလဘာ (မိုးကာ) လုံလောက်မှု မရှိဘူးလေ။

ကျွန်တော်တို့ အမိုးအကာတွေ လုံလောက်မှု မရှိဘူး ဖြစ်နေတယ်။ ပြီးတော့ အားလုံးကိုတော့ ဒီမှာတော့ နေတာ ကြာလာပြီဆိုတော့ အားလုံးက ရိက္ခာအတွက် အများကြီး ဝယ်ထားကြတာမရှိဘူး။ ပြေးနေရတယ်ဆိုတော့ ဒီဘက်မှာလည်း ဝယ်မယ့်ဆိုင်တွေမရှိတော့ ဘာမှလည်း ဝယ်လို့မရတော့ဘူး။ ကျွန်တော်တို့အတွက်တော့ စစ်ဘေးရှောင်ရော ရေဘေးရော အားလုံးအတွက်တော့ အခက်တော်တော်လေးတွေ့တယ်ပေါ့နော်။ ကုန်ဈေးနှုန်း ကလည်းထိုးတက်သွားတယ်ဆိုတော့ ပိုပြီးတော့ ဒုက္ခတွေ ဖြစ်နေတယ်ပေါ့။

မေး။ ။ အခုနောက်ပိုင်းဆိုရင် တနင်္သာရီမြို့နယ်မှာ စစ်လက်နက်ပစ္စည်းဖြစ်တဲ့ မြေမြှုပ်မိုင်းအန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေရော ဘယ်လိုရှိလဲ။

ဖြေ။ ။ အဓိကတော့ သူတို့က အဌားလုပ်တဲ့ ဥယျာဉ်တွေမှာ ကိုယ်ပိုင်တောတွေမှာ အဌားလုပ်တဲ့ လူတွေ ပေါ့နော်၊ အဲဒီလိုလူတွေဆို သူတို့က စကစက ဝင် ဝင်ပြီးတော့ ထောင်ထားတယ်။ အလုပ်သမားတွေက ဥယျာဉ်ထဲ ပြန်ဝင်တာဆို သူတို့ကလည်း နားမလည်တာနဲ့ အဲဒီလိုတွေ ဖြစ်တယ်ပေါ့။ အဲဒါကတော့ အများကြီးတော့ မဟုတ်ပါဘူး။

မေး။ ။ နောက်ဆုံးအနေနဲ့ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေတွေက ဘယ်လောက်ထိ ဆိုးရွားနေလဲ။

ဖြေ။ ။ ကျွန်တော်တို့ဘက်မှာ ဘာတွေဆိုးဝါးနေလဲဆိုရင် အခုလောလောဆယ် စစ်ကြောင်းထိုးလာပြီဆိုရင် အိမ်တွေ မီးလိုက်ရှို့တဲ့အဆင့် ဖြစ်တယ်။ ပြီးတော့ လှေနဲ့ ဥယျာဉ်ထဲက နှစ်ယောက်သုံးယောက်ပေါ့နော်၊ သူတို့ ထွက်ပြေးလာပြီး ရိက္ခာနည်းနည်းပြတ်လို့ ရိက္ခာပြန်သွားယူတာ အဲဒါလှေထဲမှာ လူတစ်ယောက် သေနတ်နဲ့ ပစ်သတ်ထားတဲ့ အနေအထားတွေ ရှိနေတယ်ပေါ့။ သူတို့ကလည်း မဆုတ်သေးဘူး။ အင်အားက ထပ်တိုး ထပ်တိုးနဲ့ ဒါသာရဖုံနဲ့ ပဝဘက်ကိုပေါ့နော်၊ အဓိကတော့ သူတို့က အင်အားထပ်တိုး ထပ်တိုးပြီးတော့ လုပ်နေ တယ်။ ပြီးတော့ လေယာဉ်တွေနဲ့ အသုံးပြုတယ်။ ပြီးတော့ ကျွန်တော်တို့ဘက်ကို သင်္ဘောတွေနဲ့လည်း အသုံးပြု လာတယ်ပေါ့နော်။

သံလွင်တိုင်းမ် ပေးပို့သည်။