“အဓိက ခက်ခဲတာက လုပ်ကိုင်စားသောက်ရေးနဲ့ သွားရေးလာရေးပေါ့။ ပိုပြီးခက်ခဲတာက မှတ်ပုံတင် မရှိတဲ့သူတွေပေါ့။ မှတ်ပုံတင် မရှိဘူးဆို KIA ဖြစ်တယ်ဆိုပြီး ရိုက်နှက်တာတွေ ရှိတယ်၊ သွားလို့ မရဘူး” ဖားကန့်၊ ဝါရာဇွပ် ဒေသခံတစ်ဦး

0
313
ပုံစာ - KIA တပ်ရင်း ၁၄ ထုတ်ပြန်ချက်

ဖားကန့်၊ ဝါရာဇွပ်ဒေသရဲ့နိုင်ငံရေး၊ တိုက်ပွဲ အခြေအနေတွေနဲ့ ပတ်သတ်ပြီး ဒေသခံတစ်ဦးနှင့် အမေးအဖြေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၄ နယ်မြေ ဝါရာဇွပ် တိုက်နယ်အတွင်းက နယ်မြေတချို့ကို ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ကြောင်း KIA က ဇွန်လ ၂၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

အခုလို ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်လိုက်တဲ့အပေါ် ဒေသခံတွေရဲ့ လုပ်ကိုင်စားသောက်ရေး အခက်အခဲနဲ့ ဘယ်လို ရင်ဆိုင်နေကြရလဲဆိုတာရယ်၊ နိုင်ငံရေး အခြေအနေနဲ့ တိုက်ပွဲ အခြေအနေတွေက ဘယ်လိုရှိနေလဲ သိနိုင်ဖို့ ဒေသခံတစ်ဦးနှင့် ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး။ ။ အခုလို ကန့်သတ်နယ်မြေဆိုပြီး စာထုတ်ပြန်လာတော့ ပြည်သူတွေအနေနဲ့ ဘယ်လိုလုပ်ကိုင် စားသောက်နေရပါလဲ။

ဖြေ။ ။ ကျွန်တော်တို့ ရှဒူးဇွပ်ကျေးရွာတဝိုက်မှာတော့ အဓိကစက်ယန္တယားကြီးတွေနဲ့ ရွှေတူးတာတွေရှိတယ်။ အဲလို ကုမ္ပဏီတွေမှာ နေ့စားတွေ ဝင်ရောက်လုပ်ကိုင်ကြတယ်။ ရွှေမှော်တွေမှာ စျေးရောင်းတယ်။ အဲလို ရွှေမှော်တွေကို မှီခိုပြီး စားသောက်လုပ်ကိုင်သူတွေ များတယ်။ ဆိုတော့ အခုလို ကန့်သတ်နယ်မြေအဖြစ် ပြန်သတ်မှတ်လိုက်တော့ ရွှေမှော်တွေ မရှိတော့ဘူးဆိုတော့ အလုပ်လက်မဲ့ဖြစ် ကျွန်တော်တို့ပြည်သူတွေ ဒုက္ခရောက်ရတာပေါ့။

မေး။ ။ KIA အနေနဲ့ အခုလို ကန့်သတ်နယ်မြေဆိုပြီး သတ်မှတ်လိုက်ပြီးတဲ့နောက်၊ ဘယ်မှော် ဘယ်ကျေးရွာက ပြည်သူတွေ ရှဒူးဇွပ်ဘက်ကို ဘယ်လောက်ထွက်ပြေးလာခဲ့ပြီလဲ။

ဖြေ။ ။ ကိုင်းတော၊ လောဒ်ဂျာ၊ ချောင်းဆုံ မှော်တွေဘက်ကသူတွေ အားလုံးနီးပါး ထွက်ခဲ့တယ်။ အားလုံးက ဒေသပေါင်းစုံက လာရောက်လုပ်ကိုင် စားသောက်ကျတယ်ဆိုတော့ ဒေသက စုံပါတယ်။ အဲလိုအားလုံး ထွက်ခဲ့ကျတော့ ရွာမှာရှိတဲ့သူကရှိ၊ တခြားမှော်တွေကို ပြောင်းတဲ့သူတွေကပြောင်းပေါ့။

မေး။ ။ အဲဒီဒေသမှာ ပြီခဲ့တဲ့နှစ်တွေကလည်း KIA ဘက်က ရွှေမှော်တွေ ပိတ်ထားတယ်လို့ကြားတယ်။ တစ်ဖက်မှာလည်း ရွှေတူးဖော်တဲ့ လုပ်ငန်းတွေ ပုံမှန်လုပ်ဆောင်နေတာတွေ တွေ့ရတယ်ဆိုတော့ KIA နယ်မြေမှာ ဆက်တူးနေတာလား သို့မဟုတ် ပြည်သူ့စစ်တွေ သူတို့ပိုင်တဲ့နေရာမှာ တူးနေတာလား။

ဖြေ။ ။ အဓိက အများပိုင်းတော့ KIA နယ်မြေမှာ တူးဖော်တာများတယ်။ သူတို့ နေရာတွေကို ဘယ်လို ပိုင်းခြားထားတယ် ဆိုတာတွေကိုတော့ ကျွန်တော်တို့ပြည်သူတွေ ကောင်းကောင်းမသိဘူး။ ပြည်သူ့စစ်တွေကိုကလည်း သူတို့နာမည်နဲ့ မဟုတ်ရင်လည်း တခြားနာမည်တွေနှင့် အကျိုးတူ တူးဖော် လုပ်ကိုင်တာပဲ။ အဲဒီဒေသက ပြဿနာက ပြည်သူ့စစ်မင်းဇင်သန့်ရဲ့ ရွှေတူးနေတဲ့ဘက်ဖိုးကို မီးရှို့ပေးလိုက်တာက စတာပဲ။

ပုံစာ – မင်းဇင်သန့် ပြည်သူ့စစ်တပ်စခန်း

မေး။ ။ မင်းဇင်သန့်ပြည်သူ့စစ်အဖွဲ့က သူတို့ရဲ့နေရာကို တခြားလုပ်ငန်းရှင်တွေနဲ့ အကျိုးတူတူးဖော် နေတယ်လို့ ပြောချင်တာလား။

ဖြေ။ ။ သူ့နေရာတော့ မဟုတ်ဘူး။ သူကအခု ဒီဒေသမှာ စစ်ကောင်စီနဲ့ပူးပေါင်းပြီး လုပ်စားနေတဲ့သဘောပါ။

မေး။ ။ ဝါရာဇွပ်တိုက်နယ်ထဲက ပြည်သူတွေအနေနဲ့ ပြည်သူ့စစ်တပ်ဖွဲ့နဲ့ KIA တပ်တို့ကြား ဘယ်လို အခက်အခဲတွေ ကြုံတွေ့နေရတယ်ဆိုတာကိုလည်း ပြောပြပေးပါ။

ဖြေ။ ။ ပြည်သူတွေ အဓိက ခက်ခဲတာက လုပ်ကိုင်စားသောက်ရေးနဲ့ သွားရေးလာရေးပေါ့။ ပိုပြီးခက်ခဲတာက မှတ်ပုံတင် မရှိတဲ့သူတွေပေါ့။ မှတ်ပုံတင် မရှိဘူးဆို KIA ဖြစ်တယ်ဆိုပြီး ရိုက်နှက်တာတွေ ရှိတယ်၊ သွားလို့ မရဘူး။ ခံရတာက ပြည်သူတွေပါ။

မေး။ ။ KIA အနေနဲ့ ဘာကြောင့် ဒီထုတ်ပြန်ချက်ကို ထုတ်ရတာလဲဆိုတာ ဆရာ့အမြင်ကို ပြောပေးပါ။ ဆိုလိုတာက တိုက်ပွဲကြီးတွေ ဖြစ်လာနိုင်လား၊ မဟုတ်ဘူးဆို မင်းဇင်သန့်အဖွဲ့ကြောင့် ထုတ်ပြန်ရတာပါလား။

ဖြေ။ ။ အဓိကတော့ မင်းဇင်သန့်ကို ဦးတည်ပြီး ထုတ်ပြန်တယ်လို့ မြင်ပါတယ်။ မင်းဇင်သန့်ရဲ့ ဝင်ငွေတွေကို ဖြတ်တောက်တဲ့ သဘောလို့လည်း မြင်ပါတယ်။ အခုလို သူ့ရဲ့ဝင်ငွေလမ်းတွေကို ဖြတ်တောက်ပေးလိုက်ရင် သူလုပ်ချင်သလောက်လုပ်လို့ မရတော့ဘူးဆိုတဲ့ သဘောမျိုးတွေ့ရတယ်။ အခုဟာက လုပ်ငန်းရှင်တွေကို ပိုက်ဆံလိုက်ကောက်ပြီးမှ ရလာတဲ့ပိုက်ဆံတွေနဲ့ လူအင်အား၊ လက်နက်အင်အားတွေ တည်ဆောက်ပြီး KIA ရဲ့ တပ်စခန်းတွေကို ဗုန်းကြဲတာတွေ လုပ်လာတော့ KIA ဘက်ကလည်း အခုလို ပြန်လည်ထုတ်ပြန်လာတယ်လို့ မြင်ပါတယ်။

မေး။ ။ KIA ဘက်က အခုလို စာထုတ်ပြန်တာ ဘယ်နှစ်ခါရှိပြီလို့ သိရလဲ။

ဖြေ။ ။ ဒီတစ်ခါနဲ့ဆို နှစ်ခါရှိပြီ။ ပထမ တစ်ခါက ပြီးခဲ့တဲ့ ၂၀၂၂ မှာ တစ်ခါ၊ အခုနှစ်မှာ တစ်ခါပေါ့။

မေး။ ။ KIA ထုတ်ပြန်ချက် ထုတ်ပြီးနောက် စစ်ကောင်စီဘက်က KIA ဘက်ကို ဘယ်လို တုံ့ပြန်မှုမျိုးတွေရှိလဲ။

ဖြေ။ ။ KIA ထုတ်ပြန်ချက် ထုတ်ပြီး တစ်ရက်အကြာ စစ်ကောင်စီဘက် ဂျက်တိုက်လေယာဉ်နဲ့ ဗုံးလာ ကြဲတယ်။ KIA တပ်ရင်း ၁၄ ကို ဒရုန်းတွေနဲ့ ဗုံးကြဲချတာတွေ ရှိတယ်လို့ ကြားတယ်။ တိုက်ပွဲငယ်တွေဖြစ်ပြီး KIA ရဲ့ ဝခါးတပ်စခန်းကို သွားသိမ်းခဲ့တယ်။ ပြီးတော့ လမ်းသွားလမ်းလာတွေကို စစ်ဆေးမေးမြန်းပြီး မသင်္ကာတဲ့ သူတွေကို ဖမ်းဆီးတယ်။ KIA ဝန်ထမ်းတွေကို ဖမ်းဆီးတာ ပိုများလာတယ်လို့ သိရတယ်။

မေး။ ။ KIA က ရှဒူးဇွပ်ဒေသမှာ လှုပ်ရှားလို့ မရတော့ဘူးလား။ ဘယ်လို အခြေအနေရှိလဲ။

ဖြေ။ ။ နည်းနည်းပါးပါး လှုပ်ရှားလိုက်တိုင်း စစ်ကောင်စီဘက်က လေယာဉ်ပေါ်က ဗုံးကြဲချ၊ လက်နက်အကြီး၊ အသေးတွေနဲ့ ပစ်တယ်ဆိုတော့ လှုပ်ရှားလို့ မရဘူးပေါ့။ လှုပ်ရှားမယ်ဆိုလည်း ပြည်သူတွေကို ထိခိုက်လာမှာကို စိုးရိမ်တဲ့အတွက် မလှုပ်ရှားဘူးလို့ပဲ မြင်ပါတယ်။

မေး။ ။ မင်းဇင်သန့်ဘက်က KIA တွေကို ဖမ်းဆီးတာ ဆက်တိုက်ဆိုသလို လုပ်ဆောင်လာတာကို တွေ့မြင် ရတယ်ဆိုတော့ ဒီတစ်နှစ်အတွင်း ဘယ်နှစ်ယောက်ကို ဖမ်းဆီးသွားပြီလဲ။

ဖြေ။ ။ ဒီတစ်နှစ်အတွင်း ဖမ်းဆီးခံရတာ ၂၀ ယောက်ခန့် ရှိပြီလို့ သိရတယ်။ တချို့က ပိုက်ဆံပေးပြီး ပြန်လွှတ်ပေးတာရှိတယ်။ တချို့က ဖမ်းဆီးခံထားရဆဲပေါ့။

မေး။ ။ KIA ခဏခဏ ဖမ်းဆီးခံရတာ ဘာကြောင့် ဖမ်းဆီးခံရတာလို့မြင်ပါလဲ။

ဖြေ။ ။ ပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံမှု သိပ်မရှိဘူး။ တပ်ထဲမှာနေတာကြာလာတော့ မိသားစုထဲ အစစအရာရာ ခက်ခဲလာတယ်ဆိုတော့ ပိုက်ဆံရတဲ့အလုပ် ဘာမဆိုလုပ်လာတယ်။ ဆိုတော့ အတွင်းထဲမှာကို သတင်းပေးတဲ့သူတွေ ရှိလာတယ်။ အဲလိုသတင်းပေးမှုတွေ များလာတာကြောင့် ဖမ်းဆီးမှုတွေ များလာတယ်လို့ မြင်ပါတယ်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here