ဒီပဲယင်းမြို့သိမ်းတိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့သည့် ဒေသတော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးနှင့် ဒီပဲယင်းမြို့ လက်ရှိအခြေအနေကို ဆက်သွယ်မေးမြန်းခြင်း။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ အမှတ် (၁) စစ်ဒေသ ရွှေဘိုခရိုင်ကွပ်ကဲရေးအဖွဲ့၏ ကွပ်ကဲမှုဖြင့် မြို့တွင်းရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များ တပ်စွဲထားသည့် နေရာများကို တိုက်ခိုက်ပြီး သြဂုတ်လ ၁၈ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင် ထိန်းချုပ်နိုင်ခဲ့ကြောင်း စစ်ကိုင်း ပကဖက ထုတ်ပြန်ကြေညာခဲ့သည်။
သို့သော် ဒီပဲယင်းမြို့ကို ထိန်းချုပ်ပြီး နာရီပိုင်းအကြာတွင် စစ်ကောင်စီဘက်က အင်အားဖြည့်တင်း၍ ပြန်လည်တိုက်ခိုက်လာသောကြောင့် တော်လှန်ရေးတပ်ဖွဲ့များက ဒီပဲယင်းမြို့ကို ပြန်လက်လွှတ်ခဲ့ရသည်။
ဒီပဲယင်းမြို့ လက်ရှိအခြေအနေနှင့် ပတ်သက်ပြီး မြို့သိမ်းတိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့သည့် ဒေသတော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ ဒီပဲယင်းမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ အခြေအနေကို ပြောပေးပါဦး။
ဖြေ။ ။ စစ်ဒေသ (၁) ရဲ့ ကွပ်ကဲမှု COC အောက်ကနေ ကျနော်တို့ ပူးပေါင်းတိုက်ခဲ့ကြတာပါ။ စစ်ကောင်စီ တပ်စွဲထားတဲ့နေရာတွေ ရဲစခန်း၊ ထွေအုပ်ရုံး၊ တရားရုံး၊ ဝန်ထမ်းအိမ်ရာတွေကို ကျနော်တို့ တိုက်ခဲ့ကြတယ်။ ၁၈ ရက် မနက်အစောပိုင်းမှာ မြို့ကိုသိမ်းနိုင်ခဲ့ပါတယ်။

ပုံစာ – ဒီပဲယင်းမြို့သိမ်းတိုက်ပွဲအပြီး တွေ့ရသောတော်လှန်ရေးတပ်ဖွဲ့များ (Photo – Galon PDF)
မေး။ ။ မြို့သိမ်းပြီးနောက်မှာရော အခြေအနေတွေ ဘယ်လိုဆက်ရှိပါလဲ။
ဖြေ။ ။ မြို့ကို မနက်ပိုင်းမှာသိမ်းပြီး နေ့လယ်လောက်မှာ စကစဘက်က အင်အားပြန်ဖြည့်လာတယ်။ Mi – 16၊ 17 နဲ့ နှစ်စီး၊ နှစ်စီးဆီ နှစ်ခေါက်ပေါ့နော်။ အင်အားက ရာချီရှိတော့ အရမ်းများတယ်။ မန္တလေးနန်းတွင်းကနေပြီး တော့ နှစ်စီးဆီ နှစ်ခေါက်လာချတာ။ တစ်စီးကို ၃၅ ယောက်လောက် ဆန့်တယ်လို့သိရတော့ တခါလာနှစ်စီးဆို အယောက် ၇၀ နဲ့ နှစ်ခေါက်ဆိုတော့ ၁၄၀ ဝန်းကျင်လောက်ပေါ့။ အဲ့ဒါက လူချတာ။ နောက် Mi – 35 နဲ့က လာပစ်တာဆိုတော့ တခါလာရင် သုံးစင်းပေါ့။
နှစ်စင်းက စစ်ကူချ၊ တစ်စင်းက ပစ်ပေးတာ အဲ့ဒီလိုမျိုး။ နောက်ပြီး တိုက်တဲ့ည ထွက်ပြေးတဲ့ အင်အား၂၀ (စကစတပ်သား) လောက်ကလည်း ဒီပဲယင်းနားက ကန်ဖျားပေါ့နော်။ ပုပ္ဗာရုံဘုန်းကြီးကျောင်းထဲမှာ ရှိနေတယ်။ အဲ့ဒီမှာ တိုက်ပွဲဖြစ်နေတဲ့ အချိန်မှာပဲ ဝေဟင်ကနေပြီးတော့ အင်အားဖြည့်လာတာ။ ဒီပဲယင်းနဲ့ မလှမ်းမကမ်း အောင်ချမ်းသာရွာရဲ့ နောက်ဖက်နားမှာပဲ ချသွားတာလေ။ အစကတော့ သူတို့ ရိုးရိုးထွက်ပြေးသွားတဲ့ဟာကို ဒီဘက်က အပြတ်တိုက်လိုက်လို့ ရတယ်ပေ့ါနော်၊ နောက်ကြ စစ်ကူနဲ့ဖြစ်သွားတာ။
မေး။ ။ မြို့သိမ်းပြီးနောက် တိုက်ပွဲပြန်ဖြစ်တာရော ရှိပါသေးလား။
ဖြေ။ ။ မနေ့ည (သြဂုတ်လ ၁၈ ရက်) က ခဏပြန်ဖြစ်ပါတယ်။ အခုလောလောဆယ်တော့ တိုက်ပွဲ ပြန်မဖြစ် သေးပါဘူး။ ဒီဘက်က (တော်လှန်ရေးတပ်ဖွဲ့များ) နောက်ပြန်ဆုတ်ထားကြပါတယ်ဗျ။ ဒီနေ့ (သြဂုတ် ၁၉ ရက်) မှာ လေယာဉ်နဲ့လာပစ်တာတော့ မရှိသေးပါဘူး လက်ရှိအထိပေါ့။
မေး။ ။ ပြန်ဆုတ်ပေးလိုက်တယ်ဆိုတော့ မြို့ကို အချိန်ပိုင်းထိန်းလိုက်နိုင်တဲ့ အခြေအနေမျိုးပါလား။
ဖြေ။ ။ ဟုတ်ပါတယ်။ ၆ နာရီလောက် အထိ သိမ်းလိုက်နိုင်ပါတယ်။
မေး။ ။ သိမ်းပြီးထားတဲ့မြို့ကနေ ဘာကြောင့် ဆုတ်ခွာပေးလိုက်တာပါလဲ။
ဖြေ။ ။ အားပြန်ယူတာပါ။ နောက်ပြီး ဒီပဲယင်းကို ရတာနဲ့ ခရိုင်မှူးက မြို့ထဲကို တော်လှန်ရေးအဖွဲ့တွေ မဝင်ခိုင်းဘူးလေ။ မြို့ပြင်ပဲ နေခိုင်းတော့ ဘယ်အဖွဲ့ကမှ မနေကြဘဲပြန်ကြတာ။ သူ့နေရာနဲ့သူ။ အဓိက က တပ်ရင်း မဟုတ်တဲ့အဖွဲ့တွေ အဲ့ဒီမှာ မရှိကြလို့ပါပဲ။ အဲဒီမှာ အင်အားနည်းသွားတယ်။ သူတို့ (စကစ) လွတ်လွတ်လပ်လပ် ဝင်လို့ရတဲ့ အနေအထားမျိုး ဖြစ်သွားတယ်။ ဘာလို့လည်းဆိုတော့ တော်လှန်ရေး တပ်ဖွဲ့တွေက စခန်းသိမ်းပြီးတဲ့နောက်မှာ ကိုယ့်ဒေသကိုယ်၊ ကိုယ့်နေရာကိုယ် ပြန်ကုန်ကြပြီလေ။ စခန်းသိမ်းပြီးတဲ့နောက်မှာ မြို့ပေါ်မှာ အနည်းအကျဉ်းလောက်ပဲ ကျန်တော့တယ်။ ပြန်ကြတာများတယ်။ အင်အားကတော့ ရှိသေးပေမယ့် တော်တော်များများက ပြန်ကုန်တာဆိုတော့လေ။

ပုံစာ – ဒီပဲယင်းမြို့သိမ်းတိုက်ပွဲအပြီးတွေ့ရသော တော်လှန်ရေးတပ်ဖွဲ့များ (Photo – 96 soldiers PDF/ အညာတပ်ခွဲ)
မေး။ ။ ဒီပဲယင်းကိုပြန်ရဖို့ စစ်ကောင်စီဘက်က ဘာကြောင့်အသည်းအသန် ကြိုးစားနေတယ်လို့ သုံးသပ်ပါလဲ။
ဖြေ။ ။ သူတို့ (စကစ) က ရေဦးကို ခရိုင်အနေနဲ့ ထားတယ်လေ။ ခရိုင်မြို့နဲ့ နီးသလို မုံရွာ၊ ရွှေဘိုတို့နဲ့လည်း နီးတယ်။ ဒီပဲယင်းက သူတို့အတွက် မိန်းလိုဖြစ်နေတာကိုး။ ပြန်ရဖို့အတွက် သူတို့မဖြစ် ဖြစ်အောင်ကြိုးစားမှာပါပဲ။
မေး။ ။ ဒီပဲယင်းမြို့ လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး ပါဝင်တိုက်ခိုက်နေတဲ့ တော်လှန်ရေးအဖွဲ့အနေနဲ့ ဘာများပြောချင်ပါလဲ။
ဖြေ။ ။ ပြန်သိမ်းမှာပါ။
ရှမ်းနီအသံ ပေးပို့သည်။