“အခု တိုက်ပွဲအခြေအနေနဲ့ဆိုရင် လူငယ်တွေက များသောအားဖြင့် အလုပ်အကိုင် မရှိကြဘူး။ ကြုံရာကျပန်း လုပ်ကိုင်နေကြတယ်။ ဆယ်တန်းအောင်တွေဆိုရင်လည်း ပညာရေးဘက်ကို အားထားလို့မရဘူး။ မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်နေရတယ်” မခင်ဦးမေ (စစ်တွေမြို့နယ်မှ စစ်ဘေးရှောင်တစ်ဦး)

By MPM 17 ဖေ‌ဖော်ဝါရီ, 2026 👁 3

အာရက္ခတပ်တော် ထိန်းချုပ်ဒေသက လူငယ်များ၏ အနာဂတ်

စစ်ရေးပဋိပက္ခ အချိန်ကြာမြင့်လာသည်နှင့်အမျှ ရခိုင်ပြည်အတွင်း စီးပွားရေး ကျဆင်းမှု၊ ပညာရေးအခွင့်အလမ်း ရပ်တန့်နေမှုနှင့် အလုပ်အကိုင်အခွင့် အလမ်းရှားပါးမှုဒဏ်ကို ဒေသခံအားလုံး ရင်ဆိုင်ကြုံတွေ့နေကြရသည်။

လက်ရှိ အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် လူငယ်များ အလုပ်လက်မဲ့ တိုးလာနေပြီး တစ်ဖက်တွင်လည်း စားဝတ်နေရေးအတွက် ကြုံရာကျပန်း လုပ်ကိုင်နေရသဖြင့် အနာဂတ် ရည်မှန်းချက်များ ပျောက်ဆုံးနေကြောင်း ဆိုကြသည်။

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအတွင်း ထုတ်ပြန်ခဲ့သည့် UNDP ၏ အစီရင်ခံစာ၌ မြန်မာနိုင်ငံတွင် လူငယ် ၄ သန်းခန့် အလုပ်လက်မဲ့ဖြစ်နေပြီး ယင်းအထဲ၌ ရခိုင်ပြည်က ၄၀ ရာခိုင်နှုန်းပါဝင်သည်။

ထို့ကြောင့် လက်ရှိကြုံနေရသည့် အလုပ်အကိုင်အခွင့်အလမ်းများနှင့် ပတ်သက်၍ အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်ထဲက လူငယ်များကို DMG က တွေ့ဆုံမေးမြန်းထားသည်။

မခင်ဦးမေ (စစ်ဘေးရှောင်) စစ်တွေမြို့နယ်

ULA ပါတီရုံးတွေက ကယ်ဆယ်ရေးတွေပေးဖို့အတွက် Volunteer လုပ်ဖို့ လာခေါ်တာတွေ ရှိတယ်။ RI တို့ Triple-T တို့က Volunteer လုပ်ဖို့အတွက် လျှောက်လွှာတွေ ခေါ်လာတာ။ သူတို့က လျှောက်လွှာတွေ ပေးပြီးရင်ပြီးပြီ။ သူတို့က ခေါ်လာမှ ကျမတို့က လိုက်သွားရမှာ။ လစာတော့ မရဘူး။ ၅ ရက်စာဆိုရင် ၅ ရက်စာ ဖုန်းဘေလ်၊ စားစရိတ်၊ လမ်းစရိတ် ဒီလောက်ပဲ ပေးကြတာ။ ကျမက ကျောင်းပြီးရင် သူနာပြုလုပ်မယ်ဆိုပြီး ရည်မှန်းထားတာ။ ဒါပေမဲ့ ဒီလိုစစ်ဖြစ်နေတဲ့ အခြေအနေဆိုတော့ အကောင်အထည် မဖော်နိုင်သေးဘူး။ အလုပ်ခေါ်စာတွေ ပေးလာရင်လည်း လျှောက်ထားတယ်။ ဒါပေမဲ့ အကောင်အထည် မပေါ်သေးဘူး။

လက်ရှိ လုပ်နေရတာကတော့ Volunteer အနေနဲ့ လုပ်နေရတာ။ ပိုက်ဆံတော့ မရဘူး။ စေတနာ့ ဝန်ထမ်းတစ်ဦးအနေနဲ့ လုပ်နေရတာမို့ စားဝတ်နေရေးအတွက်ကတော့ အခက်အခဲ ရှိနေပါတယ်။ တကယ်လို့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရခဲ့မယ်ဆိုရင် ကျမတို့ရဲ့ စားဝတ်နေရေးအတွက် အဆင်ပြေတဲ့ အလုပ်အကိုင်တစ်ခု ရချင်တယ်။ အိမ်မှာက မိသားစု စားဝတ်နေရေးအခက်အခဲလည်း ရှိတယ်။ ကျန်းမာရေး၊ စားဝတ်နေရေး အခက်အခဲတွေ ရှိတယ်။ ဒီပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ လစာနဲ့ ကိုက်ညီတဲ့ အလုပ်အကိုင် တစ်ခုခုရ ချင်တယ်။

မျှော်မှန်းထားတဲ့ သူနာပြုအလုပ်နဲ့ အခုလုပ်နေရတာက မကိုက်ညီတာတော့ မှန်တယ်။ ဒါပေမယ့် Volunteer လုပ်ရတာကိုလည်း စိတ်ဝင်စားတယ်ဆိုတော့ နည်းနည်းပါးပါး အဆင်ပြေပါတယ်။ အခု တိုက်ပွဲအခြေအနေနဲ့ဆိုရင် လူငယ်တွေက များသောအားဖြင့် အလုပ်အကိုင် မရှိကြဘူး။ ကြုံရာကျပန်း လုပ်ကိုင်နေကြတယ်။ ဆယ်တန်းအောင်တွေဆိုရင်လည်း ပညာရေးဘက်ကို အားထားလို့ မရဘူး။ မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်နေရတယ်။ ပညာရေးတစ်ပိုင်းတစ်စနဲ့ လူငယ်တွေလည်း ရှိကြတယ်။ ၁၂ တန်းအောင်ထားရင်လည်း အခွင့်အလမ်းတွေ မရသေးတာတွေ ရှိတယ်။ ကျမတို့အတွက်ရော၊ ပညာရေးတစ်ပိုင်းတစ ဖြစ်နေတဲ့သူတွေအတွက်ပါ ပညာ အရည်အချင်းအလိုက် ကိုက်ညီတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ရစေချင်တယ်။

မအေးသန်းယဉ် (မြောက်ဦးမြို့နယ်)

နေရာတိုင်း အလုပ်အကိုင်ခေါ်နေတာတွေတော့ တွေ့ရတယ်။ ဥပမာ နာ့စ်(သူနာပြု) တွေ ခေါ်တယ်။ ဆေးကျောင်းတွေ ခေါ်တယ်။ ဆေးကျောင်းတွေဆိုလည်း သူ့အရည်အချင်း အလိုက်လိုအပ်တာတွေ ရှိတယ်။ နာ့စ်တွေခေါ်တယ် ဆိုရင်လည်း လျှောက်လွှာတွေ အများကြီး လျှောက်ကြတယ်။ ကျောင်း မပြီးသေးတဲ့ လူငယ်တွေလည်း အများကြီး လျှောက်ကြတယ်။ ဒီကြားထဲမှာမှ အရည်အချင်းနဲ့ ကိုက်ညီတဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ သူတွေကို ခေါ် သွားတာတွေ ရှိတယ်။ ဒါကတော့ သူတို့ရဲ့ အရည်အချင်းနဲ့ ကိုက်ပြီး ခေါ်သွားကြတာပေါ့။ ဒါပေမဲ့ ဒီပတ်ဝန်းကျင်မှာ ဆိုရင်လည်း အလုပ်အကိုင်မရှိဘဲ ရွာမှာ အိပ်လိုက်စားလိုက် ရှိနေတဲ့ လူငယ်တွေ အများကြီး မြင်တွေ့နေရတယ်။

ကျောင်းတပိုင်းတစနဲ့ ရှိနေတဲ့ လူငယ်တွေကတော့ အကျိုးစွန့်ပြီး စစ်မှုထမ်းနေတဲ့သူတွေလည်း ရှိတယ်။ တချို့ကျတော့လည်း ဌာနဆိုင်ရာတွေမှာ ဝါသနာနဲ့ ကိုက်ညီလို့ ဖြစ်ဖြစ်၊ အမျိုးမျိုးအခြေအနေကြောင့် ဝင်ရောက်သွားတဲ့ သူတွေရှိတယ်။ တချို့ဆိုလည်း ရွာမှာ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ၊ ဒီတိုင်း အနာဂတ် ပျောက်နေသူတွေကတော့ များတယ်။ ကျမဆိုရင်လည်း ဘာလုပ်ရမလဲဆိုတာ ရည်မှန်းချက်တိတိကျကျ မသိတဲ့ လူငယ်တစ်ယောက် ဖြစ်နေတယ်။

ကိုမင်းချစ်သူ (စစ်ဘေးရှောင်) စစ်တွေမြို့နယ်

ပညာရေးကတော့ chemistry ဒုတိယနှစ်ပါ။ ဒါပေမဲ့ စစ်ဘေးရှောင်လာတော့ စာမေးပွဲ မဖြေခဲ့ရဘူး။ လက်ရှိတော့ ကယ်ရီ မောင်းနေတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေကတော့ ကယ်ဆယ်ရေးစခန်းမှာ Volunteer တွေ ခေါ်တယ်။ ခေါ်တဲ့သူတွေကတော့ လျှောက်လွှာတွေ ပေးပြီး ထားခဲ့ကြတယ်။ သွားပြီးတင်ကြရင်လည်း မဖြစ်နိုင်ဘူး။ ဒါပေမယ့် အလုပ်အကိုင်အခွင့်အလမ်း ရတာတွေကတော့ နည်းပါတယ်။ Volunteer အလုပ်ကလည်း တစ်ယောက်စ၊ နှစ်ယောက်စ ရကြတာ။ အလုပ်အကိုင် အခွင့်အလမ်းတွေကတော့ လုံးဝ မရှိသလောက် ဆုံးရှုံးနေရတယ်။ ပညာတတ်ထားတဲ့ သူတွေဆိုလည်း တစ်ရက်စာ တစ်ရက်သုံးဖို့ ရှာဖွေနေရတယ်။ အခုလို စစ်ဘေးရှောင် အခြေအနေတွေမှာ လူတွေက ကျောင်းကို သိပ်အားမကိုးတော့ဘူး။ နေ့စဉ် စားဝတ်နေရေးဖက်ကိုပဲ အားထားနေကြရတယ်။

အလုပ်တွေခေါ်လာရင် လျှောက်ဖြစ်တယ်။ အခွင့်အလမ်းက နည်းပါးတဲ့အတွက် အလုပ်အကိုင်က သိပ်မရကြဘူး။ Volunteer ပါသွားတဲ့ လူတွေဆိုလည်း များသောအားဖြင့် အလုပ်အကိုင် အတွေ့အကြုံရှိတဲ့သူတွေပဲ ပါသွားကြတယ်။ ကယ်ဆယ်ရေးတွေမှာ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ပတ်သတ်လို့ ဘယ်လိုရှာကြံရမယ်။ ဘယ်လိုပြုပြင်ရမယ်ဆိုတာကို နည်းနည်းပါးပါး သင်တန်းတွေ ပို့ချပေးစေချင်တယ်။ အရင်တုန်းကတော့ တက္ကသိုလ်တက်ပြီးရင် ကွန်ပျူတာကျောင်းတို့၊ English speaking တွေ တက်ပြီး နိုင်ငံခြား အဖွဲ့အစည်းတွေမှာ လစာကောင်းကောင်းနဲ့ အလုပ်လုပ်မယ်ဆိုပြီး မျှော်မှန်းခဲ့တာတွေ ရှိတယ်။ အခုအခြေမှာတော့ မဖြစ်နိုင်တော့ဘူး။ ကျောင်းတွေကတော့ ပိတ်ထားတာကြာပြီဆိုတော့ ပညာရေးအခွင့်အလမ်းတွေတောင် အရမ်း ဆုံးရှုံးသွားပြီ။

စိတ်ထဲမှာတော့ မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားတယ်။ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘူး။ ဒါပေမယ့် မိသားစု စားဝတ်နေရေးကိုလည်း ကြည့်ရသေးတယ်။ ပညာရေးလမ်းကြောင်းက အခြေအနေ မကောင်းတော့။ ဒါပေမဲ့ ခေတ်တွေ တိုးတက်လာရင်တော့ ပြန်လို့ ရောက်နိုင်မယ်လို့ မျှော်လင့်တယ်။ အာဏာပိုင်တွေအနေနဲ့တော့ ပညာရေးပိုင်းတွေကို ပိုပြီး အားထားပေးစေချင်တယ်။ လူငယ်တုန်းကနေ အခွင့်အလမ်းတွေ ဆုံးရှုံးသွားရင် လူငယ်တွေမှာလည်း ပညာရေးလမ်းကို မလျှောက်ဖြစ်ကြရင် နောက်ဆို ပညာတတ်တွေ နည်းပါးလာပြီး တိုင်းပြည်အတွက်လည်း အခွင့်အလမ်းတွေ ဆုံးရှုံးနိုင်တယ်။ ဒါ့ကြောင့် ပညာရေးပိုင်းကို ပြည့်ပြည့်စုံစုံနဲ့ အားထားပေးစေချင်တယ်။

မမိုမိုအောင် (တောင်ကုတ်မြို့)

အလုပ်အကိုင် အခွင့်အလမ်းတွေကတော့ အစိုးရ (ULA) အနေနဲ့ ဝန်းထမ်းတွေ ခေါ်တာမျိုးတွေ ရှိတယ်။ တခြားသော အလုပ်အကိုင်တွေတော့ မရှိဘူး။ လူငယ်တွေအနေနဲ့ တစ်ခုခု စီးပွားရေးလုပ်မယ်ဆိုရင်လဲ သူတို့တွေမှာ အဟန့်အတားရှိတယ်။ ဘယ်လို အခွင့်အရေးတွေ ရလဲဆိုရင် အစိုးရအနေနဲ့ ဝန်ထမ်းတွေ ခေါ်တာမျိုးတွေ ရှိတယ်။ ဝန်ထမ်းတွေ ခေါ်ရင်လည်း သူတို့တွေအနေနဲ့ သူတို့နဲ့ နီးစပ်ရာကိုပဲ ခေါ်တာမျိုးတွေ တွေ့ရတယ်။ နောက်ပြီးတော့ အသက်မွေးဝမ်းကျောင်း ပညာအနေနဲ့ သားဖွားသင်တန်းခေါ်တာတွေ ရှိတယ်။

ဒီလိုခေါ်တဲ့အခါ သူတို့နဲ့ နီးစပ်တဲ့သူတွေ တိုက်ပွဲကာလတွေမှာ သူတို့ကို ကူညီပေးခဲ့သူတွေကို ခေါ်တာ များတယ်။ အဲဒီလို အခြေအနေမှာ လူငယ်တွေ အနေနဲ့ ယုံကြည်မှုပေးပြီး ငွေကြေးတွေ အကုန်အကျခံပြီးတော့ လျှောက်ကြတယ်။ ဒါပေမဲ့ အရည်အချင်း ရှိတယ်ဆိုရင်တောင် ပယ်ချခံရတာတွေ ရှိတယ်။ နောက်ပိုင်းဆို သူတို့တွေ အလုပ်အကိုင် တွေပေါ်လာတဲ့အခါတွေမှာလည်း ပါမှာမဟုတ်တဲ့ အတွက်ကြောင့် မလျှောက်ကြတာတွေ ရှိတယ်။

သူတို့တွေဟာ ပြင်ပ စီးပွားရေးလုပ်မယ့် အခါမှာလည်း အရင်းအနှီးအများကြီး သုံးရတယ်။ အရင်းအနှီးကလည်း သူတို့တွေမှာ ထုတ်ပေးနိုင်စွမ်း မရှိဘူး။ သူတို့တွေက ဘာလုပ်လဲဆိုတော့ အစိုးရ ဝန်ထမ်းလုပ်တယ်။ အစိုးရ ဝန်ထမ်း လုပ်တဲ့အခါမှာလည်း သူတို့တွေဟာ ဝါသနာပါတာကြောင့် လုပ်တာမဟုတ်ဘဲ အလုပ်မရှိ တာကြောင့် လုပ်တာဖြစ်နေတယ်။ ဒါကြောင့် သူတို့တွေမှာ အဆင်အပြေမှုတွေ အများကြီး တွေ့ရတယ်။ သူတို့ ဖြစ်ချင်တာနဲ့ ဖြစ်နေတဲ့ဟာ ကိုက်ညီမှု မရှိတာတွေကို တွေ့ရတယ်။ ကျမအနေနဲ့ ပြောရမယ်ဆိုရင် လူငယ်တွေကို ပညာရေးအခွင့်အလမ်းတွေ အများကြီး ပေးစေချင်ပါတယ်။ ပညာရေး အခွင့်အလမ်းတွေ များလာတာနဲ့အမျှ သူတို့တွေက ဘာကို လုပ်ရမလဲ သူတို့ရဲ့ ပန်းတိုင်က ဘာလဲ ဆိုတာကို သိလာပြီးတော့ သူတို့ရဲ့ဖြစ်ချင်တဲ့ အရာတွေကို ချပြနိုင်မယ်ထင်ပါတယ်။

ကိုစိုးနိုင်ထွန်း၊ (မြောက်ဦးမြို့)

လက်ရှိမှာ အလုပ်အကိုင်ကတော့ ဘာမှ မရှိသေးဘူးတော့ ပြောရမယ်။ ပညာရေးပိုင်းကိုတော့ အားစိုက်ဖို့တော့ လုပ်နေပါတယ်။ အရွယ်ပိုင်း အရကြည့်မယ်ဆိုရင်တော့ ကျနော်တို့ အရွယ်က ပညာသင်ရမယ့် အရွယ်ဖြစ်သေးတယ်။ နောက်တစ်ပိုင်းကတော့ အခုလက်ရှိ အခြေအနေမှာကတော့ ပြည်တွင်းမှာ စစ်ပွဲတွေ ဖြစ်နေတယ်။ ဒါကြောင့် အလုပ်ကိုင်အခွင့်အလမ်း ရှားပါးမှုတွေ ရှိနေတယ်။ ဒီလိုမျိုး နှစ်ပိုင်းတော့ မြင်မိပါတယ်။

အလုပ်အကိုင်အခွင့်အလမ်း ဆုတ်ယုတ်မှုကတော့ အများကြီး ရှိတယ်။ အရင်တုန်းကဆိုရင် နိုင်ငံရေး အခြေအနေတွေ ငြိမ်သက်နေတဲ့ အချိန်ကဆိုရင် ရင်းနှီးမြုပ်နှံမှုတွေ ရှိနေတဲ့ အခြေအနေတွေ ဖြစ်တယ်။ ကိုယ်တို့ ဒေသတွေမှာလည်း စီးပွားရေးတွေ ကူးသန်းရောင်းဝယ်ရေးတွေ ကောင်းမွန်နေတဲ့ အခြေအနေတွေဆိုတော့ လူတိုင်းနီးပါး အဆင်ပြေကြတယ်။ အခုလို စစ်ရေးကာလမှာတော့ အကုန်လုံးအခက်အခဲ ဖြစ်နေတာကြောင့် ကိုယ့်မိသားစု ဖုံလုံရေးကိုပဲ ကြိုးစားနေရတဲ့ အခြေအနေဖြစ်တော့ အလုပ်အကိုင်က အများကြီး အခက်အခဲရှိကြပါတယ်။

DMG