4 ဇွန် 2026 /

See today's Peace Related News

Homeအင်တာဗျူး“အခုသွားနေတဲ့ လမ်းကြောင်းနဲ့ပတ်သက်ပြီးတော့ အာရက္ခတပ်တော်ကို ကျနော်တို့ အများကြီး ယုံကြည်ပါတယ်။ နိုင်ငံတစ်ခုတည်ဆောက်တာနဲ့ ကျနော်တို့အစ္စလာမ်ဘာသာဝင်တွေ ဒီထက်မက ဘာသာရေး လွတ်လပ်ခွင့်ရလာမှာလို့ ထင်ပါတယ်”...

“အခုသွားနေတဲ့ လမ်းကြောင်းနဲ့ပတ်သက်ပြီးတော့ အာရက္ခတပ်တော်ကို ကျနော်တို့ အများကြီး ယုံကြည်ပါတယ်။ နိုင်ငံတစ်ခုတည်ဆောက်တာနဲ့ ကျနော်တို့အစ္စလာမ်ဘာသာဝင်တွေ ဒီထက်မက ဘာသာရေး လွတ်လပ်ခွင့်ရလာမှာလို့ ထင်ပါတယ်” ဦးမောင်မောင်စိုး/ မြောက်ဦးမြို့နယ်၊မွတ်ဆလင်ရေးရာနာယက

လူမှုသဟဇာတရှိစေရေး AA ထိန်းချုပ်မှုဒေသက မွတ်ဆလင်များ၏ဘာသာရေးဆိုင်ရာ လွတ်လပ်ခွင့်နှင့်ပတ်သက်ပြီး မြောက်ဦးမြို့နယ်၊ မွတ်ဆလင်ရေးရာနာယက ဦးမောင်မောင်စိုးနှင့် တွေ့ဆုံမေးမြန်းချက်။

ခေတ်အဆက်ဆက်အုပ်ချုပ်သူများ၏ သပ်ချိုသွေးခွဲအုပ်ချုပ်မှုတို့ကြောင့် ရခိုင်ပြည်အတွင်း လူမျိုးရေး၊ ဘာသာရေးပဋိပက္ခမျာ ဖြစ်ပွားခဲ့ပါသည်။ နှစ်ပေါင်းများစွာ အတူနေထိုင်ခဲ့ကြသူများကြားမှာ ယုံကြည်မှု များလည်း တိမ်ကောသွားခဲ့ရသည်။

လက်ရှိတွင် ချင်းပြည်နယ် ပလက်ဝမြို့အပါအဝင် ရခိုင်ပြည်အတွင်းက မြို့နယ် ၁၄ ခုအထိ သိမ်းပိုက်ထိန်းချုပ် ထားသည့် အာရက္ခတပ်တော် (AA) သည် အဆိုပါဒေသတို့တွင် ကိုယ်ပိုင်အုပ်ချုပ်ရေးယန္တရားများနှင့် မောင်းနှင် နေသလို အရောင်အသွေးစုံလင်သူများအကြား လူမှုသဟဇာတရှိစေရေး ယုံကြည်မှုများကိုလည်း ပြန်လည် တည်ဆောက် နေသည်။

အာရက္ခပြည်သူ့အစိုးရအုပ်ချုပ်မှုအောက်တွင် အစ္စလာမ်ဘာသာဝင်များ၏ ဘာသာရေးဆိုင်ရာ လွတ်လပ်ခွင့်တို့က ဘယ်လောက်ရှိနေပါလဲ။ ယခင် ခေတ်အဆက်ဆက်က အစိုးရများ အုပ်ချုပ်ခဲ့သောကာလနှင့် ဘာတွေကွာခြားမှု ရှိနေပါလဲ။ မွတ်ဆလင်များ၏ဘာသာရေးဆိုင်ရာ လွတ်လပ်ခွင့်နှင့်ပတ်သက်ပြီး မြောက်ဦးမြို့နယ်က မွတ်ဆလင်ရေးရာနာယက ဦးမောင်မောင်စိုးနှင့် တွေ့ဆုံမေးမြန်းထားသည်ကို ဖော်ပြပေးလိုက်ပါသည်။

မေး။ ။ ပထမဆုံးအနေနဲ့ ရခိုင်ပြည်အတွင်းမှာ နေထိုင်ကြတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဘာသာရေး လွတ်လပ်ခွင့်အခြေအနေကို သိပါရစေ။

ဖြေ။ ။ အရင်က သင်္ကြန်ဆိုရင် ခလဘောင်လို့ခေါ်တယ်။ အဲဒီအချိန်မှာ “ မယက” ဆီမှာ သားရေတွေလည်း ပေးရတယ်။ နွားဘယ်နှစ်ကောင် ÒဟာလာÓ လုပ်မှာလဲဆိုတာလည်း သတင်းပို့ရတယ်။ နောက်ပြီးတော့ နွားတစ်ကောင်ကို ပိုက်ဆံဘယ်နှစ်သောင်းပေးရမလဲ၊ ဒါကိုလည်း တိတိကျကျ သူတို့ဆီက စာရင်းဇယားတွေနဲ့ တောင်းတယ်။ ဘင်္ဂလားဒေ့ရှ်တို့၊ အိန္ဒိယတို့က မော်လဝီဆရာတွေ တရားဝင်လာလို့ရှိရင်လည်း သူတို့ဆီကို ငွေသိန်း ၅၀ လောက်ပေးရတယ်။ တခါတလေ အဲဒီမော်လဝီဆရာတွေ ခြောက်ပေါက်ဝင်ရတာတွေလည်း ရှိတယ်။

သူတို့ (မော်လဝီ) က ဗလီတိုင်းမှာနေတယ်။ သူတို့ကသွားရင် စစ်ကောင်စီထံသတင်းပို့ရတယ်။ ဘယ်နှစ်ယောက် လဲ။ ဘယ်ဗလီမှာနေရမလဲ။ ဘယ်နှစ်ရက် နေရမလဲ. ဒီလိုပုံစံမျိုး အခက်အခဲရှိပါတယ်။ အာရက္ခပြည်သူ့အစိုးရ လက်အောက်မှာဆိုရင်တော့ ဘာတစ်ခုမှ သတင်းပေးစရာမလိုဘူး။ မွတ်ဆလင်ရေးရာရုံး ရှိတယ်။ ရေးရာရုံးမှာ သတင်းပို့ရင် အေးအေးဆေးဆေးပါပဲ။ ကျနော်တို့ ဘာသာရေးနဲ့ပတ်သက်ပြီးတော့ လွတ်လပ်ခွင့် အများကြီး ရပါတယ်။

မေး။ ။ ဘာသာရေးပွဲတွေ ကျင်းပတဲ့အခါမှာ အရင်ကနဲ့ ဘာတွေကွာခြားတာရှိပါလဲ။

ဖြေ။ ။ အရင်တုန်းက ကျနော်တို့ဆီမှာ ဆုချီးမြှင့်ပွဲဖြစ်ဖြစ်၊ ပွဲတစ်ခုခုရှိရင် မယကဦးစီးကို ၏ဆင့်ခေါ်မယ်ဆိုရင် သူ့ကို သိန်း ၂၀၊ သိန်း ၃၀ ပေးမှဆင့်ခေါ်လို့ရတယ်။ အခုဆိုရင်တော့ အာရက္ခတပ်တော်က သူတို့ကိုဖိတ်တာနဲ့ လုံခြုံရေးပါခေါ်လာပြီး ပူးပေါင်းပါဝင်ပြီးတော့ ပွဲကို အောင်မြင်စွာလုပ်နိုင်ပါတယ်။

မေး။ ။ ဘာသာရေးအဆောက်အအုံတွေ ဆောက်တဲ့အခြေအနေကိုလည်း သိပါရစေ။

ဖြေ။ ။ မြောက်ဦးမြို့နယ်မှာ ဗလီ ၅၃ လုံးရှိတယ်။ ၅၃ လုံးမှာ ၃၅ လုံးက စစ်ကောင်စီလက်ထက်မှာ ဆောက်ခဲ့တာ။ အဲဒီအချိန်က ကျနော်တို့မှာ ဗလီတစ်လုံးဆောက်ဖို့ဆိုရင် သူတို့ (အာဏာပိုင်) ဆီမှာ စာတင်ပြီးလို့ အမိန့်ရမှ၊ အမိန့်ရရင်လည်း ပိုက်ဆံအများကြီးပေးရတယ်။ သိန်း ၃၀ ပေးရမဲ့နေရာမှာ သိန်း ၅၀ ပေးရတယ်။ အခု ဗလီ ၁၉ လုံးလောက်ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ လက်အောက်မှာဆောက်ခဲ့တာ။ ငွေလည်း တစ်ပြားမှ ပေးစရာမလိုဘူး။ သူတို့က အမိန့်ပေးတာနဲ့ အေးအေးဆေးဆေး လုပ်လို့ရပါတယ်။

မေး။ ။ ဗလီတွေဆောက်ဖို့ဆိုရင် ခွင့်ပြုချက်တွေကို ဘယ်လိုတောင်းရတာရှိပါလဲ။

ဖြေ။ ။ စစ်ကောင်စီလက်ထက်ကဆိုရင် ပထမဆုံး ကျေးရွာအုပ်ချုပ်ရေးမှူးဆီကို စာတင်ပေးရတယ်။ ဒီကနေတဆင့် မြို့နယ်ကိုတင်ပေးရတယ်။ မြို့နယ်ကတဆင့် အထက်ကို တင်ပေးရတယ်။ အဲဒီအချိန်မှာလည်း အမိန့်တစ်ခုတည်းနဲ့ ဆောက်လို့မရဘူး။ ပိုက်ဆံပေးပြီးမှ ဆောက်လို့ရတယ်။ အခုအချိန်မှာဆိုရင်တော့ အခွင့်အရေးတစ်ခုတောင်းတာနဲ့ရပါတယ်။ ပိုက်ဆံပေးစရာ တပြားမှမလိုတော့ဘူး။

စစ်ကောင်စီလက်ထက်မှာဆိုရင် အချိန်တအားဆွဲတယ်။ စရဖ ရုံးကိုသွားရတာ၊ တချို့က ထောက်လှမ်းရေးရုံးကို သွားရတာ၊ တချို့က မြို့နယ်ရုံးကိုသွားရတယ်။ နောက်ပြီးတော့ အုပ်ချုပ်ရေး၊ ရဲစခန်း အမိန့်စာယူရတယ်။ ဗလီတစ်ခုဆောက်ဖို့ဆိုရင် တစ်နှစ်၊ နှစ်နှစ်တောင် ကြာသွားတယ်။ အခုတော့ ဒီလောက်အချိန်ဆွဲစရာ မလိုတော့ဘူး။

မေး။ ။ မကြာခင်က ကုရ်အာန်အာဂုံဆောင်ဘွဲ့ဆုချီးမြှင့်ပွဲတွေ လုပ်တာတွေ့ရတယ်။ ဒီပွဲတွေနဲ့ ပတ်သက်လို့ရော ဘာတွေပြောချင်ပါလဲ။

ဖြေ။ ။ မြောက်ဦးမြို့နယ်မှာ ဘာသာရေးကျောင်း ၁၀ ကျောင်းလောက် ရှိပါတယ်။ ၁၀ ကျောင်းမှာ ကျောင်းတစ်ခုစီမှာ ဆုချီးမြှင့်ပွဲတစ်ခုစီရှိတယ်။ အရင်တုန်းကဆိုရင် ÒမယကÓ ဆီမှာ တရားဝင်စာတင်ပေးရ တယ်။ သူတို့ဆီကအမိန့်ပေးမှ ကျနော်တို့ဆုချီးမြှင့်ပွဲလုပ်လို့ရတယ်။ ဒီအချိန်မှာဆိုရင် အာရက္ခပြည်သူ့အစိုးရဆီ သတင်းပို့တာနဲ့ သူတို့ဆီကပူးပေါင်းပါဝင်ပြီးတော့ လုံခြုံရေးပါအကုန်လုံးချပေးတော့ အေးအေးဆေးဆေး လုပ်လို့ရတယ်။

မေး။ ။ အနာဂတ်ရခိုင်ပြည်တည်ဆောက်ရာမှာ ဘယ်လိုမျှော်လင့်ချက်တွေရှိပါလဲ။

ဖြေ။ ။ အခုသွားနေတဲ့ လမ်းကြောင်းနဲ့ပတ်သက်ပြီးတော့ အာရက္ခတပ်တော်ကို ကျနော်တို့ အများကြီး ယုံကြည်ပါတယ်။ နိုင်ငံတစ်ခုတည်ဆောက်တာနဲ့ ကျနော်တို့အစ္စလာမ်ဘာသာဝင်တွေ ဒီထက်မက ဘာသာရေး လွတ်လပ်ခွင့်ရလာမှာလို့ ထင်ပါတယ်။ မွတ်ဆလင်ရွာတိုင်းက ရဲတပ်ဖွဲ့မှာဝင်တာရှိတယ်။ ပြည်သူ့စစ်မှာလည်း ဝင်တာရှိတယ်။ ထောက်လှမ်းရေးမှာလည်း ဝင်တာရှိတယ်။ ကျနော်တို့လည်း နယ်မြေရုံးမှာဝင်ထားတာရှိတယ်။ ကျနော်တို့က ရခိုင်ပြည်ကနေ ဘယ်ကိုမှသွားလို့မရတော့ဘူး။ ဒီရခိုင်ပြည်မှာ မွေးဖွားတာဖြစ်လို့ လူမျိုးပေါင်းစုံနဲ့ အတူတကွနေထိုင်နိုင်ဖို့ သံယောဇဉ်ရှိလို့ နေရာတိုင်းမှာ အတူတကွနေထိုင်နိုင်ဖို့ မျှော်လင့်ပါတယ်။

မေး။ ။ ဖြည့်စွက်ပြီး ဘာပြောချင်ပါလဲ။

ဖြေ။ ။ ဒီအစိုးရကိုယုံကြည်ပြီးတော့ လမ်းကြောင်းပေါ်လျှောက်နေတဲ့အချိန်မှာ နောက်ထပ်လည်း သူတို့နဲ့ အတူတကွနေထိုင်ပြီး ဆက်လျှောက်ဖို့သံယောဇဉ်ရှိပါတယ်။ ဒီထက်မကလည်း တန်းတူအခွင့်အရေးပေးဖို့ မျှော်လင့်ပါတယ်။ စစ်ကောင်စီအစိုးရပုံစံမျိုးမဟုတ်ဘဲ အုပ်ချုပ်ရေးပိုင်းရော၊ နိုင်ငံရေးပိုင်းရော နေရာတိုင်းမှာ မွတ်ဆလင်တွေပါဝင်ပြီးတော့ ဘာသာပေါင်းစုံအတူတကွနေထိုင်နိုင်ဖို့ မျှော်လင့်ပါတယ်။

အောင်ထိန် (DMG) ပေးပို့သည်။