“အခုလို ထောင်ပတ်ဝန်းကျင် တလျောက်လုံးကို ပိတ်ဆို့တဲ့ပုံစံမျိုး ထောင်ပတ်ဝန်းကျင်မှာ တိုက်ပွဲဖြစ်တဲ့ ပုံစံမျိုးက အခုက ရှည်ကြာနေတာပေါ့နော်။ ဆိုတော့ အရင်ကထက်ကို အများကြီး ပိုပြီးဆိုးဝါးလိမ့်မယ်ဗျ။ စားနပ်ရိက္ခာအပိုင်းလည်း အလွန့်အလွန်ကို ဆိုးဝါးလိမ့်မယ်။ ကျန်းမာရေးဝန်ဆောင်မှု အပိုင်းလည်း ကျနော်ထင်တယ် လုံးဝ ပြတ်လပ်သွားပြီလို့ ထင်ပါတယ်” ကရင်နီနိုင်ငံရေး အကျဉ်းသားများအစည်းအရုံး (KPPA) ပြန်ကြားရေး တာဝန်ရှိသူတစ်ဦး

0
357
ပုံစာ - လွိုင်ကော်အကျဉ်းထောင်ရှေ့မြင်ကွင်း။ (ပုံဟောင်းဖြစ်ပါသည်)

လွိုင်ကော်အကျဉ်းထောင်တွင်းရှိအကျဉ်းသားများ လူသားဒိုင်းအဖြစ်အသုံးပြုခံရမည့်အခြေအနေများနှင့် ပတ်သက်ပြီး ကရင်နီနိုင်ငံရေး အကျဉ်းသားများအစည်းအရုံး (KPPA) ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။

လွိုင်ကော်အကျဉ်းထောင်တွင်းအခြေအနေ ပိုမိုတင်းကြပ်လာပြီး ရိက္ခာပြတ်မှာကို စိုးရိမ်နေရသည့်အပြင် အကျဉ်းသားများကို လူသားဒိုင်းအဖြစ် အသုံးပြုခံရမည်ကိုပါ စိုးရိမ်ရသည့်အခြေအနေ ဖြစ်လာနေသည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများက ပြောသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ ၁၁.၁၁ တစ်လေးလုံးစစ်ဆင်ရေး စတင်လိုက်သည့် အချိန်မှစပြီး ထောင်ဝင်စာ ပိတ်ခံထားရသည့်အပြင် ဒီဇင်ဘာလ ၁၆ ရက်နေ့ ကလည်း အကျဉ်းထောင်အနီး ကရင်နီတော်လှန်ရေး အင်အားစုများနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် အကျဉ်းသားများအတွက် စိုးရိမ်နေကြခြင်း ဖြစ်သည်။

ကရင်နီပြည်၊ လွိုင်ကော်မြို့ရှိ လွိုင်ကော်အကျဉ်းထောင်ထဲက အကျဉ်းသားများကို လူသားဒိုင်းကဲ့သို့ ပြုလုပ် သွားမည်ကို စိုးရိမ်နေရသည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများက ပြောသည်။ အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ ကရင်နီနိုင်ငံရေးအကျဉ်းသားများ အစည်းအရုံး (KPPA) ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးနှင့် ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ စစ်ကောင်စီအနေနဲ့ အစ်ကို့ကို ဖမ်းသွားပြီးနောက်မှာ ဘယ်လိုအမှုနဲ့တရားစွဲပြီး လွိုင်ကော်အကျဉ်း ထောင်မှာ အကျဉ်းချခဲ့တာလဲဗျ။

ဖြေ။ ။ စစ်ကောင်စီအနေနဲ့ ကျနော့်ကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇-၁ နဲ့ တရားစွဲပြီးတော့ အကျဉ်းချ ခဲ့တာပါ။

မေး။ ။ လောလောဆယ် လွိုင်ကော်အကျဉ်းထောင်ထဲက အကျဉ်းသားအယောက် ၅၀၀ ကျော် အတွက် အဓိက အစားအသောက်နဲ့ ဆေးဝါးတွေ ပြတ်တောက်နိုင်တယ်လို့ သတင်းတွေထွက်နေတယ်၊ အဲ့ဒီအခြေအနေကို သိချင် ပါတယ်။ နောက်ပြီး ထောင်တွင်းအတွေ့အကြုံကိုလည်း ပြောပြပေးပါ။

ဖြေ။ ။ ကျနော်တို့ကြုံခဲ့တဲ့ ၂၀၂၂ ဇန်နဝါရီလမှာဆိုရင် ကျနော်တို့ စစချင်းဆို အခန်းထဲမှာ အားလုံးကို ပိတ်လှောင်ထားလိုက်တယ်။ ရေရရှိမှုကလည်း အရမ်းကိုနည်းတယ်။ ပြီးရင် စားရသောက်ရတာလည်း အရမ်းကို အခက်အခဲ ဖြစ်တယ်ပေါ့နော။ ဘယ်လိုပြောရမလဲ ဆားတွေ အရမ်းရှားသွားတယ်။ နောက်ဆုံး စားလို့ မရဘူးပေါ့၊ သာမန်အချိန်တွေမှာ မစားကြတဲ့အရွက်ရင့်တွေကို ကျနော်တို့ စားကြရတယ် အဲ့အခြေအနေရှိတယ်။ ပြီးရင် ကျန်းမာရေး ဝန်ဆောင်မှုအပိုင်းမှာလည်း ဒီ ပုံမှန်ဆိုရင် ကျနော်တို့ ဆေးခန်းပြခွင့် ရှိတယ်ပေါ့နော၊ အဲမှာ စစ်ပွဲ ဖြစ်တဲ့ တလျောက်လုံးမှာ ကျွန်တော်တို့ ဆေးခန်းပြခွင့်မရှိတော့ဘူး၊ တစ်လလောက်လောက်ကြာမှ ဆေးခန်း တစ်ခါလောက် စတင်ပြခွင့်ရှိတာပေါ့။ အမျိုးသမီးတွေဘက်ကဆိုရင် မေ့လဲသွားလို့ အောက်ဆီဂျင်ပေးရတာတွေ အသက်ကယ်ဆေး ထိုးပေးရတာတွေ ရှိတာပေါ့နော်။ အဲလိုမျိုးတွေ ကြုံတွေ့ကြရတယ်။

မေး။ ။ ကိုယ်တိုင်ကြုံခဲ့ရတဲ့ အရင်တခေါက်က ထောင်တွင်းအခြေအနေနဲ့ ဒီတခေါက်အခြေအနေကို နှိုင်းယှဥ်ကြည့်မယ်ဆိုရင် ဘယ်အခြေအနေက ပိုဆိုးနိုင်တယ်လို့ထင်ပါလဲ။

ဖြေ။ ။ အရင်တခေါက်က ထောင်ပါတ်ဝန်းကျင်မှာ စစ်ဖြစ်တယ်ဆိုတာ စပ်ကြားစပ်ကြားပဲ ဖြစ်တာပေါ့နော်။ အဲ့လိုအခြေအနေမှာတောင်မှ စားရေးသောက်ရေး အရမ်းခက်ခဲတယ်။ ဆေးဝါးပြတ်လပ်မှုတွေလည်း ကြုံရ တာပေါ့။ အခုလို ထောင်ပတ်ဝန်းကျင် တလျောက်လုံးကို ပိတ်ဆို့တဲ့ပုံစံမျိုး ထောင်ပတ်ဝန်းကျင်မှာ တိုက်ပွဲဖြစ်တဲ့ ပုံစံမျိုးက အခုက ရှည်ကြာနေတာပေါ့နော်။ ဆိုတော့ အရင်ကထက်ကို အများကြီး ပိုပြီးဆိုးဝါးလိမ့်မယ်ဗျ။ စားနပ်ရိက္ခာအပိုင်းလည်း အလွန့်အလွန်ကို ဆိုးဝါးလိမ့်မယ်။ ကျန်းမာရေးဝန်ဆောင်မှု အပိုင်းလည်း ကျနော်ထင်တယ် လုံးဝ ပြတ်လပ်သွားပြီလို့ ထင်ပါတယ်။

မေး။ ။ စစ်ကောင်စီဘက်ကနေ လေယာဥ်အသုံးပြုပြီး ထောင်ထဲမှာ ပစ္စည်းတွေလာပို့တယ်လို့လည်း သတင်းတွေ ထွက်တယ်ပေါ့နော်။ အဲ့ဒါကရော ဟုတ်ပါလား။ ပို့တဲ့ပစ္စည်းတွေရော ဘာတွေဖြစ်နိုင်လဲ။

ဖြေ။ ။ အဲ့အခြေအနေကတော့ အဲဒီထောင်ပတ်ဝန်းကျင်အနီးနားမှာ ရောက်နေတဲ့သူတွေရဲ့ ပြောပြချက်အရ တော့ လေယာဥ်ကနေ Air drop ပုံစံမျိုးနဲ့ ချပေးတယ်လို့ ကြားရတယ်။ အဲ့ထဲမှာ ဘာတွေပါဝင်လဲဆိုတာ ကျနော့် အနေနဲ့ မခန့်မှန်းနိုင်ဘူး ဖြစ်နေတာပေါ့နော်။ အခုက လွိုင်ကော်အကျဥ်းထောင် အခြေအနေတွေနဲ့ ပတ်သက်ပြီး အကျဥ်းသား ၅၀၀ ကျော် ရှိတယ်လို့ သိရတာပေါ့နော်။ ဆိုတော့ သူတို့အတွက် ကျနော်တို့လည်း စိတ်ပူနေတယ် ပေါ့နော်။ နောက် သူတို့ရဲ့မိသားစုဝင်တွေကို ကျနော်ဆက်သွယ်ကြည့်တော့ သူတို့လည်း အရမ်းစိတ်ပူနေတယ်။ အဓိက စားဝတ်နေရေးဘက်မှာပေါ့ ရိက္ခာများပြတ်သွားမလား ထမင်းများငတ်သွားမလား ဆိုပြီးတော့မှ သူတို့ရဲ့ မိသားစုတွေက အဲ့လိုစိတ်ပူနေကြတာရှိတယ်။

မေး။ ။ ထောင်ထဲမှာ နိုင်ငံရေးအကျဥ်းသားလည်းရှိသလို နိုင်ငံရေးခံယူချက်အရ နိုင်ငံရေးအမျိုးသမီး အကျဥ်းသူတွေလည်း ပါနေတယ်ပေါ့နော်။ သူတို့အတွက်ရော ဘယ်လိုမျိုးစိတ်ပူရလဲ။ သူတို့ကရော ဘယ်လိုမျိုး အခက်ခဲတွေ ကြုံရနိုင်လဲခင်ဗျ။

ဖြေ။ ။ အမျိုးသမီးကတော့ ပိုပြီးစိတ်ပူရတာပေါ့ ၂၀၂၂တုန်းကလည်း တိုက်ပွဲဖြစ်တဲ့အချိန်မှာ အမျိုးသမီးသုံး လေးယောက်လောက်က heart attack ပုံစံ ဖြစ်ပြီးတော့ မေ့လဲကျသွားတာတွေရှိတယ်။ ပြီးတော့ အသက်ကယ်ဆေး ထိုးပေးရတာတွေ အောက်ဆီဂျင်ပေးရတာတွေ ရှိတယ်ပေါ့နော်။ ဆိုတော့ အခုလို ရှည်ကြာပြီး ဖြစ်နေတဲ့အတွက်ပေါ့ သူတို့စိတ်ပိုင်းဆိုင်ရာမှာ ထိခိုက်မှုတွေရှိခဲ့တဲ့အတွက် ပိုပြီးထိခိုက်သွားနိုင်တယ်ပေါ့နော်။

မေး။ ။ ကိုယ်တိုင် ဒီအကျဥ်းထောင်ထဲမှာ အကျဉ်းသားတစ်ယောက်အနေနဲ့ နေခဲ့ရတယ်ဆိုတော့ အဲ့ဒီတုန်းက အစ်ကို့ကို စစ်ကောင်စီဘက်ကနေပြီးတော့ အကြမ်းဖက်တာတွေ ရှိလားခင်ဗျ။ ခန္ဓာပိုင်း၊ စိတ်ပိုင်းပေါ့နော်။ ပြောလို့ရရင် ပြောပြပေးပါလား။

ဖြေ။ ။ အဲ့ဟာက ဘယ်လိုပြောမလဲ ကျနော်တို့ ဖမ်းဆီးထိန်းသိမ်းခံရတဲ့အခြေအနေက ကဏ္ဍသုံးရပ်ရှိတယ် လေနော်၊ ပထမတခုက ကျနော်တို့ကို ဒကစထဲ ထည့်ထားတယ်။ ဒုတိယတခုက မြို့မရဲစခန်းကိုပို့တယ်၊ တတိယ တစ်ခုက အကျဥ်းထောင်ကို ပို့တယ်ပေါ့နော်။ ကျနော်တို့ ဒကစထဲမှာရှိတဲ့ အချိန်မှာတော့ ကျနော်တို့ ၉ ရက် အချုပ်ခံရတယ်။ ၉ ရက်လုံးကို မျက်လုံးပိတ်ထားတယ်။ လက်ကို နောက်ပြန်ကြိုး ချည်ထားတယ်ပေါ့။
စစ်ကြောရေးမှာတော့ ရိုက်နှက်မှုတွေ ခြိမ်းခြောက်မှုတွေ သိက္ခာပိုင်းဆိုင်ရာ စော်ကားမှုတွေကို ကြုံရတယ် ပေါ့နော်။ မြို့မရဲစခန်းရောက်တော့လည်း အခွင့်အရေးအားလုံးကို ပိတ်ပင်ခံရတယ်။ ပြီးရင် ရဲတွေရဲ့ ခြိမ်း ခြောက် ပြောဆိုမှုတွေလည်း ခံရတယ်ပေါ့နော်။ စစချင်း ကျနော်တို့ ထောင်ထဲဝင်သွားတော့ ဝင်သွားတဲ့ အချိန် မှာတွေလည်း ကျနော်တို့ကို ခြိမ်းခြောက်တာတွေရှိတယ်။

ဥပမာ-ကျနော့်အစ်ကိုဆိုရင် ထောင်ထဲမှာ တိုက်သုံး လနီးပါး ပိတ်ထားတယ်ပေါ့နော်။ တစ်ယောက်တည်းဆိုတော့ အဲ့လိုအခြေအနေတွေ ရှိတယ်။ တိုက်ပွဲဖြစ်ပွားတဲ့ ကာလမှာဆိုရင်တော့ အဲ့ချိန်တုန်းကသိပ်ပြီး အကြီးကျယ် မဖြစ်တဲ့အတွက် အကျဥ်းဝန်ထမ်းတချို့ရဲ့ ခြိမ်း ခြောက် ပြောဆိုမှုကို ခံရတယ်။ သို့ပေမယ့် စစ်သားတွေကတော့ ထောင်ရဲ့ပရဝုဏ် အပြင်ဘက်မှာ ရှိတဲ့အတွက်ကြောင့် သူတို့နဲ့ ထပ်တိုက်တွေ့ဆုံမှုတော့ မရှိဘူး။ ဒါပေမယ့် အခုကာလက စစ်သားတွေလည်း ထောင်ပရဝုဏ် အတွင်းကိုလည်း ရောက်နေတဲ့သဘောမျိုးလည်း ရှိနေတယ်ပေါ့နော်။ ခြိမ်းခြောက်မှုကတော့ ရှိမှာပဲဗျ။ ဒီ ၂၀၂၂ မှာပဲ တောင်မှ ဝန်ထမ်းတွေက စိတ်မနိုင်ပဲနဲ့ ကျနော်တို့ကို ခြိမ်းခြောက်တဲ့အဆင့် ရှိတယ်ဆိုတော့ အခု ဒီကရင်နီပြည်နယ်ရဲ့ အခြေအနေအရတော့ ခြိမ်းခြောက်မှုတွေ ဖိနှိပ်မှုတွေရှိနိုင်ခြေက အရမ်းများတယ်ပေါ့နော်။

မေး။ ။ နောက်တစ်ခုကလေ ဒီလွိုင်ကော်အကျဥ်းထောင်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဥ်းသားတွေနဲ့ နောက်ဆုံး အဆက်သွယ်ရခဲ့တာက ဘယ်အချိန်လောက်ကလဲဗျ။

ဖြေ။ ။ ထောင်ထဲမှာရှိတဲ့ အကျဥ်းသားတွေနဲ့ အဆက်သွယ်ရခဲ့တာ ၁၁.၁၁ operation မစတင်ခင်မှာ အဲ့ အထိ ရခဲ့တယ်။ အဲ့အထိ ၁၁.၁၁ operation မတိုင်ခင်မှာလည်း ကျနော်တို့ အမြဲတမ်း ထောင်ဝင်စာပို့တဲ့ကိစ္စတွေ လုပ်ခဲ့ကြတာပေါ့။

မေး။ ။ နိုင်ငံရေးအကျဉ်းသားအနေနဲ့ရော လွိုင်ကော်ထောင်က လက်ရှိအကျဥ်းသားမိသားစုဝင်တွေကို ဘယ်လိုများ ပြောချင်လဲ၊ ဘယ်လိုများ အသိပေးစေချင်တာရှိလဲ။

ဖြေ။ ။ အကျဥ်းသားအားလုံးရဲ့ အခြေအနေကို ကျနော့်အနေနဲ့တော့ မပြောနိုင်ဘူးပေါ့နော်။ အကျဥ်းသားဆိုတဲ့ အထဲမှာ နိုင်ငံရေးအကျဥ်းသား ရှိမယ်။ တခြားအမှုတွေနဲ့ ရောက်နေတဲ့ အကျဥ်းသားတွေလည်း ရှိတယ်။ ပြီးတော့ ဒီဗမာ့တပ်မတော်ကနေ ပြန်ပြီးတော့ အကျဥ်းချထားတဲ့ တပ်ရင်းမှုးတွေလည်း ရှိတယ်ပေါ့နော။ ကျနော့် အနေနဲ့ကတော့ ကျနော်ပိုပြီးရင်းနှီးတဲ့ နိုင်ငံရေးအကျဥ်းသားတွေရဲ့ မိသားစုကို ပြောချင်တာကတော့ နိုင်ငံရေး အကျဥ်းသားတွေက စိတ်ဓာတ်အရမ်းကြံ့ခိုင်ပါတယ်ပေါ့။ ပြီးရင်ထောင်ထဲမှာ ရှိတဲ့အချိန်ကလည်း ကျနော်တို့ရဲ့ ရည်မှန်းချက်ကတော့ ထောင်အပြင်ကို ကျန်းကျန်းမာမာနဲ့ပဲ ပြန်လည်လွတ်မြောက်ဖို့ ရည်ရွယ်ကြတယ်။ အဲ့ဒီအတွက် သူတို့ယုံကြည်ချက်နဲ့ပဲ သူတို့အသက်ရှင်ကြမှာပါပေါ့။ နောက် ဒီအပြင်မှာ လှုပ်ရှားနေတဲ့အဖွဲ့တွေ ကလည်း နိုင်ငံရေးအကျဥ်းသားတွေ အမြန်ဆုံး အဆင်ပြေအောင် ဝိုင်းဝန်းကြိုးပမ်းကြမှာ ဖြစ်တဲ့အတွက်ပေါ့၊ အရမ်းကြီးကိုတော့ စိတ်မပူကြနဲ့ပေါ့ သူတို့အတွက်တော့ အချိန်များများပေးပြီး ဆုတောင်းပေးကြပါ။ သူတို့ရဲ့ ယုံကြည်ချက် မယိုင်လဲကျအောင် သူတို့ရဲ့ယုံကြည်ချက်နဲ့ပဲ အသက်ရှင်ကြမှာမလို့လေနော်။

မေး။ ။ လက်ရှိ လွိုင်ကော်အကျဉ်းထောင်အခြေအနေနဲ့ ပတ်သက်ပြီး သတင်းအမျိုးမျိုးထွက်နေတဲ့အပေါ် ဘာတွေများ နောက်ထပ် ဖြည့်စွက်ပြောချင်တာရှိပါသေးလဲ။

ဖြေ။ ။ အခုချိန်မှာ တိုက်ပွဲက ဘယ်လောက်ရှည်ကြာမလဲ မသိဘူးပေါ့နော်။ ထောင်ပတ်ဝန်းကျင်မှာလည်း နှစ်ဖက်အင်အားစုတွေ ရောက်ရှိနေတဲ့အတွက် အရေးပေါ် အခြေအနေပေါ့နော်။ လူသားတိုင်း အသက်ရှင် နေထိုင်ခွင့်ဆိုတဲ့ အခွင့်အရေးအရ ထောင်သားတွေ အသက်ရှင်နေထိုင်ခွင့်ရဖို့ကို ဒီ UN အောက်မှာရှိတဲ့ အဖွဲ့အစည်းတွေ အလုပ်လုပ်သင့်တယ်။ ပြီးရင် ဒီအကျဥ်းထောင်ကိစ္စရပ်တွေမှာ အမြဲတမ်း ပါဝင်လှုပ်ရှာပေးတဲ့ ICRC အဖွဲ့တွေလည်း အခုချိန်မှာ ဒီအကျဥ်းသားရေးရာကိစ္စတွေကို အာရုံစိုက်သင့်တယ်လို့ ကျနော့်အနေနဲ့ အကြံဉာဏ် ပေးချင်ပါတယ်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here