28 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“အခုမလေးရှားမှာ အမိမြေကနေတကယ်ကိုဒုက္ခရောက်ပြီး အခုမှပြောင်းရွှေ့လာကြတဲ့သူတွေ အရမ်းကိုခက်ခဲ နေတာတွေ့ရတယ်။ ဘာကြောင့်လဲဆိုတော့ မလေးရှားအစိုးရကနေပြီးတော့လည်း ဖမ်းဆီးစစ်ဆေးမှုတွေ အရမ်းလုပ်နေတယ်။ ဒီနိုင်ငံမှာက UN ကာကွယ်ပေးဖို့အတွက်...

“အခုမလေးရှားမှာ အမိမြေကနေတကယ်ကိုဒုက္ခရောက်ပြီး အခုမှပြောင်းရွှေ့လာကြတဲ့သူတွေ အရမ်းကိုခက်ခဲ နေတာတွေ့ရတယ်။ ဘာကြောင့်လဲဆိုတော့ မလေးရှားအစိုးရကနေပြီးတော့လည်း ဖမ်းဆီးစစ်ဆေးမှုတွေ အရမ်းလုပ်နေတယ်။ ဒီနိုင်ငံမှာက UN ကာကွယ်ပေးဖို့အတွက် အနည်းဆုံး ၃ နှစ်လောက်တော့ကြာတယ်။ … ပြီးတော့ ကချင်တွေဖမ်းခံရတာလည်း ၁၀၀ ဝန်းကျင်ရှိလာပြီ” Tu Tu Hkawng – အဖွဲ့တာဝန်ခံ / မလေးရှား Mungdan Ngangkang Komiti အဖွဲ့

မလေးရှားနိုင်ငံရောက်ကချင်ဒုက္ခသည်များ အမေရိကန်နိုင်ငံ၏ ဒုက္ခသည်ခေါ်ယူရေး မူဝါဒအပြောင်းအလဲကြောင့် ကြုံတွေ့နေရသည့် အခက်အခဲများနှင့်ပတ်သက်ပြီး မလေးရှားနိုင်ငံ Mungdan Ngangkang Komiti အဖွဲ့ တာဝန်ခံ Tu Tu Hkawng နှင့် ဆက်သွယ်မေးမြန်းချက်။

မလေးရှားနိုင်ငံတွင် တတိယနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ရန် စောင့်ဆိုင်းနေကြသည့် မြန်မာနိုင်ငံသား အများအပြားရှိပြီး ၎င်းတို့ထဲတွင် တရားဝင်အထောက်အထားနှင့် နေထိုင်သူများရှိသလို တရားမဝင်ပုံစုံမျိုးနှင့် နေထိုင်ပြီး အဖမ်းခံရသူများလည်း ရှိနေသည်။

UNHCR (ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး) ဖော်ပြချက်အရ ၂၀၂၅ ဇန်နဝါရီလကုန်ပိုင်း အထိ မလေးရှားနိုင်ငံတွင် UNHCR မှတ်ပုံတင်ထားသည့် မြန်မာနိုင်ငံသားဒုက္ခသည်နှင့် နိုင်ငံရေးခိုလှုံနေသူ ၁၇၀,၉၂၀ ဦး အထိရှိသည်ဟု ဆိုသည်။

ယင်းတို့ထဲတွင် မြန်မာနိုင်ငံမှထွက်လာကြသည့် ရိုဟင်ဂျာ ၁၁၁,၉၈၀ ဦး၊ ချင်းလူမျိုး ၂၇,၇၉၀ ဦး နှင့် ကျန် ၃၁,၁၄၀ ဦးတို့သည် စစ်မက်ဖြစ်ပွားရာ ဒေသများကနေ ပြောင်းရွေ့ခိုလှုံလာသူများဖြစ်ကြောင်း သိရသည်။

Kachin Refugee Committee အဖွဲ့ ပြောကြားချက်အရ ကချင်လူမျိုး ၈ ထောင်ကျော်ရှိကြောင်းနှင့် မြေပြင် အခြေအနေတွင် ယခုထက်မက များနိုင်သည်ဟု ဆိုပါသည်။

၂၀၂၄ ခုနှစ်က အမေရိကန်နိုင်ငံကို ဒုက္ခသည်ပေါင်း ၁၂၅,၀၀၀ ကို ဝင်ခွင့်ပြုခဲ့သည်ဟု Refugee Council USA ဖော်ပြထားပေမယ့် ယခု ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၀ ရက်နေ့က အမေရိကန်သမ္မတဒေါ်နယ်ထရန့် သမ္မတတာဝန်ကို တရားဝင်စတင်ထမ်းဆောင်ချိန်မှာပင် ဒုက္ခသည်ခေါ်ယူရေး အစီအစဉ်ကို ရပ်တန့်ခဲ့ပါသည်။

ထိုသို့ရပ်တန့်မှုကြောင့် အမေရိကန်ကိုသွားရောက်ရန် မလေးရှားနိုင်ငံတွင် ရောက်ရှိနေကြသည့် ကချင်လူမျိုးများ အပါအဝင် မြန်မာဒုက္ခသည်များ ရင်ဆိုင်နေကြရသည့် အခက်အခဲများနှင့်ပတ်သက်ပြီး မလေးရှား Mungdan Ngangkang Komiti အဖွဲ့တာဝန်ခံ Tu Tu Hkawng (တူးတူးခေါင်) ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ပထမဆုံးအနေနဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်က သမ္မတတာဝန်ကို တရားဝင်စတင်ထမ်းဆောင် ချိန်မှာပဲ ဒုက္ခသည်တွေကိုခေါ်ယူတဲ့ အစီအစဉ်တွေကို ရပ်တန့်လိုက်တာကြောင့် မလေးရှားနိုင်ငံမှာရှိနေတဲ့ ကချင်ဒုက္ခသည်တွေ အခြေအနေက ဘယ်လိုရှိနေပါလဲ။

ဖြေ။ ။ အခုအခြေအနေက အမိမြေကနေ ဒုက္ခရောက်ပြီးရောက်လာကြတဲ့သူတွေအတွက် ဘာတွေဖြစ်လာမယ် ဆိုတာကိုလည်း သေချာမသိရဘူး။ တချို့ဆိုရင် စိတ်ဓာတ်ကျသွားတာမျိုးတွေကို တွေ့ရတယ်။ သမ္မတဂျိုးဘိုင်ဒန် လက်ထက်မှာတော့ လမ်းတွေဖွင့်ပေးတယ်။ အကုန်လုံးကလည်း သွားဖို့ပြင်ဆင်နေကြတာပေါ့။

ဒါပေမယ့်လည်း အခုလို ရုတ်တရက်ပြန်ပိတ်လိုက်တော့ များသောအားဖြင့် ၁၀ နှစ်ကျော်ကြာ စောင့်နေရတဲ့ သူတွေအတွက်တော့ အရမ်းကိုခက်ခဲတဲ့ အခြေအနေတွေဖြစ်သွားတာပေါ့။ အမေရိကန်တိုင်းပြည်က ကမ္ဘာမှာ ဒုက္ခသည်အများဆုံး ခေါ်ယူတဲ့ တိုင်းပြည်ဆိုတော့ အရင်တုန်းက ပထမဆုံးအကြိမ်ခေါ်ခဲ့တုန်းကလည်း ၁၀ နှစ် ကျော်ကြာ ကြာခဲ့တယ်။ ခုလိုလမ်းတွေပြန်ဖွင့်လာတဲ့အချိန်မျိုးမှာ ရုတ်တရက်ပြန်ပိတ်သွားတော့ လူတစ်ယောက် အတွက် အရမ်းကို ထိခိုက်နစ်နာသွားတာမျိုးတွေကို တွေ့ရပါတယ်။

မေး။ ။ ဒေါ်နယ်ထရန့်လက်ထက် နိုင်ငံရေး၊ စီးပွားရေးကဏ္ဍ ဘယ်လိုဖြစ်လာနိုင်မယ်လို့ မြင်မိလဲဗျ။

ဖြေ။ ။ သူ့တိုင်းပြည်အတွက်ကောင်းပေမယ့်လို့ ကမ္ဘာမှာဖြစ်ပျက်နေတဲ့ လူသားချင်းစာနာမှုတွေ၊ လူသားမျိုးနွယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ တရားမျှတမှုလိုအရာတွေကို ဦးဆောင်တဲ့နေရာတွေမှာ နောက်ကို ပြန်ဆုတ်သွားတယ်လို့ မြင်တယ်။ တရုတ်နဲ့ အိမ်နီးနားချင်းဖြစ်တဲ့ ကျွန်တော်တို့လိုနိုင်ငံတွေဆိုရင် အမေရိကန် နိုင်ငံကနေပြီးတော့ ကမ္ဘာကိုဦးဆောင်တဲ့နေရာမှာ နောက်ဆုတ်သွားရင် တရုတ်ရဲ့အင်အားကြီးလာပြီး ကျွန်တော်တို့ဆီမှာ ကွန်မြူနစ်စနစ် လွှမ်းမိုးလာမှာမျိုးတွေက စိုးရိမ်စရာတွေဖြစ်တယ်။ ကျွန်တော်တို့တိုင်းပြည် ရှေ့ရေးအတွက် အရမ်းခက်ခဲလာတယ်။ အခု HIV ပိုးထိပြီး ဆေးစားနေတဲ့သူတွေအတွက် ချက်ချင်းထိခိုက်နစ်နာမှု တွေ ရှိလာတာကိုတွေ့ရတယ်။

ပြီးတော့ နိုင်ငံခြားမှာ ကျောင်းတက်နေတဲ့သူတွေအတွက်လည်း ပညာသင်ဆု ရပ်တန့်လိုက်တာဖြစ်တဲ့အတွက် ပြန်လာရမလို မပြန်ဘဲနေနေရမလိုနဲ့ အဆင်မပြေဖြစ်နေကြတယ်။ ဒါကြောင့် သူတိုင်းပြည်အတွက် ကောင်းပေမယ့် မဖွံ့ဖြိုးသေးတဲ့ ချို့တဲ့တဲ့တိုင်းပြည်တွေအတွက် အရမ်းထိခိုက်နစ်နာသွားတာကို တွေ့ရပါတယ်။ ဒါအပြင် တချို့ပေါ်လဆီတွေဆိုရင် သူတို့လိုဘီလီယံနာ ချမ်းသာတဲ့သူတွေကိုသာနေရာပေးပြီး လုပ်ဆောင်တာ ကို တွေ့ရတယ်။ ဒါကြောင့် ဘယ်လိုဖြစ်လာမလဲဆိုတာကို ပြောဖို့တော့စောသေးတယ်။ မတူညီတဲ့လူမျိုးတွေကို ပိုပြီးစုရုံးနိုင်ဖို့ အတွက်ကတော့ လူသားချင်းစာနာထောက်ထားမှုက ပိုအရေးကြီးတယ်လို့မြင်မိပါတယ်။

မေး။ ။ မလေးရှားမှာရှိနေတဲ့ ဒုက္ခသည်တွေ ကလေး၊ လူငယ်၊ သက်ကြီးရွယ်အိုတွေအတွက် ပညာရေး၊ စီးပွားရေးစတဲ့ အနာဂတ်အခွင့်အလမ်းတွေ ဘယ်လိုထိခိုက်ရှုံးဆုံးမှုတွေ ဖြစ်စေပါလဲ။

ဖြေ။ ။ အခုမလေးရှားမှာ အမိမြေကနေတကယ်ကိုဒုက္ခရောက်ပြီး အခုမှပြောင်းရွှေ့လာကြတဲ့သူတွေ အရမ်းကို ခက်ခဲနေတာတွေ့ရတယ်။ ဘာကြောင့်လဲဆိုတော့ မလေးရှားအစိုးရကနေပြီးတော့လည်း ဖမ်းဆီးစစ်ဆေးမှုတွေ အရမ်းလုပ်နေတယ်။ ဒီနိုင်ငံမှာက UN ကာကွယ်ပေးဖို့အတွက် အနည်းဆုံး ၃ နှစ်လောက်တော့ ကြာတယ်။ တစ်ယောက်နဲ့တစ်ယောက်ရဲ့ အခြေအနေပေါ်မူတည်ပြီး ကာကွယ်စောင့်ရှောက်ပေးတဲ့ပုံစံလည်း မတူဘူး။ ပြီးတော့ ကချင်တွေဖမ်းခံရတာလည်း ၁၀၀ ဝန်းကျင်ရှိလာပြီ။ မြန်မာနိုင်ငံပြန်ဖို့အတွက်လည်း အကြမ်းဖက် စစ်ကောင်စီက ပေါ်တာဆွဲနေတာကိုတွေ့ရတယ်။ အသက်ကြီးပြီးရောက်လာတဲ့သူတွေ အတွက်ကတော့ ပိုပြီး ခက်တာပေါ့။

ကျောင်းလာတက်ဖို့ အတွက်တော့၊ ဘာလို့လဲဆိုတော့ ဒီမှာနေရင်က အိမ်လခတွေပေးရတယ်။ ဒါကြောင့် အလုပ်ဘက်ကိုဘဲ ပိုရောက်သွားကြတာပေါ့။ သက်ကြီးရွယ်အိုတွေအတွက်လည်း တော်တော်ခက် သွားတာကို တွေ့ရတယ်။ အဲဒီထဲမှာမှ ကျန်းမာရေးမကောင်းတဲ့သူတွေပေါ့။ ဥပမာ ကျောက်ကပ်ဆေးနေရတဲ့ သူတွေဆိုရင် ကျပ်ငွေ ၁၀ သိန်း လောက်ပေးရတယ်။ ပုံမှန်အားဖြင့် အမေရိကန်နိုင်ငံကိုသွားဖို့က အဲလို လူမျိုးတွေကို ဦးစားပေးတာပေါ့ ။ ဒါပေမယ့်လည်း ခုလိုခေါ်မယ့်အစီအစဉ်တွေကို ရပ်တန့်လိုက်တော့ သူတို့အတွက်လည်း တော်တော်ခက်ခဲသွားတယ်။

မေး။ ။ အရင်တုန်းကလည်း အမေရိကန်နိုင်ငံသွားနိုင်ဖို့ အချိန်အကြာကြီးပိတ်ခဲ့တဲ့ကာလတွေလည်း ရှိခဲ့ဖူးတယ်ဆိုတော့ အဲဒီတုန်းကအခြေအနေတွေနဲ့ အခုအခြေအနေတွေက ဘာတွေကွာခြားပါလဲဗျ။

ဖြေ။ ။ လက်ရှိတွေ့ရတာကတော့ အကုန်လုံးက သွားဖို့ပြင်ဆင်နေရင်းတန်းလန်းနဲ့ သွားဖို့ကို ပိတ်ပင်ခံလိုက် ရတော့ စိတ်ဓာတ်ကျနေတာကို တွေ့ရတယ်။ ပြုံးတောင် မပြုံးနိုင်ကြတော့ဘူး၊ အရင်တုန်းကလိုတော့ အားလုံး ပိတ်ပင်လိုက်တာတော့ မဟုတ်ဘူး။ သွားလို့တော့ ရနေသေးတယ်။ ဒါပေမယ့် မိသားစုတွေကိုခေါ်လို့မရဘူး ဖြစ်သွားတာပေါ့။

အရင်တုန်းကဆို မိသားစုဝင်တစ်ယောက်ယောက် အဖေဖြစ်ဖြစ်အမေဖြစ်ဖြစ် အရင်ရောက်နေပြီးတော့ မိသားစုတွေကို ပြန်ခေါ်ကြတယ်။ ဒါပေမယ့် အခုတော့ အဲလိုမရတော့ဘူးပေါ့။ တခြား ဥရောပနိုင်ငံတွေကနေ ပြီးတော့လည်း ခေါ်တော့ခေါ်ကြပေမယ့် အမေရိကန်နိုင်ငံလောက်က မများဘူး။ ဘာပဲပြောပြော ဒေါ်နယ်ထရန့် က လေးနှစ်ပဲဆိုတော့ အဲဒီနောက်လည်း တမျိုးပြန်ပြောင်းသွားနိုင်တယ်။ ဒါကြောင့် စိတ်ဓာတ်မကျဘဲ လုပ်စရာ ရှိတာကို လုပ်စေချင်တယ်။

မေး။ ။ အခုလို မလေးရှားမှာ အဖမ်းအဆီးတွေများနေတဲ့အချိန် ဘယ်လိုဆင်ခြင်ပြီးနေထိုင်ကြပါလဲ။

ဖြေ။ ။ ကိုယ်က သူများနိုင်ငံမှာနေလို့ရှိရင် ပတ်ဝန်းကျင်မှာ ကိုယ်ကြောင့်သူများအကျိုးရှိအောင် နေတတ်ရ မယ်။ များသောအားဖြင့် သူတို့နိုင်ငံသားတွေက နေ့အလုပ်လုပ်ပြီး ညအိပ်တာဖြစ်ပေမယ့် မြန်မာနိုင်ငံသားတွေက ညအလုပ်လုပ်ကြတော့ ဘေးပတ်ဝန်းကျင်အိမ်တွေက အရမ်းနီးတော့ ညပြန်ရောက်လာပြီး ဆူညံတာတွေ လုပ်တာမျိုးကို ရှောင်ရမှာပေါ့။

ကိုယ့်လွတ်လပ်ခွင့်ဆိုပေမယ့် သူများရဲ့လွတ်လပ်ခွင့်ကို မထိပါးအောင် ဆင်ခြင်နေထိုင်ရမယ်။ ပြီးတော့ သောက်စားမူးယစ်ပြီး ရမ်းကားတာမျိုးတွေမလုပ်ရင် ကောင်းပါတယ်။ တချို့သောက်စားမူးယစ်တဲ့ ဖမ်းဆီး စစ်ဆေးရင်းနဲ့ နေရင်းထိုင်ရင်း ကောင်းကောင်းမွန်မွန်နေနေတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း ပြန်ဖမ်းမိပြီး အိမ်ပြန်ပို့ခံရတာတွေလည်း ရှိပါတယ်။ ဒါကြောင့် သူများနိုင်ငံမှာနေရင် နှိမ့်ချပြီးကြိးစားရပါမယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ ဖြည့်စွက်ပြောချင်တာများ ရှိရင်ပြောပေးပါအုံး။

ဖြေ။ ။ ဒီနိုင်ငံကို ရောက်ရှိလာတဲ့သူတွေထဲမှာ လူငယ်တွေပိုများတာကို တွေ့ရပါတယ်။ များသောအားဖြင့် နိုင်ငံရေးမကောင်းတဲ့အတွက် အခွင့်အလမ်းရှားပါးပြီး ရောက်လာကြသူတွေဖြစ်ပါတယ်။ တချို့ နိုင်ငံခြားရောက် သွားတဲ့လူငယ်တွေကိုလည်း အပြစ်မတင်စေချင်ဘူး။ အကုန်လုံးက ရွေးချယ်စရာတွေ ရှားပါးနေတဲ့အတွက် ဖြစ်တယ်။ ပြီးတော့ စစ်ဘေးဒဏ်တွေကြောင့် အလုပ်အကိုင်ရှားပါးပြီး အစားအသောက် အကူအညီလိုတဲ့ အခါမျိုးတွေမှာ နိုင်ငံခြားကလူငယ်တွေက အလုပ်လုပ်ပြီး အားလုံးဝိုင်းဝန်းပြီး ပြန်လည်ထောက်ပံ့ကြတယ်။

ဒါလည်း အမျိုးသားရေးလုပ်တာပဲလို့ မြင်တယ်။ လူငယ်တွေကိုအားပေးချင်တာက ကိုယ်ကလက်နက်ကိုင်ပြီး တော်လှန်ရေးမှာ ပါဝင်မယ်ဆိုလည်းရတယ်။ ဒါမှမဟုတ် နိုင်ငံခြားမှာအလုပ်လုပ်ပြီး ရတဲ့လုပ်ခထဲက ကူညီတာမျိုးဖြစ်ဖြစ် ကိုယ်အဆင်ပြေတဲ့ဘက်ကနေ ပါဝင်ကူညီလို့ ရတယ်ဆိုတာပါပဲ။ နောက်တချိန်မှာလည်း ကိုယ်ဒေသကိုပြန်သွားပြီး လိုအပ်တဲ့ဒေသဖွံ့ဖြိုးရေးတွေမှာ ပါဝင်ကူညီဖို့အတွက်လည်း ပြင်ဆင်ထားရပါမယ်။

KNG ပေးပို့သည်။